အများပြည်သူနှင့် သက်ဆိုင်သော နေရာများတွင် အခမဲ့ ဝိုင်ဖိုင်စနစ် ထားရှိမှု အားနည်းနေ



Photo
မိုဘိုင်းဖုန်း၊ သင်ပုန်းကွန်ပျူတာ (Tablet) များဖြင့် အင်တာနက် အသုံးပြုသူ များပြားလာသည့် အတွက် အများပြည်သူနှင့် သက်ဆိုင်သော အချက်အချာ ကျသည့် နေရာများတွင် ကြိုးမဲ့ အင်တာနက် စနစ်ဖြစ်သည့် Wi-Fi ဝန်ဆောင်မှု ယခုအချိန်တွင် လိုအပ်လာနေပြီဖြစ်ကြောင်း ရန်ကုန်နှင့် မန္တလေးမြို့များရှိ ဒေသခံ မိုဘိုင်း အင်တာနက်သုံးသူများက ဆိုကြသည်။
ယခု လက်ရှိတွင်  မိုဘိုင်းဖုန်းဖြင့် အင်တာနက် အသုံးပြုသူများ အနေဖြင့် မြန်မာ့ ဆက်သွယ်ရေး၏ အင်တာနက် ဝန်ဆောင်မှုကိုသာ သုံးစွဲနေရပြီး ၎င်းတို့တွင် အခြား ရွေးချယ်စရာ ဝန်ဆောင်မှုများ မရှိဟု ဆိုကြသည်။ “အခုခေတ် အခြေအနေက လူငယ်တွေပဲဖြစ်ဖြစ်  ကြည့်လိုက်ရင် မိုဘိုင်းဖုန်း တစ်လုံးနဲ့ သွားသွားလာလာ အလုပ်လုပ်တဲ့သူ၊ လူမှုကွန်ရက်ဆိုက်တွေကို သုံးတဲ့သူတွေ ချည်းပါပဲ။ ဒီကနေ တစ်ဆင့် အဆက်အသွယ်တွေ လုပ်လာကြတဲ့ အခြေအနေမှာ ဖုန်းထဲ မဖြစ်မနေ ရွေးချယ်စရာ မရှိလို့ ထည့်ထားရတဲ့ ဆက်သွယ်ရေးရဲ့ အင်တာနက် တစ်ခုတည်း အမြဲ သုံးမနေနိုင်ပါဘူး။ အခမဲ့ လွှင့်တင်ပေးထားတဲ့ ဝိုင်ဖိုင်စနစ်တွေကို အများပြည်သူနဲ့ သက်ဆိုင်သော နေရာတွေမှာ ရှိစေချင်ပါတယ်။ အခုဆို နိုင်ငံတကာက ဧည့်သည်တွေ ဝင်လာလို့မှ ဒီလို ဝန်ဆောင်မှုမျိုးလေးတောင် မရှိရင် အဆင်မပြေပါဘူး” ဟု စင်ကာပူနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာ အမျိုးသမီး တစ်ဦးက ပြောသည်။

တစ်ခုတည်းသော မြန်မာ့ဆက်သွယ်ရေး၏ CDMA နှင့် GSM အစရှိသော မိုဘိုင်းဖုန်း အင်တာနက် ဝန်ဆောင်မှုများ၏  အင်တာနက်မြန်နှုန်း အရည်အသွေးသည်လည်း သုံးစွဲသူသို့ ကောင်းမွန်ပြည့်ဝသည့် ဝန်ဆောင်မှုကို ယခုအချိန်အထိ မပေးနိုင်သေးပေ။ ထို့ကြောင့် အသုံးပြုသူများသည် အိမ်နီးချင်း နိုင်ငံများကဲ့သို့ အခမဲ့ ဝိုင်ဖိုင်စနစ် လွှင့်တင်ပေးသော ဝန်ဆောင်မှုများနှင့် ကောင်းမွန်သည့် ဝန်ဆောင်မှုကို ပေးနိုင်သော ပုဂ္ဂလိက ISP ကုမ္ပဏီများ ပေါ်ပေါက်လာရန် အလိုရှိနေကြကြောင်း ထိုသူများထံမှ စုံစမ်းသိရသည်။ “အိမ်နီးချင်း ထိုင်းကိုပဲကြည့်မယ်ဆို အများပြည်သူသွားလာတဲ့ နေရာတွေမှာ အခမဲ့ ဝိုင်ဖိုင်တွေ လွှင့်ပေးထားတာ တွေ့ရတယ်။ ဒီမှာကတော့ အခမဲ့ ဝိုင်ဖိုင်စနစ်ကို ကောင်းကောင်းမွန်မွန် သုံးလို့မရသေးတဲ့အပြင် ရှိတဲ့ ဆက်သွယ်ရေး ဝန်ဆောင်မှုတွေကလည်း ညံ့နေတုန်းပဲ။ အခုလူတွေမှာ မိုဘိုင်းဖုန်းနဲ့ အင်တာနက် အသုံးပြုလာတာတွေ များလာလေလေ ဒီလို အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ ဒီလို ဝန်ဆောင်မှုက လိုအပ်လာလေလေပါပဲ” ဟု ရန်ကုန်မြို့နေ မိုဘိုင်းဖုန်းဖြင့် ပုံမှန် အင်တာနက် အသုံးပြုသူ ကုမ္ပဏီ ဝန်ထမ်း အမျိုးသမီး တစ်ဦးက ပြောသည်။

ရန်ကုန်မြို့ရှိ စားသောက်ဆိုင်၊ ဈေးဝယ်စင်တာနှင့် ကုန်တိုက်၊ လေဆိပ် အစရှိသည့် နေရာများတွင် ဝိုင်ဖိုင်စနစ်ဖြင့် အင်တာနက်များကို အခမဲ့ လွှင့်တင်ထားပေးခြင်းများ ရှိသော်လည်း အသုံးပြုသူများ အနေဖြင့် ထိုဝန်ဆောင်မှုကို ကောင်းစွာ အသုံးပြုနိုင်ခြင်း မရှိဟု သိရသည်။ “အခမဲ့ ဝိုင်ဖိုင် ပေးထားပါတယ် ဆိုတဲ့ နေရာတွေမှာ သုံးကြည့်ပါ။ အင်တာနက် စာမျက်နှာ တစ်ခုပွင့်ဖို့ တော်တော်ခက်ပါတယ်။  ဒါကတော့ အဲဒီ ဝန်ဆောင်မှုကို ရောင်းချတဲ့ ကုမ္ပဏီ ဒါမှမဟုတ် အင်တာနက် ထောက်ပံ့ပေးတဲ့ လုပ်ငန်းတွေရဲ့ ညံ့ဖျင်းမှုပါပဲ” ဟု  ရန်ကုန်မြို့နေ လူငယ်တစ်ဦးကလည်း ဆိုသည်။ လက်ရှိ ပြည်တွင်းတွင် အင်တာနက် ဝန်ဆောင်မှု ပေးနေသည့် ISP (Internet Service Provider) များမှာ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ ရတနာပုံတယ်လီပို့နှင့် ဟံသာဝတီ နေရှင်နယ် ဂိတ်ဝေးတို့သာ ရှိသည်။ ထိုဝန်ဆောင်မှု လုပ်ငန်းသုံးခုတွင် မိုဘိုင်းဖုန်းဖြင့် အင်တာနက် အသုံးပြုသူများ အနေဖြင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ ဂျီအက်စ်အမ်နှင့် စီဒီအမ်အေ လိုင်းများအတွက် ရောင်းချသည့် ဝန်ဆောင်မှု တစ်ခုတည်းကိုသာ အသုံးပြုနေရသည်။

ရန်ကုန်မြို့၏  မိုဘိုင်းဖုန်းဖြင့် အင်တာနက် အသုံးပြုသူ အများစုသည် အများပြည်သူနှင့် သက်ဆိုင်သော နေရာများတွင် အခမဲ့ ဝိုင်ဖိုင်စနစ်များကို လိုအပ်သည့်အပြင် အခကြေးငွေဖြင့်  အသုံးပြုနိုင်သည့် ပုဂ္ဂလိက အင်တာနက် ဝန်ဆောင်မှု လုပ်ငန်းများကိုပါ ထပ်မံ ပေါ်ထွက်လာစေခြင်း ဖြစ်သည်ဟု ထိုသူများထံမှ သိရသည်။ “ကျွန်တော်တို့မှာ  ရွေးချယ်စရာ မရှိဘူး။  ဖုန်းထဲ ထည့်ထားတဲ့ ဆက်သွယ်ရေးက အင်တာနက် တစ်ခုကိုပဲ အမြဲသုံးနေရတော့ ဖုန်းဘီလ်လည်းပဲ ခဏခဏ ဖြည့်သွင်းရတယ်။ ဝန်ဆောင်မှုကလည်း မကောင်းဘူးလို့ပဲ ပြောချင်ပါတယ်။ နိုင်ငံသားတွေ အတွက် စဉ်းစားတယ်ဆိုရင် ပုဂ္ဂလိကကိုဖြစ်ဖြစ် လုပ်ကိုင်ခွင့်တွေ ပွင့်ပွင့်လင်းလင်း ချပေးပါ။ ကျွန်တော်တို့ လွတ်လပ်စွာ ရွေးချယ် သုံးစွဲချင်ပါတယ်” ဟု  မိုဘိုင်း အင်တာနက် အသုံးပြုသူ အခြား လူငယ် အမျိုးသား တစ်ဦးကလည်း အထက်ပါအတိုင်း ဆိုသည်။ လွန်ခဲ့သည့် ငါးနှစ်ဝန်းကျင်ခန့်က ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုက အမျာပြည်သူနှင့် သက်ဆိုင်သော နေရာများတွင် အခမဲ့ ဝိုင်ဖိုင်စနစ်ဖြင့် အင်တာနက် လွှင့်တင်ပေးမည်ဟု ပြောဆိုခဲ့သော်လည်း လက်တွေ့တွင် အကောင်အထည် ဖော်နိုင်ခဲ့ခြင်း မရပေ။
 
ယုဇနကိုကို

0 comments: