ဆိတ်ငြိမ်နေသော ဆည်းလည်းလေးများ


ကျွန်တော် ကုသိုလ်တော်ဘုရားကို သန့်ရှင်းရေးလုပ်ဖို့ ရောက်ဖြစ်ခဲ့တယ်။ ဘုရားထဲ ဝင်လိုက်တော့ ကျွန်တော့်နောက်ကနေ ခရေပန်းလေး ဝယ်ပါဦးဆိုပြီး ကလေးမလေးတစ်ယောက် တစ်ကောက်ကောက်နဲ့ လိုက်လာတာတွေ့တော့ လှည့်ကြည့်မိတယ်။ နှစ်တန်း အရွယ်လောက်ဘဲ ရှိဦးမယ်ထင်ပါတယ်။ ဒါနဲ့ ဘယ်က လာရောင်းတာလဲ မေးကြည့်လိုက်တော့ အုတ်စက်က လာရောင်းတာတဲ့။ အုတ်စက်ဆိုတာ မန်းလေး နန်းရှေ့ မြောက်ဘက်က ရပ်ကွက်ကို ခေါ်တာပါ။ ဒါနဲ့ သူ့ရဲ့ ဗန်းကလေးထဲကို ကြည့်လိုက်တော့ လောလောလတ်လတ် သီကုံးထားတဲ့ ခရေပန်းကုံးလေးတစ်ချို့ကို တွေ့ရတယ်။ ကျွန်တော့် သူငယ်ချင်းတစ်ချို့က ပန်းဝယ်မယ်ဆိုပြီး ဈေးမေးကြည့်တော့ တစ်ကုံးကို တစ်ရာကျပ်တဲ့။
အရှည်ကတော့ ၁ပေလောက်အရွယ်လေး နှီးကြိုးလေးနဲ့ သီထားတာပါ။ နောက်ပြီး တစ်ထွာအရွယ်လေးတွေကိုလည်း သီထားတာကို တွေ့ရပါတယ်။ အဲဒါရော ဘယ်လောက်လဲ မေးလိုက်တော့ တစ်ရာဘဲတဲ့။ ကလေးလေးက ငယ်ပေမယ့် လည်မယ့်ပုံလေး ရှိပါတယ်။

 ခေါင်းမှာလည်း ဆံမြိတ်လေးကို နှစ်ဘက်ချီပြီး ချထားသလို ပါးပြင်လေးမှာလည်း သနပ်ခါးကို သစ်ရွက်ပုံလေး လူးထားပါတယ်။ ပါးပြင်မှာ ညောင်ရွက်ပုံ သနပ်ခါးလေးနဲ့ ပြုံးရယ်လိုက်ရင် အပြစ်ကင်းစင်တဲ့ မျက်နှာလေးဟာ ဖြူစင်တဲ့ ကလေးသဘာဝကို ဖော်ပြနေတာပါ။ ကျောင်းစိမ်း တစ်ပတ်နွမ်းလေးကို ဝတ်ထားပြီးတော့ ဖုန်းထည့်တဲ့ အိတ်ကလေးဟာလည်း သူမရဲ့ ပန်းရောင်းလို့ရတဲ့ပိုက်ဆံထည့်ဖို့ဆိုတာကို ဖော်ပြနေပါတယ်။ နေထိုင်ရတဲ့ ပတ်ဝန်းကျင်အနေအထားကြောင့် ထင်ပါရဲ့။ လက်မှာလည်း ခြင်ကိုက်ရာလေးတွေကို တွေ့ရတော့ သနားမိပါတယ်။ ဒါနဲ့ ကျောင်းမတက်ဘူးလား မေးလိုက်တော့ မတက်ဘူးလို့ ပြောတာဘဲ။ ဒါပေမယ့် ညကျရင်တော့ ဆရာမက စာရေးခိုင်းတယ်တဲ့။ ကျွန်တော့်ရင်ထဲမှာ ခံစားမိပါရဲ့ဗျာ... ဒီလို ဆိတ်ငြိမ်နေတဲ့ ဆည်းလည်းလေးတွေကို အသံမြည်လာဖို့ လေတိုက်ပေးရသလို လိုအပ်ချက်ရှိနေတဲ့ ကလေးငယ်များအတွက်လည်း တတ်နိုင်သူများက ပါဝင်ကူညီပေးဖို့ လိုအပ်ပါတယ်။ အခုလို ပရဟိတ ဘုန်းတော်ကြီးသင် စာသင်ကျောင်းတွေ ပေါ်လာတဲ့အခါမှာ ထိုကျောင်းမှာ ဆိတ်ငြိမ်နေတဲ့ ဆည်းလည်းလေးတွေ အများကြီးပါ။ ဆည်းလည်းလေးတွေ အသံမြည်မှ သာယာသလို ပညာတတ်တဲ့ ကလေးငယ်တွေ တိုးတက်လာမှ ကျွန်တော်တိုင်းပြည် တိုးတက်လာမှာပါ။ ဒီလို ဆည်းလည်းလေးတွေြ

မည်ဖို့အတွက် အထောက်အပံ့ဆိုတာ လိုအပ်ပါတယ်။ အထောက်အပံ့ဆိုတာနဲ့ ငွေကိုချည်း ပြေးမြင်လို့မရပါဘူး။ ငွေကြေးမတတ်နိုင်သူတွေဟာ မိမိတတ်စွမ်းသမျှ ပညာရပ်နဲ့ ပါဝင်ကူညီပေးလို့ရပါတယ်။ အခုဆိုရင် ဘကကျောင်းတွေမှာ စေတနာ့ဆရာအဖြစ်နဲ့ ပါဝင်ကူညီပေးတဲ့ လူငယ်တွေဟာ အများကြီးပါ။ ဒီလို ပါဝင်ကူညီပေးတာဟာ မွန်မြတ်သော ကုသိုလ်တရားပါ။

နိုင်ငံတစ်နိုင်ငံရဲ့ တိုးတက်မှုဟာ ထိုနိုင်ငံရဲ့ ပညာရေးပေါ်မှာ မူတည်ပါတယ်။ သဘာဝ သယံဇာတတွေ မည်မျှပင် များပြားစေကာမူ ပညာတတ် မရှိလျှင် ထိုနိုင်ငံဟာ သယံဇာတတွေ ကုန်ခမ်းသွားတဲ့တစ်နေ့ ဆင်းရဲတဲ့ တိုင်းပြည် ဖြစ်သွားမှာပါ။ သောက်စရာရေပင် မထွက်သော စင်ကာပူနိုင်ငံသည် ကမ္ဘာပေါ်တွင် အတိုးတက်ဆုံးနိုင်ငံ ဖြစ်ရသည်မှာ ပညာတတ် ပေါများခြင်းကြောင့်ပင်။ ဒါကြောင့် ကျွန်တော်တို့ မြန်မာပြည် တိုးတက်ဖို့ ပညာတတ်တွေ အများကြီးလိုအပ်ပါတယ်။ ယနေ့လူငယ်၊ နောင်ဝယ်လူကြီး ဆိုတဲ့အတိုင်း ယနေ့လူငယ်တွေဟာ တစ်ချိန်ကျရင် လူကြီးတွေဖြစ်လာမှာပါ။ ဒါကြောင့် ဆိတ်ငြိမ်နေသော ဆည်းလည်းလေးတွေ မြည်ဖို့အတွက် နိုင်ငံသူ၊ နိုင်ငံသားတိုင်းမှာ တာဝန်ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့နဲ့အတူ ငြိမ်နေသော ဆည်းလည်းလေးများကို အသက်သွင်းပေးလိုက်ကြရအောင်ဗျာ...

(ပုသိမ်ကြီးမြို့နယ်၊ ရေထွက်မစိုးရိမ် ဘကကျောင်းတွင် စေတနာ့ဆရာများအဖြစ် ပါဝင်ကူညီနေကြသော Mandalay Volunteers Group အဖွဲ့ဝင်များကို ဂုဏ်ပြုလျက်...)

လင်းယံခ (မြန်မာစာ)
9/6/2013 7:43PM

0 comments: