ဖုန်းများမှတစ်ဆင့် မြန်မာကျပ်ငွေဖြင့် နိုင်ငံခြားသို့ ဖုန်းခေါ်ဆိုနိုင်ပြီ



မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်းဖုန်း အသုံးပြုသူများ အတွက် ပိုမို အဆင်ပြေစေရန် အတွက် ရည်ရွယ်၍ ပြည်တွင်းဖုန်းများမှ နိုင်ငံခြားသို့ ဖုန်းခေါ်ဆိုခများကို မြန်မာကျပ်ငွေများဖြင့် စတင် ခေါ်ဆိုနိုင်ပြီ ဖြစ်ကြောင်း  သိရသည်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ဝန်ဆောင်မှု ပေးထားသည့် GSM နှင့် WCDMA (3G) ဖုန်းများကို ဇွန်လ ၁ ရက်နေ့မှ စတင်ကာ မြန်မာကျပ်ငွေဖြင့် စတင် ခေါ်ဆိုနိုင်ပြီဖြစ်ပြီး အခြားဖုန်းများ ဖြစ်သော CDMA 800 MHz, CDMA 450 MHz နှင့် အော်တို တယ်လီဖုန်းများတွင် အသုံးပြုခွင့် ရနိုင်ဦးမည် မဟုတ်သေးကြောင်းနှင့် မကြာမီအချိန်တွင် စတင်ကာ ရရှိတော့မည်ဖြစ်ကြောင်း သိရသည်။ ထိုကဲ့သို့ မြန်မာကျပ်ငွေဖြင့် စတင်ပြောင်းလဲ ကောက်ခံခြင်းမှာ ပိုမိုကောင်းမွန်သည့် စနစ်တစ်ခုဖြစ်ကြောင်း စမ်းသပ်သုံးစွဲသူ တစ်ချို့က ပြောကြားသည်။

"ဒါအမှန်တော့ ဖြစ်သင့်တာ ကြာပြီလို့ပြောရမယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ နိုင်ငံခြားခေါ်ဆိုမှု အတွက်ဆိုပြီး FEC ငွေကဒ်တွေကို ထုတ်ပေးထားတယ်။ ယခု FEC က တရားဝင် ပြန်သိမ်းနေပြီဆိုတော့ အဲဒီနေရာမှာ အစားထိုးတဲ့အနေနဲ့ လုပ်တာလို့ထင်တယ်။ ဘာပဲဖြစ်ဖြစ် ယခုလို မြန်မာငွေနဲ့ ပြောင်းလဲကောက်ခံတာ ကောင်းတယ်လို့ ဆိုရမယ်။ ဈေးနှုန်းတွေကိုလည်း နိုင်ငံတကာ စံနှုန်းတွေအတိုင်း လျော့ချပေးမယ် ဆိုရင်တော့ ပိုကောင်းလာပါလိမ့်မယ်" ဟု အင်တာနက်ဆိုင်လုပ်ငန်း လုပ်ကိုင်နေသည့်သူ တစ်ဦးမှ ပြောကြားခဲ့သည်။ နိုင်ငံခြားခေါ်ဆိုမှုများ အတွက် မြန်မာကျပ်ငွေဖြင့် ပြောင်းလဲကောက်ခံခြင်းကို Prepaid Card စနစ်ကို အသုံးပြုသော ဖုန်းများအပြင် ယခင် FEC ငွေဖြည့်ကဒ်များကို ထည့်သွင်း အသုံးပြုသူများ အနေဖြင့် မူလအတိုင်း FEC ကို ပုံမှန်အတိုင်း ကုန်အောင် သုံးစွဲနိုင်မည်ဖြစ်ပြီး ကုန်သွားမှသာ မြန်မာကျပ်ငွေဖြင့် ပြောင်းလဲကောက်ခံမည် ဖြစ်ကြောင်းလည်း သိရသည်။

ထိုကဲ့သို့ မြန်မာကျပ်ငွေဖြင့် ပြောင်းလဲမှုကို ယခုလ ၁ ရက်နေ့မှ စတင်ခြင်းဖြစ်ပြီး ထိုကဲ့သို့ စတင် ပြောင်းလဲမှုများကြောင့် ပြည်တွင်းဖုန်းခေါ်ဆိုခ များမှာလည်း တစ်မိနစ်ကို ၆ ကျပ်၊ ၇ ကျပ်၊ ၈ ကျပ် အစရှိသဖြင့်သာ လျော့နည်းဖြတ်တောက် ထားခြင်းများ ဖြစ်ပေါ်လာသည့်အတွက် Facebook လူမှုကွန်ယက် အသုံးပြုသူများအကြား သတင်းများပျံ့နှံ့ကာ ချက်ချင်းအများသူငါများ သိရှိခဲ့သည်။ သို့သော်လည်း အဆိုပါ အဖြစ်အပျက်ကို မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူများ အချိန်မီသိရှိကာ ပြန်လည်ပြုပြင်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် နေ့လည်ပိုင်းတွင် မူလပုံမှန်အတိုင်း တစ်မိနစ်လျှင် ငွေကျပ် ၅၀ ဖြင့်သာ ပြန်လည်ကောက်ခံလျှက် ရှိကြောင်း သိရသည်။ ယခုကဲ့သို့ ပြောင်းလဲကောက်ခံရာတွင် ပြည်ပ နိုင်ငံတော်တော်များများကို နှုန်းထားတူဖြစ်သည့် တစ်မိနစ် ၉၀၀ ကျပ် (သို့) ကန်ဒေါ်လာ ၀.၉၀ ပြားနှင့် ကောက်ခံလျှက်ရှိပြီး တစ်ချို့နိုင်ငံများ အတွက်ကတော့ ဈေးနှုန်းများ ကွာခြားနိုင်ကြောင်း Elite Tech Group ၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။ ထို့အပြင် လက်ရှိအချိန်တွင် ဖုန်းခေါ်ဆိုခများအဖြစ် အော်တိုတယ်လီဖုန်းများ အတွက် မြို့တွင်း တစ်မိနစ်ကို ၁၅ ကျပ်၊ နယ်ကို ၂၅ ကျပ်နှင့် မိုဘိုင်းဖုန်းများအားလုံး တစ်မိနစ် ၅၀ ကျပ် ကောက်ခံလျှက်ရှိသည်။

ဇေယျာ

0 comments: