Tablet တစ်လုံး ဝယ်သုံးတော့မယ်ဆိုရင်

Photo
Tablet တွေ တောထအောင်ပေ လှတာမို့ သူတို့တွေအကြား ပတ်ရှုပ်နေတတ်တာ သဘာဝပါပဲ။ စမတ်ဖုန်းတွေနဲ့ ယှဉ်ရင် ကလန်ကလားနဲ့ သယ်သွားရ ခက်သလို PC တွေကို အစားထိုးဖို့လောက်အထိ မရှိတဲ့ tablet တွေ ဘာလို့ ဝယ်သုံးကြတာလဲ။ Tablet ဖောက်ထားတဲ့ လမ်းက ဒီလိုပါ။ အင်တာနက်ပေါ် လျှောက်ကြည့်ရင် အွန်လိုင်းရုပ်သံတွေ ကြည့်မယ်၊ စာအုပ်ဖတ်မယ်၊ ဆက်သွယ်မှု မီဒီယာကို သွားလေရာ သယ်မယ်၊ အဲဒီလို "ဖျော်ဖြေရေး ကွန်ပျူတာ" ပုံ ဖမ်းခဲ့တာလို့ ဆိုနိုင်တယ်။
ဒါပေမယ့် ဒါတွေကို Tablet တွေပေါ်မှ လုပ်နိုင်တာလားဆိုတော့လည်း မဟုတ်ဘူး။ ဒီပါရာဒိုင်းမှာ iPad က သူ့ရှေ့အရင်ဟာတွေထက် ချွန်ထွက်သွားရတဲ့ အချက်က လူနဲ့ ဆက်သွယ်ရေးမှာ စက်ပိုင်း အရလည်း တိကျသလို လူတွေဘက်က အသုံးပြုပုံမှာလည်း အထာကျလို့ပါ။ ဒါကြောင့် အရင်က မတွေးထားကြတဲ့ App တွေ၊ Game တွေပေါ်လာစေတာပေါ့။ အဲဒါတွေက သိပ်အရေးမပါဘူးဆိုရင်တောင် အမြင်ဆန်းစေတာ အမှန်ပဲ။

Tablet ဝယ်မယ်ဆို သင် ပထမဆုံး စဉ်းစားရမှာက Operating System ပါ။ OS ဟာ hardware တွေကို သင့်စိတ်ကြိုက် ခိုင်းစေနိုင်ဖို့ အရေးအပါဆုံး Software ဖြစ်ပါတယ်။ စွမ်းအားမြင့် hardware နဲ့ လိုက်ဖက်တဲ့ software တွေပေါင်းမှ tablet ကောင်းတစ်လုံး ရရှိတာပါ။ ဒါကြောင့် OS ကလည်း ပထမ ဦးစားပေး ရွေးချယ်ရမယ့်အရာ ဖြစ်ပါတယ်။ ဈေးကွက်ထဲမှာ android ကိုသုံးထားတဲ့ တန်ဖိုးနည်း၊ တန်ဖိုးလတ် Tablet တွေ ဝယ်ယူနိုင်သလို iOS သုံးထားတဲ့ iPad ကြိုက်ရာကို ရွေးချယ်နိုင်ပါတယ်။ ဈေးနှုန်းပေါ်မှာ မှုတည်ပြီးတော့ အရည်အသွေးကတော့ ကွာခြားပါလိမ့်မယ်။ Tablet OS တွေဟာ multi-tasking အတွက် သိပ်အဆင်ပြေစေပြီး အချိန်တို အတွင်းမှာ app တွေ အများကြီး ဖွင့်နိုင်တဲ့ ပမာဏများတဲ့ RAM ပါဝင်ပါတယ်။ Samsung, HTC တို့ဟာ အရင်တုန်းကတော့ မန်မိုရီ နည်းတာတွေကိုသာ ထုတ်လုပ်လာခဲ့ပြီး ယခုအချိန်မှာတော့ 1.5GHz RAM လောက်ရှိတဲ့ Tablet တွေ မြင်တွေ့လာရပါပြီ။ နောက်ဆိုရင် 2GHz ရှိတဲ့ RAM လောက်သာ ထည့်သွင်းပေးတော့မှာပါ။

စတင်ပေါ်ကာစ tablet တွေဟာ single-core processor တွေကို သုံးထားလို့ ipad တွေထက် ဈေးသက်သာပြီး Single-core တွေမှာ clock speed မြင့်မားပေမယ့် dual-core တွေ ထွက်ပေါ်လာတာကြောင့် single-core တွေက ဈေးကွက်ထဲကနေ ပျောက်ကွယ်သွားပါပြီ။ Dual core processor တွေဟာ core (၂) လုံးလုံးကို သုံးပြီး multi thread function တွေကို ဆောင်ရွက်နိုင်ပေမယ့် ဒီလို ပမာဏ (၂) ဆရှိတဲ့ performance တွေကို ဆောင်ရွက်ဖို့ အပို ထည့်သွင်းထားတဲ့ လုပ်ဆောင်နိုင်စွမ်းတွေ လိုအပ်ပါတယ်။ အခုဆိုရင် quad-core သုံးထားတဲ့ tablet တွေ ဈေးကွက်ထဲကို ရောက်လာပါတော့မယ်။ စမတ်ဖုန်းတောင်မှ quad-core မဟုတ်ရင် မကိုင်ချင်တော့တဲ့ ဒီအချိန်မှာ အရည်အသွေးမြင့်မားတဲ့ ဂိမ်းတွေ ဆော့ကစားဖို့နဲ့ ရုပ်ရှင်တွေ ကြည့်ရှုဖို့ဆိုတာ ဘယ်လို စွမ်းဆောင်ရည်တွေ လိုအပ်သလဲ စဉ်းစားရမယ့် အချိန်ပါ။ ဒါကြောင့် quad-core ကိုပဲ သုံးချင်တယ်လို့ ဖြစ်နေကြတာပါ။

Tablet တွေဟာ 1GB, 32GB နဲ့ 64 GB တွေ ရှိနေကြလို့ သင်သုံးမယ့် ပမာဏကို ရွေးချယ် ဝယ်ယူနိုင်ပါတယ်။ သင်က ရုပ်ရှင်ကြည့်မယ်၊ သီချင်းနားထောင်မယ် ဆိုရင်တော့ 64 GB ဟာ အသင့်တော်ဆုံးပါပဲ။ သီချင်းနားထောင်၊ ဂိမ်းဆော့ရုံပဲဆိုရင် 32 GB က OK ပြီး သင်က ထွေထွေထူးထူးလည်း မသုံးဘူး၊ ငွေလည်း ခြွေတာချင်တယ်ဆိုရင် 16 GB ကိုပဲ ဝယ်ပါ။ ဒါပေမယ့် အခုဆိုရင် ထပ်မံ တိုးမြှင့်လို့ ရနိုင်မယ့် tablet တွေ ထွက်ပေါ်လာပါပြီ။ မိုက်ကရိုဆော့ဖ် windows RT တက်ဘလက်တွေဆိုရင် 128 GB လောက်ထိကို သိုလှောင်နိုင်စွမ်း ပေးထားပါတယ်။

Processor, memory နဲ့ storage တွေပြီးရင် ထည့်သွင်းစဉ်းစားရမယ့် အချက်ကတော့ display ပါ။ Screen size နဲ့ used display တွေကလည်း tablet display အတွက် စဉ်းစားရမယ့် အချက်တွေ ဖြစ်ပါတယ်။ Tablet တစ်လုံးအတွက် အရေးပါတဲ့ အစိတ်အပိုင်း ဖြစ်တာကြောင့်ပါ။ အကြိုက် အမျိုးမျိုးနဲ့ လူအမျိုးမျိုးအတွက် display size အမျိုးမျိုး ထုတ်လုပ်ထားပြီး (၇) လက်မကျော် (8.9") နဲ့ (9.7") နဲ့ (10.1") screen မျိုးစုံး ရွေးချယ်ထားပါတယ်။ (10.1") screen ကတော့ e-magazine တွေ ဖတ်ဖို့ အဆင်ပြေပြီး portable ဖြစ်တာကိုပဲ ရွေးမယ်ဆိုရင်တော့ (၇) လက်မ display က အကောင်းဆုံးပါပဲ။ Resolution ကလည်း display choice အတွက် အရေးပါပါတယ်။ pixel size ကြီးမားလေလေ ရုပ်ပုံထွက်နဲ့ ဗီဒီယို အရည်အသွေး ပိုကောင်းလေပါပဲ။ Resolution ကောင်းကောင်းနဲ့ display ကြီးကြီး tablet ကို သုံးမယ်ဆိုရင်တော့ အကောင်းမွန်ဆုံး ရုပ်ပုံတွေကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ IPS လို့ခေါ်တဲ့ in-plane switching display ဟာ သာမန် twisted nematic (TN) display တွေကို viewing angle တွေမှာ ပိုမိုသာလွန်ကောင်းမွန်တဲ့ ပြုပြင်မှုတွေကို ဖြစ်ပေါ်စေပါတယ်။ iPad တွေမှာ ကောင်းမွန်တဲ့ display နည်းပညာတွေကြောင့် ပိုမို ကျယ်ဝန်းတဲ့ angle တွေကို ပေးနိုင်ပြီး အားနည်းချက်ကတော့ IPS ဟာ backlight ကောင်းကောင်း လိုအပ်လို့ ဘက်ထရီအကုန်မြန်တာပါပဲ။ ဒါပေမယ့် အခုတော့ Retina display နဲ့လာနေပြီ။ ဒါ့အပြင် ပါဝင်တဲ့ ပရိုဆက်ဆာကြောင့်လည်း ဘက်ထရီစားကို သက်သာစေအုံးမှာပါ။

Tablet တွေအတွက် Wireless 3G (သို့) Bluetooth စတာတွေကလည်း ဒီနေ့ ဒီဂျစ်တယ်မှာ အရေးပါသထက် ပါလာပါတယ်။ ဒီနေ့ခေတ်မှာ လူသုံးအများဆုံး ဆက်သွယ်မှု နည်းပညာပါ။ Tablet တွေမှာသာမက mobile phone တွေမှာပါ။ Bluetooth ဟာ device တစ်ခုနဲ့ တစ်ခုကြား တံတားသဖွယ် ချိတ်ဆက်မှု ပြုလုပ်ပေးနိုင်ပါတယ်။ အခုဆို သီချင်း နားထောင်ဖို့ Bluetooth headset တွေ ပေါ်နေပြီး screen ပေါ်မှာ virtual keyboard နဲ့ စရိုက်ချင်သူတွေအတွက် wireless keyboard ကိုလည်း အသုံးပြုပြီး data input ပြုလုပ်နိုင်ပါတယ်။ Wireless fidelity လို့ခေါ်တဲ့ ကြိုးမဲ့ ချိတ်ဆက်မှုဟာ wi-fi လို့ လူသိများပါတယ်။

Mobile device တွေအတွက် အဓိကကျတဲ့ နည်းပညာဖြစ်တဲ့ wi-fi ဟာ internet ကို ချိတ်ဆက်နိုင်ပြီး Wi-Fi ဟာ speed နဲ့ သူ့ support တွေအလိုက် အမျိုးအစား ကွဲပြားပါတယ်။ ဒီနေ့ mobile device တွေဟာ draft-N protocol တွေကို အသုံးပြုလာပြီး Wi-Fi က download နဲ့ upload တွေကို ပိုမို မြန်ဆန်စေပါတယ်။ High-speed Downlink Packet Access (HSDPA) ဟာ 3.5G လို့ လူသိများပါတယ်။ Wi-Fi မရတဲ့ အချိန်မှာ အသုံးပြုနိုင်ပြီး ဖုန်း SIM card နဲ့ အသုံးပြုရမှာ ဖြစ်ပါတယ်။ HSDPA ဟာ ယခင်က tablet တိုင်း အသုံးပြုလို့ မရဘဲ နောက်ပိုင်း tablet တွေမှာ HSDPA အသုံးပြုနိုင်တဲ့ 3G version ပါဝင်လာတာ ဖြစ်ပါတယ်။ Long term evolution (LTE) ဟာ ကမ္ဘာ့နိုင်ငံ အားလုံးမှာတော့ မသုံးစွဲနိုင်သေးပါဘူး။ သုံးစွဲနိုင်တဲ့ နိုင်ငံတွေတောင် ရေတွက်လို့ ရနိုင်ပါသေးတယ်။ အဆင့်အမြင့်ဆုံး နည်းပညာ ဖြစ်တဲ့ အတွက်လည်း စမတ်ဖုန်း သုံးစွဲသူတွေဟာ အရမ်း မျှော်လင့်နေကြပါတယ်။ အဓိကကတော့ အရင် မိုဘိုင်းကွန်ရက်တွေနဲ့ မတူ ကွဲပြားသွားတာက အမြန်နှုန်းလို့ ပြောနိုင်ပါတယ်။ အရင်ထက် အဆပေါင်းများစွာ ပိုမြန်သွားစေနိုင်မယ့်အပြင် download ရော Upload နှစ်မျိုးလုံးမှာ မတူ ကွဲပြားတဲ့ လုပ်ဆောင်နိုင်မှုကို ရရှိပါလိမ့်မယ်။

Battery သက်တမ်းဟာ အလေးချိန်နဲ့လည်း ဆက်စပ်နေပြီး ဘက်ထရီပိုပါလေလေ tablet က လေးလေလေပါပဲ။ နောက်ပိုင်း tablets တော်တော်များများဟာ Apple ရဲ့နည်းအတိုင်း non-removable battery ကို သုံးစွဲကြလို့ ဘက်ထရီကို အားသွင်းရုံကလွဲလို့ ဖြုတ်/တပ် လုပ်လို့မရတော့ပါဘူး။ သင် ipad ကို လက်ကိုင်အိတ်၊ ကျောပိုးအိတ်တွေထဲ ထည့်သွင်းရင် အလေးချိန်ကို အနှေးနဲ့အမြန် ခံစား သိရှိလာရမှာ ဖြစ်ပြီး tablet တွေဟာ အပေါ့ဆုံး (၄၂၀) ဂရမ်ကနေ အကောင်းဆုံး (၇၄၀) ဂရမ်အထိ ရှိလို့ ကိုယ်နဲ့ လိုက်ဖက်တာကို ရွေးချယ် အသုံးပြုနိုင်ပါတယ်။
 
ပိုင်စေသော်

0 comments: