Galaxy S4 နှင့် Sony Xperia Z တို့ ထိပ်တိုက်တွေ့သည့်ပွဲဝယ်



Photo
မိုဘိုင်းဖုန်းလောကတွင် iPhone ပြီးသည့်နောက် Samsung ၏ ထုတ်ကုန်များသည် အငြင်းပွားဖွယ်မရှိ အောင်မြင်သူ ဖြစ်ပါသည်။  ပြီးခဲ့သည့် ၂၀၁၂ နှစ်ဝက်ကျိုးသည်အထိ Android နယ်မြေတွင် Samsung Galaxy series handset တို့သည် ထိပ်ဆုံးနေရာတွင် ရှိသည်။ သို့သော် Sony သည် ၂၀၁၂ နှစ်ကုန်ပိုင်းတွင် Xperia Series ဖြင့် ထိုးဖောက်ထွက်ရန် ကြိုးစားလာပါသည်။

၂၀၁၃ နွေဦးရာသီ၌ Sony Xperia Z သည် Android လောကတွင် ထင်ရှားသော handset တစ်လုံး ဖြစ်လာခဲ့သည်။ ထိုသို့ ထင်ရှားလာ၍ မကြာသေး Samsung ၏ နာမည်ကျော် Galaxy Series ထဲမှ S4 ထွက်လာသည်။ ကျပ်ခြောက်သိန်းဝန်းကျင် handset များဖြစ်၍ ဈေးနှုန်းအရ တစ်ဦးအပေါ် တစ်ဦးအသားစီး ရသည်ဟုကား မဆိုသာ။ သို့သော် အများအမြင်တွင် Xperia Z သည် အောက်စီးမှ ယှဉ်ပြိုင်ရသလို ဖြစ်နေသည်။

တကယ်တမ်းတွင် Xperia Z သည် ပညာရှင်များ၏ သုံးသပ်ချက်အရ အကောင်းဆုံး တန်းဝင် Android handset တစ်ခုဟု ဆိုနိုင်ပြီး အကဲဖြတ်ချက် ရမှတ်ကောင်းသည့်ပြင် ဈေးကွက်၌ လူကြိုက်များသော ပစ္စည်းတစ်ခုလည်း ဖြစ်ပါသည်။ Samsung မှာမူ Galaxy S3 ဖြင့် အောင်မြင်မှု တံခွန်စိုက်ထူခဲ့ပြီး ဖြစ်၍ S4 တွင် ပို၍သာ ကောင်းလာမည်ဟု ထင်စရာရှိသည်။ သို့ရာတွင် S4 မှာ အားနည်းချက် အချို့ရှိနေသလို Xperia က အားကောင်းသာလွန်နေသော နေရာများလည်း ရှိပါသည်။ ထို handset နှစ်မျိုး၏ အားပြိုင်မှု အနေအထားကို အောက်ပါအတိုင်း တွေ့ရပါမည်။

ကိုယ်ထည်တည်ဆောက်ပုံ

Galaxy S လိုင်းအတွက် Samsung သည် ကိုယ်ထည်တည်ဆောက်ပုံကို အပြီးတိုင် သတ်မှတ်ခဲ့သည်။ အရွယ်အစားကြီးမားသော ကိုယ်ထည်တည်ဆောက်ပုံကိုလည်း ထည့်တွက်ဟန် တူသည်။ ထို့ကြောင့် Galaxy သည်လည်းကောင်း S3 သည်လည်းကောင်း S4 သည်လည်းကောင်း ပလပ်စတစ်ကိုယ်ထည်ဖြင့် လာပါသည်။ ယင်းကိုယ်ထည်ကြောင့်ပင်လျှင် S4 သည် S3 ထက် မျက်နှာပြင် အရွယ်အစား ကြီးမားသော်လည်း ကိုယ်အလေးချိန် ပေါ့ပါးခြင်း ဖြစ်တန်ရာသည်။ ထို့ပြင် S4 သည် S3 ထက်လည်း ပိုမို၍ ပါးလွှာပါသည်။

ပလပ်စတစ် ကိုယ်ထည်ကြောင့် S4 ၏ အရည်အသွေးကို လျော့မတွက်သင့်ပါ။ ယင်းသည် မျက်နှာပြင် အရွယ်အစား ကြီးသော handset အားလုံး (Xperia Z) အပါအဝင် အထဲတွင် S4 သည် ကိုင်ရတွယ်ရ သက်တောင့်သက်သာ အရှိဆုံး ပစ္စည်းဖြစ်နေပါသေးသည်။ S4 သည် သူ၏ ဒီဇိုင်းနှင့် ကိုယ်ထည်တည်ဆောက်ထားပုံတို့ ညီညွတ်မျှတနေသည်မှာ အငြင်းပွားဖွယ် မရှိပါ။ ထိုနေရာတွင် သူ၏ပြိုင်ဘက် အားလုံးသည် သူ့ထက်ပိုပြီး ပေါ်လွင်ထင်ရှားရန် မဖြစ်နိုင်တော့ပါ။ ယင်းသည်ပင်လျှင် S4 ၏ အားသာချက် တစ်ရပ် ဖြစ်လာပါသည်။

S4 ဤမျှ အားကောင်းနေသော်လည်း Xperia Z က ဆွဲဆောင်မှု မရှိဟု ဆိုလိုခြင်း မဟုတ်ပါ။ အဆက်အစပ်မပါ တညီတညာတည်းသော သတ္ထုဖြင့် ပြုလုပ်ထားပုံ ပေါက်နေသည့် Xperia Z ၏ အနက်ရောင် ကိုယ်ထည်ကလည်း မြင်ရသည်နှင့်ပင် စိတ်လှုပ်ရှားဖွယ် ကောင်းပါသည်။ လေးထောင့်ဆန်ဆန် တည်ဆောက်ပုံ၊ ဖန်သားဖြင့် ပြုလုပ်ထားသော မျက်နှာပြင်၊ ငွေရောင်ပါဝါ အဖွင့်အပိတ်ခလုတ်နှင့် သွယ်လျသော ဒီဇိုင်းက စားသုံးသူ အတော်များများကို ဆွဲဆောင်နိုင်ရန် သေချာပါသည်။

တစ်ဖက်တွင်မူ S4 သည် ဒီဇိုင်းပိုင်းနှင့် ပတ်သက်လျှင် S3 ထက် အရွယ်အစား ပိုကြီးလာသည်ကလွဲပြီး အတူတူပါပဲဟု ဆိုကောင်းဆိုလာနိုင်သည်။ မြင်နေကျ ဒီဇိုင်းကြောင့် S3 ကိုင်လာသူများအတွက်မူ S4 သည် ထူးပြီးစွဲဆောင်နိုင်ဖွယ်ရာ မမြင်ပါ။ ဤသို့ဆို၍ S4 သည် S3 ထက်စာလျှင် မည်သို့မျှ ပိုကောင်းအောင် ပြုလုပ်ထားခြင်း မရှိဟု ဆိုလိုခြင်း မဟုတ်ပါ။ မျက်နှာပြင် အရွယ်အစား ပိုကြီးလာသော်လည်း ပို၍ ကျစ်လစ်သည်၊ ပို၍ ပေါ့ပါးသည်။ ကိုယ်ထည်ပေါ်မှာ မပါမဖြစ် တပ်ဆင်ပေးရသော ခလုတ်လေးများကလည်း ပို၍ ပါးပါးလျလျ ရှိလာသည်။

အပြင်ပန်း အမြင်ဖြင့် ကြည့်မည်ဆိုလျှင် Xperia Z ၏ သွင်ပြင်က ပို၍ ခန့်ထည်ပြီး စိတ်အာရုံခံစားမှုကို ပေးနိုင်သည်။ S4 သည် ပလပ်စတစ်ဖြင့် ပြုလုပ်ထားသောကြောင့် ယင်းကို တောက်ပြောင်လာအောင် အရောင်ထပ် မတင်နိုင်ခြင်းကလည်း အကြောင်းတစ်ချက် ဖြစ်ပါမည်။ ထို့အပြင် Xperia Z ၏ ကိုယ်ထည်သည် (Water proof) ရေလုံ နှင့် ဖုန်လုံ (dust proof) ဖြစ်ပါသည်။ ဤ အရည်အသွေးများက ပို၍ အရေးကြီးသည်ဟု ဆိုလျှင် Xperia ကိုပင် ရွေးရပါလိမ့်မည်။

ပုံဖော်မြင်ကွင်း

Galaxy S4 နှင့် Xperia Z တို့သည် အရွယ်တူ ပုံဖော်အရည်အသွေးတူ ဖြစ်ပါသည်။ ထောင့်ဖြတ် ၅ လက်မ မြင်ကွင်းရှိပြီး ပုံဖော်အရည်အသွေး 1920x1080 (full HD) အဆင့် ရှိကြပါသည်။ ထို့ကြောင့် pixel သိပ်သည်းဆ 441 ppi ရှိခြင်းတွင်လည်း တူညီပါသည်။ သို့သော် နည်းပညာ အခြေခံ မတူကြပါ။ S4 ၏ ပုံဖော်မျက်နှာပြင်သည် AMOLED ကို အခြေခံသည်။ ထို့ပြင် အမျိုးအစားသစ် Pen Tile Matrix ဖြစ်ပြီး diamond shape Sub pixel များကို သုံးထားပါသည်။ နည်းပညာသစ်ကြောင့် S4 ၏ ပုံဖော်မျက်နှာပြင်သည် ကြည့်ရှု၍ အကောင်းဆုံး အမျိုးအစားထဲတွင် ပါဝင်ပါသည်။ ပညာရှင်များ၏ အကဲဖြတ်ချက်အရ S4 သည် အကောင်းဆုံး ပုံဖော်မျက်နှာပြင်ကို ပိုင်ဆိုင်မှုကြောင့် iPhone 5 ၏ သရဖူကို ရယူရန် မဝေးတော့ဟုပင် ဆိုကြပါသည်။

Xperia Z မှာ ယခုအထိ TFT display ကိုသာ အသုံးပြုဆဲ ဖြစ်ပါသည်။ ကြည့်ရှုရသည်မှာ အဆင်ပြေသော်လည်း viewing Angle ပြောင်းသည့်အခါ ပုံဖော်မှု အရည်အသွေး အပြောင်းအလဲ ရှိပါသည်။ ထို့ပြင် AMOLED စနစ်မှာထက်စာလျှင် အရောင်အသွေး စိုပြေတောက်ပမှု အားနည်းခြင်း၊ ရုပ်ထွက်ပြတ်သားမှု အားနည်းခြင်းတို့လည်း ရှိနေပါသေးသည်။ Sony ဖုန်းပေါ်တွင် ဗီဒီယိုကြည့်သည့်အခါ Bravia Engine က အရောင်အသွေးတောက်ပ စိုပြေအောင် လုပ်ပေးနိုင်သော်လည်း ပုံမှန်ဖုန်း လုပ်ငန်းများ လုပ်ဆောင်ချိန်၌မူ ယင်း Engine က အရောင်အသွေး စိုပြေတောက်ပအောင် လုပ်မပေးနိုင်ပါ။ ပုံဖော်ရုပ်ထွက်ပိုင်း၌ Full HD ခြင်းအတူတူ S4 က အားသာချက် ရှိပါသည်။

ဘက်ထရီနှင့် ကင်မရာ

S4 ၏ ဘက်ထရီက ဖြုတ်၍ တပ်၍ရသည့်အပြင် Xperia Z မှာထက် အရွယ်အစား ပိုကြီးပါသည်။ အားလည်း ပိုကြီးပါသည်။ S4 က 2600mAh ရှိပြီး Xperia Z က 2330 mAh ဖြစ်ပါသည်။ Xperia Z ၏ ပါဝါစားသုံးမှုသည် တည်ငြိမ်ခြင်း မရှိသည်ကို တွေ့ရပါသည်။ ဂိမ်းဆော့ခြင်း၊ ဗီဒီယို ကြည်ခြင်းတို့ ပြုလုပ်သည့်အခါ ပါဝါစားသုံးမှု ပို၍ ကြီးမားပါသည်။ ပါဝါစားသုံးမှု များသော အလုပ်များကို လျော့နိုင်လျှင် Xperia Z ၏ ဘက်ထရီသည် တစ်ရက်တာ ပြည့်ပြည့်ဝဝ အသုံးခံပါသည်။

အခြားတစ်ဖက်တွင်မူ Galaxy S4 ၏ ဘက်ထရီသည် ဖုန်းကို တစ်ဆက်တည်း ကြာရှည်စွာ မပြောဟု ဆိုလျှင် ဗီဒီယိုနှင့် ဂိမ်းအတွက် ကြာရှည်စွာ အချိန်မဖြုန်းဟု ဆိုလျှင် နှစ်ရက်တာမျှ ကောင်းကောင်း အသုံးခံပါသည်။ လဲလှယ် အသုံးပြုနိုင်သော ဘက်ထရီဖြစ်၍ အပိုဘက်ထရီဆောင်ထားလျှင် handset အသုံးကြမ်းသူတို့အတွက်လည်း ပြဿနာ ပြေလည်နိုင်ပါသည်။

ကင်မရာပိုင်းကို ကြည့်မည်ဆိုလျှင် Xperia Z ၏ ကင်မရာက အားသာသည်ကို တွေ့ရပါသည်။ 13 MP ရုပ်ထွက် Exmor RS sensor တို့မှာ လက်ကိုင်ဖုန်း ကင်မရာလောကတွင် အကောင်းဆုံး အတန်းအစား ဝင်ပါသည်။ ကင်မရာကြီး လောကတွင် တစ်စထက်တစ်စ ရှေ့တန်းရောက်လာသည့် Sony သည် Xperia Z ထဲတွင် ကင်မရာပိုင်းနှင့် ပတ်သက်ပြီး အကောင်းဆုံး ဆော့ဖ်ဝဲကိုလည်း ဖန်တီး ထည့်သွင်းပေးထားပါသည်။ Superior Auto ကို ရွေးလျှင် ရိုက်ခွင်နှင့် သင့်တော်မည့် အကောင်းဆုံး Setting များကို ရွေးချယ်ပေးသွားပါလိမ့်မည်။

Hardware ပိုင်းတွင် Sony က သာလွန်နေသည်မှာ မှန်သော်လည်း Samsung သည် ဓါတ်ပုံနှင့် ပတ်သက်သည့် ဆော့ဖ်ဝဲပိုင်းတွင် ပိုမိုအားဖြည့်ပြီး Sony ကို ရင်ဆိုင်ရန် ပြင်ဆင်လာပါသည်။ ဓါတ်ပုံတွင် အသံကိုပါ ထည့်နိုင်သော စနစ် တစ်ပြိုင်တည်း ဓါတ်ပုံနှစ်မျိုး ရိုက်နိုင်သော စနစ်၊ ဓါတ်ပုံတွင် animation ထည့်နိုင်သော စနစ်၊ ဓါတ်ပုံကို လွယ်ကူစွာ ဖျက်ပစ်နိုင်သော စနစ် စသည်တို့အပြင် အခြားစွမ်းဆောင်ချက်များစွာ ပြုလုပ်နိုင်သော ဆော့ဖ်ဝဲကို ထည့်သွင်းပေးထားပါသည်။

စက်ပိုင်းစွမ်းဆောင်ရည်

စက်ပိုင်းဆိုင်ရာတွင် S4 က ပို၍ အားကောင်းသည်။ Snap dragon 600 processor ကို သုံးထားသည်။ Adreno 320 GPU လည်း ပါသည်။ RAM ကလည်း 2GB ထည့်ထား၍ အားကောင်းသည်။ Quad core processor ချင်းအတူတူ Sony ၏ Qualcomm MDM9215 1.5 GHz Crait က အရည်အသွေး အနည်းငယ် နိမ့်နေသည်။ အတွင်းတွင် 16 GB သိုလှောင်အားရှိပြီး RAM 2GB ထည့်ပေးထားခြင်းမှာမူ အတူတူ ဖြစ်ပါသည်။ 64 GB အထိ SD ကတ် ထည့်ပြီး သုံးနိုင်ခြင်းမှာလည်း တူပါသည်။ စက်အတွင်းပိုင်းတွင် ထည့်ထားသော Sensor အားလုံးအတူတူနီးပါး ဖြစ်သော်လည်း S4 တွင် IR Sensor တစ်ခုပို၍ ပါဝင်လာသည်။ ထို့ကြောင့် ခပ်လှမ်းလှမ်းမှနေ၍ လက်ဟန်ခြေဟန်ဖြင့် ခိုင်းစေမှုအား အာရုံခံပြီး လုပ်ဆောင်ပေးနိုင်ပါသည်။

ဈေးနှုန်း

Xperia Z ၏ နိုင်ငံတကာ Unlocked ပေါက်ဈေးမှာ ဒေါ်လာ ၆၃၀ ဖြစ်ပါသည်။ S4 unlocked ၏ နိုင်ငံတကာပေါက်ဈေးမှာ နိုင်ငံအပေါ်မူတည်ပြီး ဒေါ်လာ ၆၇၅ မှ ၇၅၀ ကြား ပေါက်ပါသည်။ မြန်မာပြည်၌ မိတ်ဆက်ဈေးနှုန်း ၅၆၉၀၀၀ ကျပ်ဖြင့် ရောင်းသွားရာ အနိမ့်ဆုံး နိုင်ငံတကာ ဈေးနှုန်းဟု ဆိုနိုင်ပါသည်။ Xperia Z ၏ ပြည်တွင်းပေါက်ဈေးမှာ ၅၅၀၀၀၀ ကျပ်ဖြစ်၍ နိုင်ငံတကာ ရောင်းဈေးနှင့် တန်းတူ ဖြစ်ပါသည်။ စွမ်းဆောင်ရည် အားလုံးကို ခြုံငုံအကဲဖြတ်သော် ကင်မရာကောင်းကောင်းနှင့် အကြမ်းခံမှု ကြိုက်သူက Xperia Z ကို သုံးပြီး ဖုန်းစွမ်းဆောင်ရည် မြင့်မြင့်မားမား လိုချင်သူ ရုပ်ထွက်ကောင်းကောင်း ကြည့်ချင်သူက Galaxy S4 သုံး ဟူသော အဖြေထွက်ပါသည်။

ဧဧသက် (ဖြိုးဓန ဒစ်ဂျစ်တယ် ဓါတ်ပုံ)

0 comments: