Jobs Movie

http://www.impawards.com/2013/posters/jobs_ver4_xlg.jpg
Jobs ဆိုတဲ့ ဇာတ်ကားလေးဟာ Apple ကုမ္ပဏီကို စတင်တည်ထောင်ခဲ့တဲ့ Steve Jobsရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားပါ။

ဇာတ်လမ်းရဲ့ အစတွင် ၂ဝဝ၁ခုနှစ်မှာ Steve Jobs က Apple ကုမ္ပဏီရဲ့ ခန်းမကြီးထဲမှာ ပထမဆုံး iPod မှာ စတင်မိတ်ဆက်ရင်း သူ့ရဲ့မျက်ဝန်းထဲမှာ အတိုင်းအစမရှိတဲ့ ပျော်ရွင်မှုတွေကို ဖော်ပြရင်း စတင်ထားပါတယ်။ ပြီးတဲ့နောက်မှာတော့ သူရဲ့ငယ်ဘဝ ၁၉၇၄ခုနှစ် ရိဒ်ကောလိပ် တက်ရောက်တုန်းက သူရဲ့ပုံစံကို ပြန်လည်တင်ပြတဲ့ ပုံစံမျိုးရိုက်ကူးထားပါတယ်။ ထို့နောက် Jobs နဲ့ သူ့သူငယ်ချင်း အိန္ဒိယ ရောက်သွားပုံကနေ ၁၉၇၆ ခုနှစ်မှာ Jobs ရယ် သူ့သူငယ်ချင်း Paul နဲ့ Clara တို့နဲ့အတူ ကယ်လီဖိုးနီယားပြည်နယ်က အိမ်လေးတစ်အိမ်မှာ နေထိုင်ကြရင်း Jobs ဟာ သူ့ငယ်သူငယ်ချင်း Steve Wozniak နဲ့အတူ ပထမဆုံး Apple 1 ကွန်ပျူတာကို စတင်ထုတ်နိုင်ခဲ့တယ်။ ဒီလိုနဲ့ သူတို့ရဲ့ Apple computer ကို စတင်ထုတ်ဝေနိုင်ပြီးတဲ့ နောက်မှာတော့ Jobs ရဲ့ဘဝဟာဘယ်လိုတွေ ပြောင်းလဲသွားခဲ့တာလဲဆိုတာကို ရိုက်ကူးတင်ပြထားတဲ့ ဒရမ်မာ ဇာတ်ကားတစ်ကားပါ။

ဒီဇာတ်ကားလေးမှာ Steve Jobs အဖြစ် Ashton Kutcher က သရုပ်ဆောင်ထားပြီး Dean Jack Dudman အဖြစ် James Woods က သရုပ်ဆောင်ပေးထားကာ သူ့သူငယ်ချင်း Paul အဖြစ် John Getz ကလည်းကောင်း၊ Clara အဖြစ် Lesley Ann Warren ကလည်းကောင်း၊ သူ့ငယ်သူငယ်ချင်း Steve Wozniak အဖြစ် Josh Gad တို့က အသီးသီး သရုပ်ဆောင်ပေးထားပါသည်။

ဒီဇာတ်ကားလေးကို အမေရိကန်နိုင်ငံတွင် ၂ဝ၁၃ ခုနှစ်၊ သြဂတ်လ ၁၆ရက်နေ့တွင် စတင် ပြသခဲ့ပြီး ရိုက်ကူးတဲ့ ဒါရိုက်တာကတော့ Joshua Michael Stern ဖြစ်ပါတယ်။ ဘတ်ဂျက်အနေနဲ့ ဒေါ်လာ 12 million ကုန်ကျခဲ့ပြီး လက်ရှိဝင်ငွေအနေနဲ့ $35,931,410 ရရှိပြီး ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကို အသက် ၁၄နှစ်အထက်မှ ကြည့်ရှုခွင့် ပေးထားတာကို တွေ့ရပါတယ်။ ဘာသာစကား အနေနဲ့ ကတော့ နိုင်ငံတကာသုံး ဘာသာစကားဖြစ်တဲ့ English ဖြင့် တင်ဆက်ထားပြီး ပြသချိန်မှာ ၁၂၂မိနစ် ဖြစ်ပါတယ်။



လင်းယံခ (မြန်မာစာ)

0 comments: