လက်လှုပ်ရှားမှုဖြင့် အဝေးမှ ထိန်းချုပ်နိုင်သည့် HP ကွန်ပျူတာ

Photo
Touchscreen နည်းပညာ၏ လုပ်ဆောင်မှုများကို ပိုမိုကောင်းမွန်အောင် မြှင့်တင်နေချိန်တွင် HP က ၎င်းတို့၏ Laptop ကွန်ပျူတာများကို လက်၏ လှုပ်ရှားပုံ အမျိုးမျိုးနှင့် အဝေးမှ ထိန်းချုပ်နိုင်အောင် ခြေလှမ်းပြင်လာခဲ့သည်။ ဆန်ဖရန်ဆစ္စကို အခြေစိုက် ကုမ္ပဏီ Leap Motion နှင့် ပူးပေါင်း ဖန်တီးထားသော HP Envy 17 Leap Motion SE ကွန်ပျူတာတွင် သေးငယ်သော အာရုံခံ ကိရိယာငယ် တစ်ခုကိုပါ ဖြည့်စွက်ပေးထားသည်။
အဆိုပါ ကိရိယာကို လက်တွင် တပ်ဆင်ကာ ကွန်ပျူတာကို အဝေးမှ ထိန်းချုပ်နိုင်မည်ဟု သိရသည်။ ကီးဘုတ်၏ အောက်နားတွင် တည်ရှိသော အာရုံခံ စနစ်သည် ကင်မရာ နှစ်လုံးနှင့် အနီအောက်ရောင်ခြည် LED မီးလုံးငယ် (၃) လုံးတို့ကို အသုံးပြုကာ လက်တွင် တပ်ဆင်ထားသည့် ကိရိယာ၏ လှုပ်ရှားမှုများကို ဖမ်းယူ ပုံဖော်နိုင်မည် ဖြစ်သည်။

HP Envy 17 Leap Motion SE ကို အသုံးပြုသူသည် လက်ချောင်း၏ လှုပ်ရှားမှုများဖြင့် ကွန်ပျူတာ၏ လုပ်ဆောင်ချက် အမျိုးမျိုးကို ခိုင်းစေနိုင်မည်ဟု ဆိုသည်။ Leap Motion က ယင်းနည်းပညာကို အနာဂတ် စမတ်ဖုန်းများနှင့် အခြားသော Display Screen များတွင်ပါ အသုံးပြုနိုင်ရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်။ "Leap Motion အဖွဲ့ဟာ မယုံနိုင်လောက်စရာ နည်းပညာ တစ်ရပ်ကို အခြေခံက စပြီးတော့ မြှင့်တင် တည်ဆောက်ခဲ့တာပါ။ ခုဆိုရင် လက်ရဲ့ လှုပ်ရှားမှုနဲ့ ဒီဂျစ်တယ် လုပ်ငန်းစဉ်တွေကို ကွန်ပျူတာ အသုံးပြုသူတွေက ခိုင်းစေနိုင်လာပါပြီ" ဟု HP ၏ PC ကွန်ပျူတာနှင့် ဝန်ဆောင်မှုဌာန၏ အကြီးတန်း ဒုတိယဥက္ကဋ္ဌ ရွန်ကူဟ်လင်းက ပြောကြားခဲ့သည်။

၎င်းက ဆက်လက်၍ "ကွန်ပျူတာ တစ်လုံးမှာ Leap Motion ရဲ့ နည်းပညာကို ကျွန်တော်တို့ ပထမဆုံး ဖြည့်သွင်းခွင့်ရတာ ကျေနပ်မိပါတယ်။ ဒါဟာ HP အနေနဲ့ နည်းပညာ ကဏ္ဍမှာ နောက်မျိုးဆက်အတွက် ဘယ်လို ထိုးထွင်း တီထွင်မှုတွေ လုပ်ဆောင်နေတယ်ဆိုတဲ့ ဥပမာကောင်း တစ်ခုလည်း ဖြစ်မှာပါ" ဟုလည်း သုံးသပ်ခဲ့သည်။ Envy 17 Leap Motion SE သည် (၁၇.၃) လက်မအရွယ် Display ကို အသုံးပြုထားပြီး (၁၀၉၅) ဒေါ်လာဖြင့် ရောင်းချမည်ဟု သိရှိရသည်။ ကိုယ်အမူအယာ အာရုံခံ စနစ်ကို Laptop တစ်ခုတွင် ထည့်သွင်းရန်အတွက် Leap Motion သည် ပိုမိုသေးငယ်သည့် အာရုံခံ ကိရိယာ တစ်ခုကို တည်ဆောက်ခဲ့ရကြောင်းလည်း သိရှိရသည်။

0 comments: