မနောမယအိမ်ခြံမြေရောင်းနည်း

တစ်နေ့သ၌ ကျွန်ုပ်ထံသို့ ကမ္ဘာအေးဘုရား စောင်းတန်းတွင် ဗေဒင်ဟောသော ဗေဒင်ဆရာ စောရန်နိုင်ဆိုသူ ရောက်ရှိလာလေ၏ ။ ထိုစောရန်နိုင်မှာ ယခင်က ဆည်မြောင်းတွင် အလုပ်လုပ်ခဲ့သော ၀န်ထမ်းတစ်ဦးဖြစ်၏။ နောင်တွင် ကျွန်ုပ်ထံ၌ လောကီပညာများဆည်းပူးကာဗေဒင်လက္ခဟောပြောခြင်းဖြင့် အသက်မွေးခဲ့လေ၏ ။ သူသည် ကျွန်ုပ်ကိုတွေ့ လျှင်တွေ့ ချင်း “ဆရာကြီးနေကောင်းရဲ့ လား” ဟု မေးလေ၏ ။
ထိုအခါ ကျွန်ုပ်က ပြုံးရယ်လျက် “ကိုယ့်လူတို့ကလည်း ကျုပ်ကို ဆရာကြီး ဆရာကြီးခေါ်နေကြတာနဲ့ ကျုပ်တောင် အသက်ကြီးလာပြီ”ဟု ကျွန်ုပ်က ပြောလိုက်ရာ ၎င်း စောရန်နိုင်ဆိုသော ဗေဒင်ဆရာ “ဆရာကလည်း အသက်ကြီးလာပြီလို့ မပြောပါနဲ့ မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးတောင် ဖြူနေမှပဲ။ အဲဒါကို ထောက်ပြီး ကျွန်တော်တို့ လူငယ်တွေက ဆရာကြီးလို့ ခေါ်သင့်တာပေါ့။ ဟု ပြောလိုက်လေ၏။

ထို့ကြောင့် ကွန်ုပ်က “ကဲ. . . ထားပါတော့လေ။ ကိုယ့်လူတို့ ခေါ်ချင်သလိုသာ ခေါ်ပါ။ ရောက်ရောက်ချင်း မေးတဲ့မေးခွန်းကိုတော့ ဖြေရဦးမယ်။

အဲဒါ ဘာလဲဆိုတော့ နေကောင်းရဲ့ လားဆိုတဲ့ မေးခွန်းပဲ” ဟု ကျွန်ုပ်က ပြောလိုက်သဖြင့် “မဖြေလည်း ရပါတယ်။ ဒါက ဆရာကြီး နေကောင်းသလား။ နေမကောင်းဘူးလားဆိုတာ အရေးမကြီးပါဘူး။ လူလူချင်းတွေ့ ရင် မေးလေ့ရှိတဲ့ မေးခွန်းမို့လို့ မေးတာပါ။ နေမကောင်းရင်လည်း ဆရာဝန်ခေါ်လိုက်ပေါ့။ နေကောင်းရင်လည်း ကိုယ့်ဟာကိုယ် ဆက်ပြီးနေ။ ကျွန်တော်တကယ်သိချင်တာက အဲဒါမဟုတ်ဘူး။

ဆရာကြီးက ရောင်ပြန်မဂ္ဂဇင်းမှာ “မော်တော်ကားရောင်းချင်လို့” ဆိုတဲ့ ကားရောင်းချင်တဲ့ အလူအတွက် ယတြာဆောင်းပါးလေး ဖတ်လိုက်ရတယ်။ တကယ်က ကားရောင်းချင်တဲ့လူက များပါတယ်။ အဲဒီတော့ မဂ္ဂဇင်းစာုပ်ထဲမှာ အဲ့ဒီအကြောင်းအရာကို ဆရာကြီး ရေးတာ မရေးတာ အပထား။ ကျွန်တော်ကသိပ်ပြီး သိချင်တယ်။ သိချင်တာလည်း တခြားကြောင့်မဟုတ်ပါဘူး။ ကျွန်တော်ဆီကို ဗေဒင်လာမေးတဲ့ ပရိသတ်က အဲ့ဒီကိစ္စ ကိုအများစုမေးကြတာခင်ဗျ” ဟုပြောလိုက်လေ၏။ “ ဒီလို စောရန်နိုင်ရဲ့ အရောင်းအ၀ယ်ကိစ္စတစ်ခုဟာ ကိုယ်ရောင်းချင်တိုင်း ရောင်းလို့ရတာ မဟုတ်ဘူး။ ဥပမာကွာ. . အိမ်ရောင်းချင်တယ် ဆိုပါတော့။ မင်းရောင်းမယ့်အိမ်ဟာ မကြာခင်ပြောင်းရ။

ရွှေ့ ရမယ်နေရာမျိုးက အိမ်ဆိုရင်တော့ ဘယ်သူမှ ၀ယ်မှာမဟုတ်ဘူး။ ဆချို့ နေရာမျိုးဆိုရင် ကိုယ့်အိမ်ကသုံးသိန်းလောက်တန်တာ။ သူများ အိမ်ရောင်းလို့ သိန်းသုံးဆယ်လောက်ရ တယ်ဆိုတာနဲ့ ကိုယ်ကလည်းသိန်းသုံးဆယ်လိုချင်လို့တော့ မရဘူး။ ငါ့ဆီကိုကြာဆံဖိုလုပ်တဲ့ အဘိုးကြီးတစ်ယောက်ဟာ သူ့ရဲ့ မြေကွက်ကို သိန်းငါးဆယ်နဲ့ ရောင်းချင်လို့ပါ ဆိုပြီး ယတြာလာပြီးလုပ်ခိုင်းတယ်ကွာ။ ငါက အဲဒီနေရာမှာ အဲဒီ ဈေးရနိုင်ပါ့မလားလို့မေးတော့ သူက သူ့မြေဟာ ပေနှစ်ရာပတ်လည် ရှိတယ်တဲ့။ ပေတစ်ရာပတ်လည်ခြံကလေးတစ်ကွက်တောင် သူ့မိတ်ဆွေတစ်က သိန်းသုံးရာနဲ့ ရောင်းသွားတယ်တဲ့။ အဲဒီလို သူကပြောတယ်။ အဲဒါနဲ့ ငါက ပေတစ်ရာပတ်လည်ကို သိန်းသုံးရာနဲ့ ဘယ်ရောမှာ ရောင်းသွားတာလဲလို့မေးတော့ အင်းလျားမှာလို့ သူက ပြန်ပြီး ဖြေတယ်။ အဲဒီတော့ ငါက ပြန်ဲပီး ပြောတယ်။ အင်းလျားမှာ သိန်း

သုံးရာဆိုတာ နည်းတာပေါ့။ ဒီထက်ပိုပြီး ရသင့်တယ်။ ခင်ဗျားမြေက မြို့ အစွန်၊ ငမိုးရိပ်ချောင်းနံဘေးမှာ ဘယ်လိုလုပ်ရမှာတုံး။ မြေရဲ့ တန်ဖိုး ဆိုတာ အကျယ်အ၀န်းပေါ်မှာ စကားပြောတာ မဟုတ်ဘူး။ နေရာပေါ်မှာလည်း စကားပြောတယ်။ ရီစင်နေဘာ ပရိုက်(စ်) သဘာဝကျတဲ့ ဈေးနှုန်းတော့ ဖြစ်ရမယ်နော်။ ယတြာ စွမ်းတယ်၊ ဓာတ်ရိုက်စွမ်းတယ်ဆိုပြီး တစ်ကျပ်တန်ကို တစ်ဆယ်နဲ့တော့ ရောင်းလို့ မရဘူးနော်။ အဲဒီလို
ရောင်းလို့ ရတယ်ဆိုရင်လည်းပဲ သူများကို လုပ်မပေးဘူး၊ ငါ့ဆီက တန်းမရှိတဲ့ ပစ္စည်း အစုတ်အပြတ်တွေကို ဓာတ်ရိုက်ပြီး ရောင်းပစ်မယ်”ဟု ကျွန်ုပ်က ပြောလိုက်လျှင် ဗေဒင်ဆရာစောရန်နိုင်သည် ဗိုလ်အောင်ဒင်ရယ်သည့်အသံမျိုးဖြင့် ကျွန်ုပ်အား မခိုးမခန့်ရယ်ကာ

“ ဒါကြောင့် လူတွေက ပြောတာပေါ့။ ခင်ဗျားတို့ ဆရာပြီးနဲ့ စကားပြောရတာ သိပ်ပြီး လက်ပေါက်ကပ်တယ်လို့ ပြောတာ” ဟု ပြောလေ၏။ “လက်ပေါက်ကပ်တာ မဟုတ်ဘူး။ လူအတော်များများဟာ အလို့နဲ့ စဉ်းစားတတ်ကြတယ်။ အဲဒီမှာ အံချော်ကုန်တာ များတယ်။ ဒါကြောင့်န ဂိုကတည်းကရှင်းအောင်ပြောထားတာ။ ရှင်းအောင်ပြောတာကိုလက်ပေါက်ကပ်တယ် ထင်ရင်တော့ မတတ်နိုင်ဘူး ငါ့လူရေ”

ဟု ကျွန်ုပ်က ပြောလိုက်လေ၏။ ထိုအခါ ဗေဒင်ဆရာ စောရန်နိုင်က “ဒီလို ဆရာရဲ့  ကျွန်တော်လည်း ဗေဒင်လောကနေတာပဲဗျာ။ ဆရာပြောသလို တစ်ကျပ်တန်ကို တစ်ဆယ်ရအောင်ရောင်းဖို့တော့ ဘယ်ခိုင်းပါ့မလဲဗျာ။ သူ့ဈေးနဲ့ သူသွက်သွက်လက်လက်လေး အရောင်းအ၀ယ်ဖြစ်ဖို့ပဲ ပြောတာပဲ” ဟု ပြောလေ၏။ ထိုအခါ ကျွန်ုပ်က “အဲဒါ ဒီလိုလုပ်ရမယ်။ အသက်အရွယ် အပိုင်းအခြားနဲ့ လိုက်ပြီး ယတြာလုပ်ရမယ်။ နောက်ပြီးတော့ အိမ်ရောင်းတာနဲ့ မြေရောင်းတာဟာ မတူဘူးနော်။ တချို့ က မြေပေါ်မှာ အိမ်တော့ ပါတယ်။ ဒါပေမဲ့ အိမ်က အဓိကမဟုတ်ဘူး

နော်။ မြေက ပိုပြီး တန်ဖိုးရှိတယ်။ အဲဒါမျိုးဆိုရင် မြေကို ဦးစားပေးပြီး စီမံရတယ်။ တချို့ ကတော့ မြေပေါ်မှာ အိမ်ကို အပြည့် ဆောက်ထားတယ်။ အဲဒါကျတော့ မြေရောင်းတာ မဟုတ်ဘူး။ အိမ်ရောင်းတာလို့ သဘောထားရမယ်။ အိမ်ကလည်းတန်ဖိုးရှိတယ်။ မြေကလည်း တန်ဖိုး ရှိတယ် ဆိုရင်တော့ အိမ်ကို ဦးစားပေးပြီး စီမံမယ်” ဟု ကျွန်ုပ်က ပြောလိုက်လေ၏ ။ ထိုအခါ၌ ဗေဒင်ဆရာစောရန်နိုင်သည် ကျွန်ုပ်၏ မျက်နှာကိုကြည့်၍ ကိုးမီးဖဲကစားရာ၌ ဖဲနှစ်ချပ် တစ်ဆယ့်တစ်ရပြီးနောက် နောက်ဆုံးဖဲကို ပါတ်ကြည့်ရာ ဘေးသုံးတန်းဖြစ်နေသောအခါမျိုး၌ မခိုးမခန့်လုပ်တတ်သော ဖဲသမားတစ်ဦး၏ မျက်နှာမျိုးဖြင့် “ဆရာကြီးကလည်း ကျွန်တော့်ကို သိပ်ပြီး အထင်သေးတာပဲ။ အဲဒီလောက်တော့ သိပါတယ်”

ဟု မခိုးမခန့်လေသံမျိုးဖြင့် ပြောပြန်လေ၏။ ထို့ကြောင့် ကျွန်ုပ်က “အဲဒီလောက်ထိ သိရင်တော့ ဆက်ပြီးပြောမယ်” ဟု စကားစလိုက်လျှင်၎င်း စောရန်နိုင်က “အဲဒီလောက် မသိရင် မပြောတော့ဘူးလား” ဟု မေးလေ၏ ။ “ ဒီလောက်မှ မသိရင် ပြောလို့ မရဘူး ကိုယ့်လူရေး ကဲ. . .ကဲ. . . ကိုယ်ပြောတာကို နားထောင်ပါ ။ ဒါမှမဟုတ်ရင်လည်း ငြိမ်ငြိမ်လေး ထိုင်နေပါ။ ကိုယ်စာရွက်တစ်ရွက်မှာ ရေးပြမယ်” ဟု ပြောပြီးလျှင်

ကျွန်ုပ်သည် စာရွက်ယူကာ အိမ်၊ မြေရောင်း၍ အမြန်ထွက်စေသောနည်းကို အောက်ပါအတိုင်း ရေးပြခဲ့လေ၏ ။

အသက် ၂၂၊ ၂၉၊ ၃၆၊ ၄၃၊ ၅၀၊ ၅၇၊ ၆၄၊ ၇၁၊ အရွယ်ရှိသေသူများ အိမ်ရောင်းလိုသော်

အမျိုးသားဖြစ်သော် ကံ့ကော်ညွန် နှစ်ညွန့်ကို အင်္ကျီ အိတ်တွင် ထည့်ပါ။ အမျိုးသမီးဖြစ်သော် ကံ့ကော်ညွန့် နှစ်ညွန့်ကို ခေါင်းတွင်ပန်ပါ ။ ပြီးလျှင် (သရက်သီးအမှည့်ဖြစ်စေ၊ အစိမ်းဖြစ်စေ) ကို ခြောက်စိတ်စားပါ ။ စားပြီးလျှင် ဒန်းကြီးညွန့်ကို အိမ်မှ ဘုရား၌ပင် လှူဒါန်း၍ မိမိအိမ်ရောင်းရလိုကြောင်းလေးနက်စွာ ဆုတောင်းပါ။ ပြုလုပ်ရမည့်နေ့၊ အချိန်မှာ မိမိမွေးနေ့ နံနက် ၉း၄၅ နာရီတွင် ပြုလုပ်ပါ။ (ဥပမာအားဖြင့် တနင်္ဂနွေသားသမီးဆိုလျှင် တနင်္ဂနွေနံနက် ၉း၄၅ နာရီတွင် ပြုလုပ်ပါ) မိမိရောင်းလိုသော အိမ်၏ ဈေးနှုန်းကို ၅ ဂဏန်း ကိုက်အောင် ခေါ်ပါ။ (ဥပမာ ၉ သိန်းဖြင့် ရောင်းလိုသော အိမ်အား ၉ သိန်းဟု ၅ သောင်းဟု ဈေးခေါ်လျှင် ၉ နှင့် ၅ ပေါင်းက ၁၄ ရ၏ ၁ နှင့် ၄ ပေါင်းလျှင် ၅ ပင်ရ၏ ။ ထို့အတူ သိန်း ၈၀ ဖြင့် ရောင်းလိုသော မြေအား သိန်း ၈၀ ဟု ဈေးမခေါ်ပါနှင့်။ ၈၆ သိန်းဟု ခေါ်ပါ။ ၈ + ၆= ၁၄. ၁+ ၄= ၅ ဖြစ်၏ ။ ဤမျှလောက်ဆိုလျှင် သဘောပေါက်လောက်ပေပြီ)

မြေရောင်းလိုသော်

အမျိုးသားရော၊ အမျိုးသမီးပါ ဆီးရွက် ၃ ရွက်ကို လက်ဝဲဘက်ခြေထောက်ဖြင့်နင်း၍ နွားနို့ကျိုပြီးသား တစ်ဖန်ခွက်ကို သောက်ပါ။ ပြီးလျှင်ကတက်ညွန့်ကို အိမ်မှဘုရားတွင် ပန်းအဖြစ်လှူဒါန်းပါ။ ထိုသို့လှူဒါန်းပြီးက မိမိရောင်းလိုသော မြေ အမြန်ဆုံးရောင်းရစေရန်ဆုတောင်းပါ

ဤယတြာကို ပြုလုပ်သူသည် တနင်္လာ၊ ကြာသပတေး သောကြာသားသမီးများဖြစ်က တစ်ကြိမ်သာ ပြုလုပ်ရပါမည်။ တနင်္ဂနွေ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ စနေသားသမီးများဖြစ်က နှစ်ကြိမ်ပြုလုပ်ရပါမည်။

အသက် ၂၃၊ ၃၀၊ ၃၇၊ ၄၄၊ ၅၁၊ ၅၈၊ ၆၅၊ ၇၂၊ အရွယ်ရှိသော သူများ အိမ်ရောင်းလိုသော်

အမျိုးသားဖြစ်က ကံ့ကော်ညွန့် နှစ်ညွန့်ကို အိတိထဲတွင်ထည့်၍ ထားရမည်။ အမျိုးသမီးဖြစ်က ကံ့ကော်ညွန့်နှစ်ညွန့်ကို ခေါင်းတွင်ပန်ထားရမည်။ ပြီးလျှင် ပဲကြော်ကို အနည်းငယ်စားရမည်။ ပြီး စိန်ခြယ်ပန်းသုံးပွင့်၊ အုန်းညွန့် တစ်ညွန့်ကို ပူးပေါင်း၍ အိမ်မှဘုရားတွင် လှူဒါန်းရ မည်။ ထိုသို့ လှူဒါန်းပြီးလျှင်မိမိအိမ် အမြန်ဆုံးရောင်းထွက်လိုကြောင်း ဆုတောင်းပါ။ ဈေးနှုန်းကို ၆ ဂဏန်းကိုအောင် ခေါ်ပါ။ ထိုယတြာကို မိမိမွေးနေ့ နံနက် ၉း၄၅ နာရီတွင် ပြုလုပ်ပါ။

မြေရောင်းလိုသော်

အမျိုးသားဖြစ်က ဒန်းညွန့်တစ်ညွန့်ကို အင်္ကျီးအိတ်တွင်ဆောင်ပါ။ အမျိုးသမီးဖြစ်က ဒန်းညွန့်တစ်ညွန့်ကို ခေါင်းတွင်ပန်ထားပါ။ ပြီးလျှင် ကော်ဖီတစ်ခွက်သောက်ပါ။ ထိုနောက် သြဇာညွန့် ၃ ညွန့်ကို အိမ်မှဘုရားတွင် လှူဒန်းပါ။ ဈေးနှုန်းကို ၆ ဂဏန်းကိုက်အောင်ခေါ်ပါ။

ဤယတြာကို အင်္ဂါ။ သောကြာ၊ စနေ၊သားသမီးများဖြစ်က တစ်ကြိမ်သာ လုပ်ရမည်။ တနင်္ဂနွေ၊ တနင်္လာ၊ ဗုဒ္ဓဟူး၊ ကြာသပတေးဖြစ်က နှစ်ကြိမ်လုပ်ပါ။

အသက် ၂၄၊ ၃၁၊ ၃၈၊ ၄၅၊ ၅၂၊ ၅၉၊ ၆၆၊ ၇၃ အရွယ်ရှိသော သူများ အိမ်ရောင်းလိုသော်

အမျိုးသားဖြစ်က ဒန်းညွန့်တစ်ညွန့်ကို အိတ်ထဲတွင်ဆောင်းထားပါ။ အမျိုးသမီးဖြစ်က ဒန်းညွန့်တစ်ညွန့်ကို ခေါင်းတွင် ပန်ထားပါ။ရေသောက်ပြီးလျှင် ရင်ကပ်ပန်း ၆ ညွန့်၊ ၆ ပွင့် သို့မဟုတ် လက်ခုပ်ညွန့် ၆ ညွန့်ကို ဘုရားတွင် လှူ၍ မိမိအိမ်ရောင်းလိုကြောင်း လေးနက်စွာဆုတောင်းပါ။ ၇ ဂဏန်းကိုအောင် ဈေးခေါ်ပါ။ ထိုယတြာကို မွေးနေ့ နံနက် ၉း၄၅ နာရီတွင် ပြုလုပ်ပါ။

ဤယတြာကို တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ စနေသားသမီးများတစ်ကြိမ်သာ ပြုလုပ်ရပါမည်။ တနင်္လာ၊ အင်္ဂါ၊ ကြာသပတေး၊ သောကြာသားသမီးများ နှစ်ကြိမ်လုပ်ရမည်။

မြေရောင်းလိုသော်

အမျိုးသားရော၊ အမျိုးသမီးပါ သရက်ရွက် ၆ ရွက်ကို လက်ဝဲလက်ခြေထောက်အောက်တွင် နင်း၍ ကော်ဖီတစ်ခွက် သောက်ပြီးလျှင် အိမ်မှ ဘုရား၌ ခရေညွန့်ကို လှူဒါန်း၍ ဤမြေအမြန်ရောင်းရစေကြောင်း ဆုတောင်းပါဤယတြာကို တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ စနေသားသမီးများ တစ်ကြိမ်သာ ပြုလုပ်ရပါမည်။ တနင်္လာ၊ အင်္ဂါ၊ ကြာသပတေး၊ သောကြာသားသမိးများ နှစ်ကြိမ်လုပ်ရမည်။

အသက် ၂၅၊ ၃၂၊ ၃၉၊ ၄၆၊ ၅၃၊ ၆၀၊ ၆၇၊ ၇၄ အရွယ်ရှိသောသူများ အိမ်ရောင်းလိုသော်

အမျိုးသားရော၊ အမျိုးသမီးပါ သရက်ရွက် ၆ ရွက်ကို လက်ယာခြေထောက်ဖြင့် နင်း၍ ဆီးသီး ၃ လုံးစားပါ၊ စံပယ်ပန်း ၂၇ ပွင့်ကို ပန်းကန်ပြားတွင်ထည့်၍ အိမ်မှ ဘုရားတွင်ကပ်လှူပူဇော်ပြီးလျှင် အိမ်ရောင်းရလိုကြောင်း၊ လေးနက်စွာဆုတောင်းပါ။ တန်းကို ၁၈ ဂဏန်းကိုက်အောင်ခေါ်ပါ။ ထိုယတြာကို မွေးနေ့နံနက် ၉း၄၅ နာရီတွင် ပြုလုပ်ပါ။

မြေရောင်းလိုသော်

သရက်ရွက် ၆ ရွက်ကို လက်ယာခြေထောက်ဖြင့် နင်း၍ အုန်းရေသောက်ပါ။ ပြီးလျှင် ပိုက်ဆံမတ်စေ့ ၈ စေ့ကို ပန်းကန်ပြားတွင်ထည့်၍ကပ်လှူပူဇော်ပါ။ ပြီးလျှင် မြေရောင်းရလို ကြောင်း လေးနက်စွာဆုတောင်းပါ။
ဤယတြာကို တနင်္ဂနွေ၊ တနင်္လာ၊ ကြာသပတေး၊ စနေ သားသမီးဖြစ်ပါက နှစ်ကြိမ်ပြုလုပ်ပါ။

အသက် ၂၆ ၃၃၊ ၄၀၊ ၄၇၊ ၅၄၊ ၆၁၊ ၆၈၊ ၇၅ အရွယ်ရှိသော သူများ အိမ်ရောင်းလိုသော်

အမျိုးသားဖြစ်ပါက စံပယ်ပန်း သုံးကုံးကို အိတ်ထဲထည့်ထားပါ။ အမျိုးသမီးဖြစ်ပါက စံပယ်ပန်းသုံးကုံးကို ပန်ထားပါ။ ပြီးလျှင် ပေါင်မုန့်အနည်းငယ်ကို စားပြီးလျှင် ရှောက်သီးတစ်လုံးအား အိမ်မှ ဘုရားတါင် လှူဒါန်းပါ။ မိမိအိမ်ရေားရလိုကြောင်း လေးနက်စွာ ဆုတောင်းပါ။တန်ဖိုးကို ၂ ဂဏန်းကိုက်အောင် ခေါ်ပါ။ ၎င်းယတြာကို မိမိမွေးနေ့၏ နံနက် ၉း၄၅ နာရီတွင်ပြုလုပ်ပါ။

မြေရောင်းလိုသော်

အမျိုးသားဖြစ်ပါက သပြေညွန့်ကို အိတ်ထဲတွင်ထည့်ပါ။ အမျိုးသမီးဖြစ်ပါက သပြေညွန့်တစ်ညွန့်ကို ခေါင်းတွင်ပန်ပါ။ ပြီးလျှင် သပျစ်သီး ၃ လုံးစားပြီးနောက် အီမ်မှ ဘုရား၌ သရက်သီးတစ်လုံး လှူဒါန်း၍ သို့မဟုတ် သရက်ရွက်တစ်ရွက် လှူဒါန်း၍ မြေရောင်းရလိုကြောင်း အလေးနက်ဆုတောင်းပါလေ။ ဤယတြာကို တနင်္လာ၊ အင်္ဂါ၊ သောကြာ သားသမီးဖြစ်ပါက တစ်ကြိမ်ပြုလုပ်ပါ။ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ကြာသပတေးစနေ သားသမီးဖြစ်ပါက နှစ်ကြိမ်ပြုလုပ်ပါ။

အသက် ၂၇၊ ၃၄၊ ၄၁၊ ၄၈၊ ၅၅၊ ၆၂၊ ၆၉၊ ၇၆ အရွယ်ရှိသော သူများ အိမ်ရောင်းလိုသော်

အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ ကံ့ကော်ညွန့် နှစ် ညွန့်ကို လက်ဝဲခြေထောက်ဖြင့်နင်း၍ ပေါင်မုန့်အန်ညးငယ်ကို စားပြီးလျှင် အိမ်မှဘုရား၌ ပိတောက်ညွန့် ၅ ညွန့်ကို လှူဒါန်းပြီးလျှင် အိမ်ရောင်းရလိုကြောင်း အလေးအနက် ဆုတောင်းပါ။ ဈေးနှုန်းကို ၃ ဂဏန်းကိုက်အောင် ဆုတောင်းပါ။ ဤယတြာကို မိမိမွေးနေ့ နံနက် ၉း၄၅ နာရီတွင် ပြုလုပ်ပါလေ။

မြေရောင်းလိုသော်

အမျိုးသားဖြစ်လျှင် သပြေတစ်ညွန့်ကို အင်္ကျီအိတ်အတွင်းတွင် ထည့်၍ အမျိုးသမီးဖြစ်က သပြေတစ်ညွန့်ကို ခေါင်းတွင်ပန်ပါ။ ထို့နောက် ကြံသကာအနည်းငယ်စားပြီးလျှင် တမာညွန့် ၇ ညွန့်ကို ဘုရားတွင် လှူဒါန်းပြီး မြေရောင်းလိုကြောင်းကို လေးလေးနက်နက်ဆုတောင်းပါ။ အင်္ဂါ၊ ဗုဒ္ဓဟူး၊ စနေသားသမီးဖြစ်ပါက ဤယတြာကို တစ်ကြိမ်သာ ပြုလုပ်ပါ။ တနင်္ဂနွေ၊ တနင်္လာ၊ ကြာသပတေး၊ သောကြာသားသမီးဖြစ်က နှစ်ကြိမ်ပြုလုပ်ပါ။
အသက် ၂၈၊ ၃၅၊ ၄၂၊ ၄၉၊ ၅၆၊ ၆၃၊ ၇၀၊ ၇၇ အရွယ်ရှိသော သူများ အိမ်ရောင်းလိုသော် အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ ငွေ ၂ ကျပ်ကို အလက်ယာဘက်ခြေဖြင့်နင်းပြီးလျှင် ရေသောက်ပါ။ ထို့နောက် အုန်းသီးစိပ် ၆ စိပ်အိမ်မှဘုရား၌ လှူဒါန်းပြီး အိမ်ရောင်းရလိုကြောင်း ဈေးနှုန်းကို ၄ ဂဏန်းကိုက်အောင် ခေါ်ပါလေ။ ဤယတြာကို မိမိမွေးနေ့ နံနက် ၉း၄၅ နာရီတွင် ပြုလုပ်ပါ။

မြေရောင်းလိုသော်

အမျိုးသားဖြစ်ပါက ရွက်လှ ၁ ရွက်ကို အိတ်ထဲတွင်ထည့်၍လည်းကောင်း၊ အမျိုးသမီးဖြစ်ပါက ဦးခေါင်းတွင်ပန်၍လည်းကောင်း၊ ပဲပြုတ်အနည်းငယ်စားပြီးလျှင် သရက်ညွန့်နှင့် အုန်းညွန့် ၁ ညွန့်စီ ပူးပေါင်း၍ အိမ်မှ ဘုရား၌ လှူဒါန်းကာ မြေရောင်းရလိုကြောင်း လေးနက်စွာ ဆုတောင်းပါလေ။ ဤယတြာကို တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ကြာသပတေး သားသမီး ဖြစ်လျှင် တစ်ကြိမ်သာပြုလုပ်၍ တနင်္လာ အင်္ဂါ၊ သောကြာ၊ စနေ သားသမီးဖြစ်ပါက နှစ်ကြိမ်ပြုလုပ်ပါ။

“ဆရာကြီး ကျွန်တော်သိပြီးဗျ။ ဒါဟာ အင်္ဂ၀ိဇ္ဇာနဲ့ပေးထားတာ။ အသက်ကို (၇) နဲ့စားပြီး အကြွင်းကို အင်္ဂ၀ိဇ္ဇာတိုင်ထောင်ပြီး စီစဉ်ထားတာပါ။ ကျွန်တော်လည်း လုပ်တတ်ပါတယ် ဆရာကြီးရယ် ” ဟု ပြောလေ၏။ ထိုအခါ ကျွန်ုပ်က “ဒီလိုလေကွာ အမေရိကတိုက်ကို ရှာဖွေတွေ့ရှိတဲ့ ကိုလံဘတ်ကို မကျေနပ်တဲ့ လူတစ်ယောက် အမေရိကတိုက်ကိုတွေ့ဖို့ ကိုလံဘတ်တစ်ယောက်တည်း စွမ်းနိုင်တာ မဟုတ်ပါဘူးဗျာ။

ကျုပ်တို့လည်း သူသွားတဲ့ လမ်းကြောင်းအတိုင်းသွားရင် အမေရိကတိုက်ကို ရောက်မှာပါပဲလို့ အစည်းအဝေးတစ်ခုမှာ ပြောဖူးတယ်။ အဲ့ဒါနဲ့ အနားက လူတစ်ယောက် အိတ်ထဲက ကြက်ဥလေးတစ်လုံးကို ထုတ်ပြီး အမေရိကတိုက်ကို မရှာပါနဲ့ဗျာ။ ဒီကြက်ဥလေးပဲ စားပွဲပေါ်မှာထောင်ပြစမ်းပါလို့ ပြောတယ်။ အဲဒီတာ့ အဲဒီလူက ကြက်ဥကို ယူပြီး ထောင်ကြည့်တယ်။ ဒါပေမဲ့ ထောင်လို့မရဘူး။ ကြက်ဥဟာ လဲကျ လဲကျသွားတယ်။ အဲဒီအချိန်မှာ ကိုလံဘတ်ဟာ အဲဒီ အစည်းအဝေးကိုဆက်လာတယ်။ အဲဒီတော့ကြက်ဥ

လေးကို စားပွဲမှာ ထောင်လို့ရရင် ထောင်ပြစမ်းပါလို့ ပြောတယ်။ အဲဒီအခါမှာ ကိုလံဘတ်က ကြက်ဥကို ယူပြီးထိပ်ကလေးကို စားပွဲခုံနဲ့ ထုလိုက်တယ်။ အဲဒီအခါမှာ ကြက်ဥထိပ်ဟာ အက်ကြောင်းထပ်ပြီး ပြားသွားတယ်။ အဲဒီလို ပြားသွားတော့မှ ကိုလံဘတ်ဟာ အလွယ်တကူပဲ စားပွဲပေါ်မှာ ထောင်ပြတယ်။ အဲဒီအချိန်မှာ အစည်းအဝေးမှာရှိတဲ့ လူအားလုံးက လက်ခုပ်ဝိုင်းပြီးတီးကြတယ်။ အဲဒီလိုပဲ ထထထထထထ။ကိုလံဘတ် လုပ်ပြီးမှတော့ ကျုပ်လည်းလုပ်နိုင်တယ်လို့ လာပြီးမပြောနဲ့” ဟု ပြောလိုက်ရာ ဗေဒင်ဆရာ စောရန်နိုင်က

“ ထားပါတော့။ ထားပါတော့။ ဒီစာရွက်တွေကို ကျွန်တော်ယူသွားမယ် ကိုလံဘတ်ကြီးရေ ” ဟု ငေါ့တော့တော့ပြော၍ ဗိုလ်အောင်ဒင်ဇတ်ကားထဲမှ ဗိုလ်အောင်ဒင်ရယ်သံမျိုးဖြင့် မခိုးမခန့်ရယ်ကာ ဆိုင်ကယ်အစုတ်ကြီးကို တဘုန်းဘုန်းစီး၍ ထွက်သွားလေတော့သတည်း။

သဗ္ဗေသတ္တာ ကမ္မသကာ
မင်းသိင်္ခ

0 comments: