ဆက်လက်ရှင်သန်ဆဲ "စတိဗ်ဂျော့ဘ်"

Photo
ဂျော့ဘ်နှုတ်ဆက်ခွဲခွာသွားပြီး ၂ နှစ်အကြာ

Apple ကို ကမ္ဘာကျော်ဖြစ်အောင် တွန်းအားပေးခဲ့တဲ့ CEO စတိဗ်ဂျော့ဘ် ကွယ်လွန်တာ ၂ နှစ် ရှိခဲ့ပါပြီ။ ဒါကြောင့် သူရဲ့ အတွေးအခေါ်နဲ့ အကြံဥာဏ်တွေဟာ အတိတ်မှာ ကျန်ခဲ့ပြီလို့ ထင်ကြပါလိမ့်မယ်။
ဒါပေမယ့် လက်တွေ့မှာ Apple က စတိဗ် ဆက်ရှိနေသေးသလို လုပ်ကိုင်နေတယ်ဆိုတာကို တွေ့ကြရပါတယ်။ သရက်ရွက်ကင်ဆာဟာ ဂျော့ဘ်ရဲ့ အသက်ကို ရယူသွားနိုင်ပေမယ့် သူ့ရဲ့ စိတ်ဓာတ်ကတော့ ခုချိန်ထိ ဆက်လက် ရှင်သန်နေဆဲပါပဲ။ ပစ္စည်းအသစ်တစ်ခုကို မိတ်ဆက်လိုက်တာနဲ့ ဂျော့ဘ်ကိုယ်တိုင် မိတ်ဆက်ပေးနေသလို ခံစားရဆဲပါ။ သူ တစ်ချိန်က မိတ်ဆက်ပေးခဲ့တဲ့ မိုဘိုင်းပစ္စည်းတွေကို သုံးတိုင်း ကျွန်တော်တို့အားလုံး တင်ကွတ်ဇ်ကို မမြင်ဘဲ စတိဗ်ဂျော့ဘ်ကိုပဲ သတိရကြပါတယ်။ Apple ဟာ သူသေသွားပြီးတာတောင်မှ သူ့ကုမ္ပဏီအဖြစ် ကျန်ရစ်ခဲ့တယ်ဆိုတာ မငြင်းနိုင်ပါဘူး။

ဂျော့ဘ်ရဲ့ ဇာတ်လမ်းဟာ တကယ်ကို ကြီးကျယ်ခမ်းနားပြီး သူ့ကြောင့် ဖြစ်လာခဲ့တဲ့ အောင်မြင်မှုတွေ များပြားပါတယ်။ Apple ကွန်ပျူတာကို စတင်တီထွင်ခဲ့သူဟာ စတိဗ်ဝေါ့ဇ်နစ် ဖြစ်တယ်ဆိုတာ အငြင်းပွားစရာ မလိုအောင် သေချာပါတယ်။ ဒီကိစ္စမှာ ဂျော့ဘ်မပါပါဘူး။ ဂျော့ဘ်ကတောင်မှ ဝေါ့ဇ်နစ်ကို ဂိမ်းတစ်ခု တီထွင်ဖို့အတွက် အကူအညီ တောင်းခဲ့ရပါသေးတယ်။ ဒါပေမယ့် စီးပွားရေးအမြင် တကယ်ရှိခဲ့သူကတော့ ဂျော့ဘ်ပါပဲ။ သူဟာ ကွန်ပျူတာ တီထွင်သူတစ်ဦး မဟုတ်ခဲ့ပေမယ့် စီးပွားရေး အမြင်ကောင်းခဲ့သူပါ။ ဂျော့ဘ်နဲ့ ဝေါ့ဇ်တို့နှစ်ဦးဟာ ဒီပုံစံနဲ့ပဲ ဆက်သွားရင်း Apple ကို ထူထောင်ခဲ့ကြပါတယ်။ ဝေါ့ဇ်က ကွန်ပျူတာဖန်တီးပြီး ဂျော့ဘ်က စီးပွားရေးအတွက် အာရုံစိုက်ရင်းနဲ့ ကွန်ပျူတာတွေကို သူ့မိဘအိမ်က ကားဂိုထောင်ထဲကနေ ထုတ်လုပ်ခဲ့ပါတယ်။ ကွန်ပျူတာစတိုးအတွက် ကွန်ပျူတာအလုံး ၅၀ ကို အပြည့်အစုံ တပ်ဆင်ပြီး ပို့ဖို့လုပ်တာလည်း ဂျော့ဘ်ပဲဖြစ်ပြီး ဝေါ့ဇ်က သူတိုက်တွန်းလို့ လုပ်ခဲ့ရတာ ဖြစ်ပါတယ်။ အိမ်သုံးကွန်ပျူတာတွေဟာ Apple ရဲ့ လွှမ်းမိုးမှုမပါဘဲ ဒီနေ့ခေတ် ဒီလိုပုံစံကို ရောက်မလာနိုင်ပါဘူး။

ဂျော့ဘ်ဟာ Apple ရဲ့ ပထမဆုံး ဈေးသက်သက်သာသာနဲ့ ရနိုင်ပြီး graphical user interface ပါဝင်တဲ့ Lisa ကွန်ပျူတာကို ထုတ်လုပ်ရာမှာ နောက်ကွယ်က အဓိက ပါဝင်ခဲ့ပါတယ်။ အဲဒီပရောဂျက်က ဖိအားပေးပြီး သူ့ကို ဖယ်ထုတ်ခဲ့ကြပါတယ်။ ဂျော့ဘ်ဟာ macintosh line ထုတ်လုပ်မှုကို ရောက်သွားပြီး အဲဒီကွန်ပျူတာတွေက Lisa ထက် ပိုအောင်မြင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ဂျော့်ဘ်ကို Apple က ဖယ်ရှားခဲ့ကြပေမယ့် Apple မှာ ဂျော့ဘ်ရဲ့ လွှမ်းမိုးမှုကတော့ ဆက်ရှိနေခဲ့ပါတယ်။

ဂျော့ဘ်ဟာ နောက်ကွန်ပျူတာ ကုမ္ပဏီတစ်ခု ထပ်တည်ထောင်ခဲ့ပြီး အဲဒါကတော့ Next inc ပါ။ Next ဟာ လူထုထဲက သိပ်အောင်မြင်မှု မရခဲ့ပေမယ့် ဒီနေ့ လူအားလုံးအတွက် မရှိမဖြစ်လို့တောင် ဆိုင်နိုင်တဲ့ World Wide Web (www) ကို တင်းမ်ဘန်နာလီက Next ကွန်ပျူတာကနေ တီထွင်ခဲ့တာပါ။ ဂျော့ဘ်ဟာ ကွန်ပျူတာနဲ့တင် ရပ်တန့်နေတာ မဟုတ်ဘဲ ဖျော်ဖြေရေးဘက်ကိုလည်း ဦးတည်ခဲ့ပါတယ်။ နောက်ပိုင်းမှာ Pixar လို့ လူသိများလာမယ့် ကုမ္ပဏီကို ဝယ်ယူခဲ့ပြီး ဂျော့ဘ်က ပရိုဂျူဆာအဖြစ်နဲ့ ပထမဆုံး Toy Story 3D ကာတွန်းကို ထုတ်လုပ်ခဲ့ပြီး အောင်မြင်မှု ရခဲ့ပါတယ်။ Pixar ကို နောက်ပိုင်းမှာ Disney ဆီ ရောင်းချခဲ့ပြီး ဂျော့ဘ်ဟာ Disney ရဲ့ ရှယ်ယာကို တစ်ဦးထဲ အများဆုံး ပိုင်ဆိုင်သူ ဖြစ်လာပါတယ်။

Apple က Next ကို ၁၉၉၆ မှာ ဝယ်ယူခဲ့ပြီး ဂျော့ဘ်လည်း Apple ဆီကို ပြန်ရောက်လာခဲ့ပါတယ်။ Next STEP နည်းပညာကိုသုံးပြီး လက်ရှိ သုံးစွဲနေဆဲဖြစ်တဲ့ Mac OSX ကို ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါနဲ့ သုံးဖို့အတွက် Apple ကို ပြန်ရောက်ရောက်ခြင်း ဂျော့ဘ် ဖန်တီးနိုင်ခဲ့တာကတော့ iMac ပဲဖြစ်ပြီး ထူးခြားတဲ့ ဒီဇိုင်းနဲ့အတူ အောင်မြင်မှု ရခဲ့ပါတယ်။ ဂျော့ဘ်ဟာ ရာထူးကိုတောင် "iCEO" လို့ ပြောင်းမယ်လို့ နောက်ခဲ့ဖူးပါတယ်။ ဂျော့ဘ်ရဲ့ ထူးခြားတဲ့ တီထွင်မှုတွေနဲ့ "i" အသေးနဲ့စတဲ့ ပစ္စည်းတွေဟာ ဒီမှာတင် ရပ်တန့်မသွားခဲ့ပါဘူး။ နောက်ထပ် အောင်မြင်မှု တစ်ခုကတော့ ဂီတ ဝါသနာရှင်တွေအတွက် ဖြစ်ပြီး iPod ကို ထုတ်လုပ်ခဲ့ပါတယ်။ အဲဒီခေတ်က ကတ်ဆက်တွေ၊ CD တွေထက် သီချင်းအများအပြား ပိုဝင်ဆံ့တာမို့ အောင်မြင်မှု ရခဲ့ပါတယ်။ သီချင်းတွေ ဝယ်ယူ သိုလှောင်ထားနိုင်ဖို့အတွက် iTunes ကို စတင်ခဲ့ပြီး iPod နဲ့ iTunes ဟာ ဂီတသုံးစွဲမှု ပုံစံတစ်ခုလုံးကို ပြောင်းလဲစေခဲ့တယ်ဆိုတာ ငြင်းမရတဲ့အချက်ပါ။ ဒါတွေအားလုံးကို ဦးစီးဦးဆောင် ပြုခဲ့သူဟာလည်း စတိဗ်ဂျော့ဘ်ပါပဲ။

ဂျော့ဘ်ရဲ့ နောက်ထပ် စွန့်ဦးတီထွင်မှုတစ်ခုက iPhone ပါ။ iPhone ထက်စောတဲ့ မိုဘိုင်းဖုန်းတွေ ရှိပေမယ့် iPhone နဲ့ မတူကြတာ သေချာပါတယ်။ iPod နဲ့ မိုဘိုင်းဖုန်း ပေါင်းစပ်မှုရဲ့ ရလဒ်ဟာ iPhone ဖြစ်လာစေခဲ့ပြီး multi touch display, web browser နဲ့ utilities အချို့ ပါဝင်လာခဲ့ပါတယ်။ နောက်ပိုင်းမှာ iPhone ဟာ third-party apps တွေ လက်ခံလာခဲ့ပြီး မိုဘိုင်းဖုန်းတွေရဲ့ ပုံစံကို ထပ်မံ ပြောင်းလဲစေခဲ့ပါတယ်။ အခုခေတ်ရဲ့ စမတ်ဖုန်းတွေအဖြစ် အိတ်ဆောင် ကွန်ပျူတာလေး တစ်ခုအဖြစ်ကို ရောက်စေဖို့ ခြေလှမ်း စခဲ့တာပါ။ အခုဆိုရင် iPhone ပေါ်မှာ သင်လုပ်ချင်သမျှ အားလုံးလိုလိုအတွက် apps တွေ ရှိနေပြီ ဖြစ်ပါတယ်။

ဒါပေမယ့် iPhone ဟာ သေးငယ်တာကြောင့် လုပ်ချင်သမျှ အားလုံးကို လုပ်ဖို့ အဆင်မပြေနိုင်ပါဘူး။ ဒါကြောင့် ဂျော့ဘ်ဟာ iPad ကို တီထွင်ခဲ့ပါတယ်။ အခြေခံက iPhone က စခဲ့တာဖြစ်ပြီး ပိုကြီးလာတာ တစ်ခုပဲ ထူးပါတယ်။ ဒါ့အပြင် iPhone လောက်နီးနီး သယ်ယူသွားရတာ လွယ်ကူအောင်လည်း ဖန်တီးထားပါတယ်။ iPad ဟာလည်း ဒီနေ့ခေတ် နေထိုင်မှုပုံစံကို ပြောင်းလဲစေခဲ့ပြီး ဒါဟာလည်း ဂျော့ဘ်ကြောင့်ပဲ ဖြစ်လာခဲ့တဲ့ အပြောင်းအလဲကြီး တစ်ခုလို့ ဆိုရမှာပါ။ ဒီနေ့ဆိုရင် iPhone က သေးလွန်းပြီး iPad က ကြီးလွန်းတယ် ဆိုသူတွေအတွက် iPad mini လည်း ရှိနေပြီ ဖြစ်ပါတယ်။

နောက်ဆုံးပိတ် ဆန်းသစ်တီထွင်မှု အပြီးမှာတော့ ဂျော့ဘ် ကွယ်လွန်ခဲ့ပါတယ်။ ဂျော့ဘ် ချန်ရစ်ခဲ့တာတွေကတော့ ကွန်ပျူတာ၊ ဝန်ဆောင်မှုနဲ့ ထူးခြားတဲ့ နည်းပညာသုံး ပစ္စည်းတွေပဲဖြစ်ပြီး ဒါတွေဟာ သူဖန်တီးခဲ့တဲ့ သမိုင်းကြောင်းလဲ ဖြစ်ပါတယ်။ ဒီပစ္စည်းတွေဟာ လူတွေရဲ့ ဘဝကို ပြောင်းလဲစေခဲ့တယ် ဆိုရင်လည်း မမှားပါဘူး။ ဒါပေမယ့် ဂျော့ဘ်မှာ သူ့နေရာမှာ မှန်ကန်တဲ့ CEO ကို လွှဲပြောင်း ထားနိုင်ခဲ့ပါတယ်။ သူဟာ လက်ရှိ CEO ဖြစ်သူ တင်ကွတ်ဇ်ကို ကိုယ်တိုင်စိတ်တိုင်းကျ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ဂျော့ဘ်က စီးပွားရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး နွားနို့လိုပဲလို့ ဆိုခဲ့ပါတယ်။ နွားနို့ လတ်ဆတ်တဲ့ ရက်စွဲကို ကျော်လွန်သွားရင် ပြဿနာတက်ပြီလို့ ဆိုခဲ့ပါတယ်။ ဒါပေမယ့် တင်ကွတ်ဇ်ဟာ စီးပွားရေးသမားကောင်း ဖြစ်ပေမယ့် စွန့်ဦးတီထွင်တတ်သူတော့ မဟုတ်ခဲ့ပါဘူး။ ဒီအကျိုးဆက်ကြောင့် ခုချိန်မှာ Apple ဟာ ဘာကိုမှ ဆန်းသစ်တီထွင်နိုင်ခြင်း မရှိတော့ပါဘူး။ MacBook Air, Macintosh, iPhone, iPad, iPod စတာတွေကို ပြောင်းလဲမှုအချို့ လုပ်ခဲ့ပေမယယ့် ဒါဟာ ဆန်းသစ်တီထွင်မှု မဟုတ်တော့ပါဘူး။ လူတွေက Apple ဆီကနေ devices အသစ်တွေကို မျှော်လင့်နေကြပါပြီ။

ဂျွန်နီအိဗ်ဟာ ၁၉၉၂ မှာ အကြံပေးအဖြစ် Apple ကို စတင် ရောက်ရှိခဲ့ပြီး အဲဒီတုန်းက စတိဗ်မရှိတဲ့ကာလ ဖြစ်ပါတယ်။ သူ့ကို မကြာခင် အမြဲတမ်း ဝန်ထမ်းအဖြစ် ခန့်အပ်ခဲ့ပါတယ်။ ဂျော့ဘ်တစ်ယောက် အိဗ်နဲ့ တွေ့ခွင့်ရတဲ့အချိန်မှာတော့ အိဗ်ဟာ ဒီဇိုင်းပိုင်းမှာ လက်ထောက် ဥက္ကဋ္ဌအဖြစ် ချက်ချင်း ရာထူးတိုးမြှင့် ခံခဲ့ရပါတယ်။ အိဗ်ရဲ့ ပထမဆုံးလက်ရာက iMac ဖြစ်ပြီးနောက်ပိုင်းမှာ iPod, iPhone, iPad စတာတွေ ဆက်တိုက် ပါဝင်ခဲ့ပါတယ်။ ဒီပစ္စည်းတွေဟာ ဂျော့ဘ်တီထွင်ခဲ့တဲ့ ပစ္စည်းတွေပဲ ဖြစ်ပါတယ်။ ဂျော့ဘ်ဟာ သူ့လိုပဲ ဆန်းသစ်တီထွင်မှုဥာဏ် ရှိသူတစ်ယောက်ကို မကွယ်လွန်မီ ဒီဇိုင်းအတွက် ချန်ထားရစ်ခဲ့တာလား ဆိုတာ စဉ်းစားစရာပါပဲ။ တင်ကွတ်ဇ်ဟာ သူ့လိုပဲ စီးပွားရေးအမြင် ရှိသူဖြစ်လို့ ဒီအချက်ဟာ ဖြစ်နိုင်တယ်လို့ ယူဆရမှာပါ။

ကွတ်ဇ်က စီးပွားရေးကို စီမံခန့်ခွဲတဲ့အချိန်မှာ အိဗ်ရှိနေတာကြောင့် ကုမ္ပဏီရဲ့ ဒီဇိုင်းပိုင်းမှာ ဂျော့ဘ်ရှိနေသလိုပဲ ဆက်သွားနေနိုင်ပါတယ်။ ဒီနှစ်ယောက် သူ့နေရာမှာသူ ရှိနေရင် သူတို့ကို စိတ်တိုင်းကျ ရွေးချယ်ထားခဲ့တဲ့ ဂျော့ဘ်ရှိနေတာနဲ့ မထူးပါဘူး။ လူတွေအားလုံး Apple ရဲ့ idevices တွေကို သုံးနေသရွေ့လဲ ဂျော့ဘ်နဲ့ သူ့ရဲ့ ဆန်းသစ်တီထွင်မှုတွေဟာ ကျွန်တော်တို့ရဲ့ဘဝမှာ နေ့တိုင်း အတူတကွ ဆက်လက် ရှင်သန်နေအုံးမှာပါပဲ။

မိုးထက် (ဆေး - ၂)

0 comments: