မြို့မငြိမ်း (၁၉ဝ၉-၁၉၅၅)

Photo
ဆရာမြို့မငြိမ်း၏ အမည်ရင်းမှာ ဦးကျော်ငြိမ်း ဖြစ်ပြီး ခရစ်နှစ် ၁၉ဝ၉ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၂၇ဝ ပြည့်နှစ် တပေါင်းလဆန်း ၅ရက် တနင်္လာနေ့တွင် မန္တလေးမြို့ ပန်းယွန်းကုန်သည် ဦးညီနှင့် ဒေါ်ချစ်ဦးတို့က မန္တလေးမြို့တွင် ဖွားမြင်ခဲ့သည်။ မွေးချင်း ညီအစ်ကို၂ယောက် ရှိသည့်အနက် အကြီးဆုံးဖြစ်သည်။
မြို့မငြိမ်းကို သူ၏ဖခင်ဖြစ်သူက ပန်းချီဆရာကြီး ဦးဘသက်ထံတွင် ဝါသနာပါသော ပညာရပ်များ သင်ကြားပေးရန် အသက်၁၄နှစ် အရွယ်တွင် အပ်နှံခဲ့သည်။ ဆရာကြီး၏ ကြိုးစားသင်ယူမှုကြောင့် ၅နှစ်ခန့် ကြာသောအခါ ပန်းချီ၊ ပန်းပု၊ မယ်ဒလင်၊ ဘင်ဂျိုနှင့် ဗျက်စောင်း ပညာရပ်များကို သင်ကြား တတ်မြောက်ခဲ့လေသည်။

ဆရာမြို့မငြိမ်း၏ လက်ဦးဆရာများမှာ လက်ရင်းဆရာကြီး ဦးဘသက်၊ ‘မင်းကြီးဦးဆက်’ ဆိုသူ၏ ညီ ဦးချက်၊ ဦးလင်းနှင့် စောင်း ဦးမောင်မောင်လတ် (အာဠဝီ)တို့ ဖြစ်သည်။ ဆက်လက်၍ ရွာစားကြီး စိန်ဗေဒါနှင့် စိန်ဗေဒါအိမ်သို့ အမြဲဝင်ထွက် သွားလာနေသော ဆရာ ဒေဝ ဣန္ဒာ ဦးမောင်မောင်ကြီးတို့ ထံမှလည်း စောင်းပညာကို သင်ကြားတတ်မြောက် ခဲ့ပါသည်။

အသက် ၂၂နှစ် အရွယ်တွင် မသန်းသန်းဆိုသူနှင့် အိမ်ထောင်ကျခဲ့ပြီး သားသမီး၁၃ယောက် ထွန်းကားခဲ့သည့်အနက် ဆရာကြီး ကွယ်လွန်ချိန်တွင် ၈ယောက်ကျန်ရစ်ခဲ့သည်။ မြို့မငြိမ်း ရေးသားခဲ့သော သီချင်းပေါင်း ၂ဝဝခန့် ရှိသည်ဟု သိရသည်။ ပထမဆုံး တစ်တိုင်းပြည်လုံး ကျော်ကြားခဲ့သော သီချင်းမှာ “ချစ်တာပဓာန” သီချင်း ဖြစ်သည်။

အနောက်တိုင်း တေးသွားများကို ပုံတူကူးယူ၍ မြန်မာစကားလုံးများ သွင်းကာ ရေးသားစပ်ဆိုနေသော အချိန်တွင် ဆရာကြီးသည် အနောက်တိုင်း ဂီတမှ သီချင်းစပ်နည်းကို မှီငြိမ်းသော်လည်း တေးသွားများကို ခိုးချခြင်း မပြုဘဲ သူ၏ ပင်ကိုဥာဏ်ဖြင့်သာ ကိုယ်ပိုင်တေးသွားများကို စပ်ဆိုခဲ့လေသည်။ ဆရာကြီးသည် ဂီတဘက်တွင်သာ ဝါသနာပါသည်သာ မဟုတ်ဘဲ ပန်းချီပန်းပု ပညာရပ်များတွင်လည်း ဝါသနာ ပါလေသည်။
၁၉၂၈ခုနှစ်တွင် မန္တလေးမြို့မ တူရိယာအဖွဲ့ကို ဦးကော်လုံဆိုသူက တည်ထောင်ခဲ့ရာ ဆရာ မြို့မငြိမ်းလည်း ပါဝင်ခဲ့သည်။ မြန်မာဂီတ၏ ပင်ကိုမူလ၊ ယဉ်ကျေးမှု အမွေအနှစ်များကို အခြေခံ၍ ခေတ်ပေါ် တူရိယာများ၊ ထိုတူရိယာတို့၏ တီးမှုတ်သီဆိုမှု သင်္ကေတစနစ်ကို ငယ်စဉ်ကပင် အထူးလိုက်စားခဲ့သူ တစ်ဦးလည်း ဖြစ်သည်။ ဆရာကြီးနှင့်အတူ လိုက်စားနေသူတစ်ဦးမှာ ဒါးတန်း ဦးသန့်ဆိုသူ ဖြစ်သည်။

စစ်မဖြစ်မီ မြို့မတူရိယာ အသင်းကြီး၏ သင်္ကေတသမားများဟု ဆိုနိုင်သူများမှာ ဒါးတန်းဦးသန့်၊ မြို့မငြိမ်း၊ ဦးအေးကျော်၊ ဦးသိန်းမောင်၊ ချိုကြီး (ဂေါ်ချို)တို့ ဖြစ်ကြသည်။ ၁၉၅၄-၅၅ခုနှစ်တွင် တည်ထောင်ခဲ့ကြသော မန္တလေးရုပ်ရှင်တွင် တေးဂီတတာဝန်ခံအဖြစ် ဆရာကြီးသည် တာဝန် ထမ်းဆောင်ခဲ့သည်။ ယနေ့တိုင် ဆရာကြီး၏ သီချင်းများသည် ရုပ်ရှင်နောက်ခံသီချင်းအဖြစ် ကျော်ကြားရုံသာမက ရုပ်ရှင်ဇာတ်ကားအမည်အဖြစ် မှည့်ခေါ်ခြင်းများလည်း ရှိခဲ့သည်။ ထို ဇာတ်ကားအချို့ကို ဖော်ပြရလျှင် တိမ်လွှာမို့မိုလွင်၊ သခွပ်ပန်း၊ နှစ်ယောက်တည်း နေချင်တယ်၊ လေချိုသွေး၊ ဓါတ်တူနာမ်တူ၊ လေထဲက ဖူးစာ ၊ မပြီးသေးသော ပန်းချီကား၊ သစ္စာ စသည်တို့ဖြစ်သည်

ဆရာကြီး မြို့မငြိမ်း မကွယ်လွန်မီ နောက်ဆုံး ရေးသားခဲ့သော သီချင်းမှာ “တိမ်လွှာမို့မိုလွင်” ဖြစ်သည်။ ဆရာကြီး ကွယ်လွန်ခဲ့တာ ကြာပြီဖြစ်သော်လည်း ယနေ့တိုင် မရိုးနိုင်ဘဲ သင်္ကြန် အချိန်အခါတွင် သာမက ပွဲလမ်းသဘင်များ၊ နိုင်ငံတော်ပွဲများတွင် အဆုံးသတ် သီဆိုလေ့ရှိသော သီချင်းမှာ “မြနန္ဒာ”ဟု လူသိများသော “ရွှေမန်းတောင်ရိပ်ခို”သီချင်း ဖြစ်ပါသည်။ ထိုသီချင်းကို ဆရာမြို့မငြိမ်းနှင့်အတူ အေဝမ်း ဆရာညှာ၊ ဦးဘသန်းတို့က စုပေါင်းရေးဖွဲ့ခဲ့ခြင်း ဖြစ်သည်။ မူရင်းအဆိုရှင်မှာ ကိုအံ့ကြီး ဖြစ်ပါသည်။

ရှေးသီချင်းကြီးများကို မူမှန် သတ်မှတ်ရေး အထက်မြန်မာပြည် ကော်မတီအဖွဲ့တွင် လူကြီးတစ်ဦး အဖြစ် လည်းကောင်း၊ မန္တလေးရုပ်ရှင် ကုမ္ပဏီတွင် ဂီတဖက်ဆိုင်ရာ ဒါရိုက်တာအဖြစ် လည်းကောင်း ဆောင်ရွက်နေစဉ် ခရစ်နှစ် ၁၉၅၅ခုနှစ်၊ စက်တင်ဘာလ ၁၅ရက်နေ့ နံနက်ဝေလီဝေလင်းအချိန် စိန်ပန်းလမ်းမပေါ်၌ မော်တော်ကား အတိုက်ခံရ၍ ဆရာကြီး မြို့မငြိမ်းသည် အသက် ၄၆နှစ် အရွယ်တွင် ကွယ်လွန်ခဲ့လေသည်။

လင်းယံခ မြန်မာစာ

[ကိုးကား ။ ။ မြန်မာ့စွယ်စုံကျမ်း အတွဲ(၃) အပိုင်း (ခ)၊ ဆရာ ရွှေပြည်အေး၊ ဦးကိုလေး (အမရပူရ)၊ ရွာစား စိန်ဟန်တင်တို့ ဆောင်းပါးများ။]

0 comments: