အသည်းကွဲခြင်းကို ပြန်လည်ကုစားပေးနိုင်မယ့် အချက် (၃) ချက်


အသည်းကွဲရောဂါကို ခံစားဖူးတဲ့ လူတိုင်းဟာ အဲ့ဒီလို ခံစားနေရချိန်ကို ငရဲလို့ တင်စားလေ့ရှိကြပါတယ်။ မအိပ်နိုင်၊ မစားနိုင်၊ ဘယ်မှ မသွားချင်မလာချင် ဖြစ်လေ့ဖြစ်ထ ရှိကြပေမယ့် ဒီရောဂါကို ပျောက်ကင်းအောင် ကုသဖို့ဆိုတာမျိုးကိုတော့ သူတို့သေချာမသိကြပါဘူး။
အချိန်က ကုစားသွားမယ်ဆိုတာမျိုးက မှန်ပေမယ့် အဲ့ဒီအချိန်တွေကုန်အောင် ဘယ်လိုဖြတ်ကျော်မလဲဆိုတာက အရေးကြီးနေပြန်ပါရော။ အဲ့ဒီတော့ ရောဂါကို ခံစားရတာ မှန်ပေမယ့် သက်သက်သာသာလေးနဲ့ ဖြတ်ကျော်သွားနိုင်မယ့် နည်းလမ်း (၃) ခုကို ဖော်ပြပေးလိုက်ပါတယ်။
၁။ အလုပ်အပြင် ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ပရဟိတလုပ်ငန်းလေးတွေ လုပ်ပေးပါ။ မိဘမဲ့ကလေးတွေဆီ သွားပေးတာမျိုး၊ ဘုန်းကြီးကျောင်းမှာ သွားပြီးကူညီပေးတာမျိုး၊ တိရိစ္ဆာန်ထိန်းသိမ်းရေး စင်တာတွေမှာ သွားကူညီတာမျိုး စသဖြင့် ကိုယ်နဲ့နီးစပ်ရာအသိုင်းအ၀ိုင်းကို အကူအညီတောင်းပြီး ပရဟိတလုပ်ငန်းတွေ လုပ်ကိုင်ပေးပါ။ ကိုယ့်ဘာသာကိုယ်လည်း စိတ်ချမ်းမြေ့နိုင်သလို ခံစားနေရတာတွေကိုလည်း အထိုက်အလျောက် သက်သာစေမှာပါ။ အချိန်ကို အကျိုးရှိစွာ အသုံးချနည်းတစ်မျိုးပဲပေါ့။

၂။လေ့ကျင့်ခန်းလုပ်ပေးပါ။ မနက်ဖြစ်ဖြစ်၊ ညနေ ကျောင်း၊ ဒါမှမဟုတ် အလုပ်ပြီးတဲ့အချိန်တွေမှာပဲဖြစ်ဖြစ် ကိုယ်လက်လှုပ်ရှားမှု တစ်ခုခုလုပ်ပါ။ အားကစားလုပ်ခြင်းဟာ စိတ်ကို တည်ငြိမ်စေတဲ့အပြင် ညဘက် ကောင်းကောင်းအိပ်ပျော်စေနိုင်တဲ့အတွက် အသည်းကွဲနေလို့ ညဘက်အိပ်မပျော်တာမျိုးတွေ မဖြစ်တော့ဘူးပေါ့။

၃။အိမ်ထဲ အောင်းမနေဘဲ အပြင်သွားပါ။ သူငယ်ချင်းတွေနဲ့ တွေ့တာမျိုး၊ ဆွေမျိုးတွေဆီ သွားလည်တာမျိုးတွေအတွက် အချိန်ပေးလိုက်ပါ။ အဲ့ဒီလိုမှ မလုပ်ချင်ဘူးဆိုရင်တော့ တစ်ယောက်တည်း လေကောင်းလေသန့် ထွက်ရှုတာမျိုး လုပ်ပေးဖို့ လိုပါတယ်။ အခန်းအောင်းပြီး တစ်ယောက်တည်းနေခြင်းက စိတ်ကျရောဂါ ဖြစ်နိုင်တာကြောင့်ပါ။

Ref:womenshealthmag.com

0 comments: