ကြိုးမဲ့ အမြန်ခေတ် Wi-Gig ဆီသို့

Photo
လွန်ခဲ့သော လေးနှစ်လောက်က ဖြစ်ပါသည်။ စင်ကာပူတွင် ကပြသော သီးလေးသီး အငြိမ့်ကို သူငယ်ချင်းများက MP 4 Format ဖြင့် အွန်လိုင်းမှ ပို့ထားသည်ဟု အကြောင်းကြားလာသည်။  မိုဘိုင်းအင်တာနက်ခေတ် မဟုတ်သေး။ အိမ်အနီး အင်တာနက်ဆိုင်မှ Wi-fi ဖြင့် တစ်လ နှစ်သောင်းခွဲပေးကာ အင်တာနက် ချိတ်ထားရသော အချိန်ဖြစ်ပါသည်။
သူ့ Wi-fi က မနက် ၇ နာရီထိုးမှ စလွှင့်သည်။ Wi-fi မှ တစ်ဆင့်ပေးသည့် broadband အင်တာနက်ဟု ဆိုသော်လည်း အမြန်နှုန်းမှာ မည်သည့်အခါမှ 50 Kbps ထက် မကျော်ပါ။

ထို့ကြောင့် ကျွန်မမှာ 400 Mb ကျော်ကျော်ရှိသော ဖိုင်ကို အချိန် ၂ နာရီနီးပါး အကုန်ခံကာ download ချရပါတော့သည်။ 50kbps ဟု ဆိုသော်လည်း ယင်းအမြန်နှုန်းကို တစ်ဖြောင့်တည်း ရသည်မဟုတ်။ အမြန်နှုန်းက အနည်းငယ် တက်သည့်အခါ တက်၏။ တစ်ဟုန်ထိုး ကျသည့်အခါ ကျ၏။ လိုင်းပြတ်မကျသည်ကိုပင် ကျေးဇူးတင်ရမလိုလို။ မနက် ၉ နာရီ ထိုးလျှင် အင်တာနက်ဆိုင် ဖွင့်လိမ့်မည်။ သုံးစွဲသူများ ရောက်လာလိမ့်မည်။ ကျွန်မယူထားသော အင်တာနက် အမြန်နှုန်းလည်း ကျပေလိမ့်မည်။ ဆိုင်မဖွင့်မီ နှစ်နာရီအချိန်အတွင်း download ပြီးပါစေဟု ဆုတောင်းရသည်မှာ အမော။

ဤအဖြစ်မျိုး နောက်တစ်ကြိမ်၌ မိတ်ဆွေအိမ်မှာ ကြုံသည်။ သူ့အင်တာနက်က Wi-Max ဟုခေါ်သော မြန်နှုန်းမြင့် ကြိုးမဲ့ အင်တာနက်။ 512 kbps အမြန်နှုန်းဟု ဆိုသော်လည်း နေ့ဘက် အမြန်နှုန်းသည် 250 kbps ထက် ကျော်သည်မရှိ။ 1Mbps ပြည့်ပြည့်ဝဝ ရသော အမြန်နှုန်းဖြင့် download ဆွဲနိုင်လျှင် မည်မျှကောင်းလေမည်နည်း။ အွန်လိုင်း ဗီဒီယိုကို Streaming နည်းဖြင့် ကြည့်နိုင်မည်။ မိမိကြိုက်သော TV Series များကို တစ်ဝကြီး download ဆွဲထားနိုင်မည်။ တွေးကြည့်ရုံဖြင့်ပင် ရင်ခုန်စရာ။

ထိုရင်ခုန်စရာ မျှော်လင့်ချက်သည် ကျွန်မတို့ဆီတွင် ပြည့်ဦးမည် မဟုတ်သော်လည်း ဖွံ့ဖြိုးပြီး နိုင်ငံတို့ရှိ အင်တာနက် သုံးစွဲသူတို့ အတွက်ကား ပြည့်ပါတော့မည်။ Wi-Gig ဟု ခေါ်သော မြန်နှုန်းမြင့် ကြိုးမဲ့ ဆက်သွယ်ရေး စနစ်သစ် ပေါ်ပေါက်လာသောကြောင့် ဖြစ်ပါသည်။ Wi-Gig သည် အရွယ်အစား ကြီးသော ဖိုင်များကို မြန်ဆန်စွာ ဆွဲချနိုင်ရုံသာ မကသေး။ မြူထုထဲတွင် မော်တော်ကားကို အန္တရာယ်ကင်းအောင် မောင်းနိုင်စေမည့် ရေဒါစနစ်ကိုလည်း ပေါ်ပေါက်လာစေ ပါလိမ့်မည်။ Wi-Gig အခြေပြု ဆော့ဖ်ဝဲသည် ရှုပ်ထွေးကြပ်တောင့်နေသော ယာဉ်ကြောထဲတွင် အဆင်ပြေပြေ သွားနိုင်အောင် အလိုအလျောက် ပဲ့ကိုင်ထိန်းကျောင်း ပေးပါလိမ့်မည်။ မိမိတင်ပြလိုသော presentation များကို HD streaming နည်းဖြင့် တက်ဘလက်မှ နေ၍ပင် ပြသနိုင်ပါဦးမည်။

Wi-Gig စနစ်ကို တီထွင်သော အဖွဲ့အား Wireless Gigabit Alliance ဟု ခေါ်သည်။ Wi-Gig သည် ကြိုးမဲ့ဆက်သွယ်ရေး စနစ်တွင် Multi-gigabit speed ဖြင့် ဆက်သွယ်နိုင်အောင် ရည်ရွယ်သည်။ လက်ရှိ အသုံးပြုနိုင်ပြီဖြစ်သော 802.11 AC စနစ်သည်ပင်လျှင် Wi-fi စနစ်ကို Gigabit များစွာဖြင့် အသုံးမပြုနိုင်ပါ။ Wi-fi စနစ်အား လိုင်စင်ယူရသော လှိုင်းခွင်ထဲမှ လွှင့်ရပါဦးမည်။ ဖမ်းယူရာတွင် 2.4 GHz နှင့် 5GHz ခွင်ထဲမှ ဖမ်းရပါမည်။ သို့သော် Wi-Gig စနစ်ကား လိုင်စင်ရယူရန် မလိုသော 60 GHz ခွင်ထဲမှ ထုတ်လွှင့်နိုင်သည်။ ကုန်ကျစရိတ် သက်သာစေမည့် အားသာချက် တစ်ရပ်ဟု ဆိုနိုင်သည်။

ယခင် တီထွင်ခဲ့သော IEEE 802.11 စနစ်အား မြှင့်တင်မည်ဟု Wi-Gig alliance အဖွဲ့က ၂၀၀၉ ခုနှစ် မေလတွင် ကြေညာခဲ့ပြီးနောက် ဤစနစ်ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ Wi-Gig သည် Wi-fi ကို အခြေပြုထားသည့် အားလျော်စွာ ထိုအဖွဲ့သည် Wi-fi Alliance အဖွဲ့နှင့်လည်း ပူးပေါင်းဆောင်ရွက်ခဲ့ရပါသည်။ သို့နှင့် ၂၀၁၁ ခုနှစ်၊ ဇွန်လတွင် Wi-Gig စနစ်၏ Version 1.1 သည် Specification သတ်မှတ်ချက်များနှင့်အတူ ထွက်ပေါ်လာပါသည်။

Wi-Gig ၏ စည်းကမ်းသတ်မှတ်ချက်များအရ ဆိုလျှင် ကြိုးမဲ့ဆက်သွယ်ရေးစနစ် ပါဝင်သော ပစ္စည်းအားလုံးသည် အလွန်မြန်ဆန်သော Gbps အမြန်နှုန်းဖြင့် ဆက်သွယ်နိုင်ကြမည် ဖြစ်သည်။ data ဖိုင်ကြီးများ လွှဲပြောင်းမှု၊ display အကြီးကို မျှဝေ အသုံးပြုမှု Wireless LAN device များဖြင့်သာ ချိတ်ဆက်ပြီး နားဆင်နိုင်သော Audio ဖိုင်များကို တိုက်ရိုက်ချိတ်ဆက် နားထောင်နိုင်မှုကို ရရှိလာပါမည်။ Wi-fi နှင့် ညှိနှိုင်းလုပ်ဆောင်မှုများကြောင့် လွှင့်လှိုင်းတို့ကို 2.4 GHz၊ 5 GHz တွင်သာမက လိုင်စင်ကြေး ပေးစရာ မလိုသော 60 GHz ခွင်ထဲတွင်ပါ ထုတ်လွှင့်နိုင်ပါမည်။

သီဝရီအရ ရရှိမည့် အမြင့်ဆုံး data လွှဲပြောင်းနှုန်းမှာ 7 Gbps အထိ ရှိမည်ဟု ဆိုထားရာ ယနေ့လက်ရှိ အမြန်ဆုံးဖြစ်သော 802.11 ac စနစ်အား အင်တာနာ ၈ ချောင်းရှိသော စက်ဖြင့် လွှင့်ထုတ်သည့် အတိုင်းပင် မြန်ဆန်ပါလိမ့်မည်။ လောလောဆယ်တွင် အများဆုံး ဖြစ်နေသေးသော 802.11 n အမြန်နှုန်းနှင့် စာလျှင်မူ အဆပေါင်း ၅၀ ခန့် ပိုမိုမြန်ဆန်လာမည့်သဘော ဖြစ်ပါသည်။ သို့ရာတွင် 802.11 n စနစ်အသုံးပြုသည့် ပစ္စည်းအားလုံးသည် Wi-Gig စနစ်ကိုလည်း အသုံးပြုနိုင်ပါလိမ့်မည်။

60 GHz လှိုင်းခွင်အတွင်း လွှင့်ထုတ်မည့် လွှင့်လှိုင်းတို့သည်ကား 802.11 a/b/g/n စနစ်တွင် သုံးသော လွှင့်လှိုင်းတို့ကဲ့သို့ နံရံဖောက်အား မကောင်းပါ။ သို့သော် မျက်နှာကြက်၊ နံရံ၊ ကြမ်းမြင်တို့ကို ထောက်ကန်၍ ပြန်ထွက်လာသော လွှင့်လှိုင်းများကို စုစည်းပြီး Wi-Gig စနစ်ထဲသို့ ပြန်စုထည့်ပေးနိုင်သည်။ ပင်မ Wi-Gig စနစ်ရှိရာ အခန်းတွင် မသုံးဘဲ အခြားနေရာများတွင် သုံးမည်ဆိုပါက Wi-Gig စနစ်မှ နေ၍ Wi-fi စနစ်သို့ ပြောင်းလဲပေးပါမည်။ သို့သော် နံရံများသို့ ဖောက်ဝင်အား ပိုကောင်းလာပါမည်။

လက်ရှိအချိန်တွင် Wi-Gig alliance အဖွဲ့ကြီးအား ဦးဆောင်နေသူမှာ Ali Sadri ဖြစ်ပြီး အဖွဲ့ Chairman နှင့် president ရာထူးကို ရယူထားပါသည်။ ယင်းအဖွဲ့တွင် ပါဝင်သော ကုမ္ပဏီပေါင်း ၄၀ ဝန်းကျင်ရှိနေပြီး၊ နာမည်ကြီး ကုမ္ပဏီများအဖြစ် Samsung/ Huawei/ ZTE/ Texas Instrument တို့ ပါဝင်ကြောင်း တွေ့ရပါသည်။ Device များတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရန်အတွက် Video Electronic Standards Association (VESA) ဖြင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့သလို HDMI လိုင်စင်ကိစ္စ အတွက် လည်းကောင်း၊ Wi-fi နှင့် တွဲဖက် အသုံးပြုနိုင်ရန် အတွက် လည်းကောင်း၊ သက်ဆိုင်ရာ အဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ပါသည်။

၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်အရ Wi-Gig protocol တွင် Wi-Gig စနစ်သစ်အား USB dongle မှ တစ်ဆင့် အသုံးပြုရန် Wi-fi alliance အဖွဲ့နှင့်လည်းကောင်း၊ USB ထုတ်လုပ်သူများ အဖွဲ့နှင့် လည်းကောင်း သဘောတူညီချက် ရထားပြီဟု သိရပါသည်။ အသုံးပြုမည့် Wireless USB စနစ်မှာ USB 2.0 နှင့် 3.0 driver များ အပေါ်တွင် အခြေပြုပါလိမ့်မည်။ USB ထုတ်လုပ်သူများနှင့် ပူးပေါင်းဆောင်ရွက်ချက်အရ Wi-Gig တံဆိပ်ပါသော ပစ္စည်းများသည် USB တစ်ခု၏ လုပ်ငန်းဆောင်တာများကိုလည်း ဆောင်ရွက်နိုင်မည်ဟု ဆိုပါသည်။

လက်ရှိ ထုတ်လုပ်ထားသော version 1.1 အရ Wi-Gig စနစ်သည် အောက်ပါစွမ်းရည်များကို ပိုင်ဆိုင်ပါလိမ့်မည်။ (၁) IEEE 802.11 802.11 စနစ်ရှိ အတန်းအစား အားလုံးနှင့် ချိတ်ဆက်အသုံးပြုနိုင်ပြီး 802.11 MAC (Media Access Control) ကိုလည်း သုံးစွဲနိုင်ပါမည်။ (၂) Physical Layer က ပါဝါစားသုံးမှု နည်းပြီး performance ကောင်းမွန်ပါသည်။ (၃) PC နှင့် တွဲဖက်သုံး ပစ္စည်းများအား ချိတ်ဆက်နိုင်ရန် အတွက်လည်းကောင်း၊ HDTV/ monitor/ projector စသည့် display Interface များနှင့် ချိတ်ဆက်ရန် အတွက် လည်းကောင်း၊ data bus များကို အထောက်အပံ့ပေးပါမည်။ (၄) လိုင်းအားကောင်းအောင် စုစည်းပေးနိုင်သော စနစ် ပါဝင်ခြင်းကြောင့် အကွာအဝေး ၁၀ မီတာထက် ပိုသော နေရာမှနေ၍ သုံးစွဲနိုင်ပါလိမ့်မည်။ (၅) data လွှဲပြောင်းနှုန်း 7 Gbps အထိ ရရှိမည် ဖြစ်ပြီး 802.11 n အမြန်နှုန်းထက် သေချာပေါက် ဆယ်ဆပိုမြန်ပါတယ်။ data များအတွက် အဆင့်မြင့် လုံခြုံရေး စနစ် ပါဝင်လာမည် ဖြစ်သလို device များ အတွက် အဆင့်မြင့် power management စနစ် ပါဝင်လာပါမည်။

ဧဧသက် (ဖြိုးဓန ဒစ်ဂျစ်တယ် ဓါတ်ပုံ)

0 comments: