DDR4 ခေတ် ရောက်ပြီ
ကွန်ပျူတာ တစ်လုံး သွက်သွက်လက်လက် မြန်မြန်ဆန်ဆန် အလုပ်လုပ်ဖို့ဆိုရင် RAM (Random Access Memory) လို့ခေါ်တဲ့ မှတ်ဉာဏ်က အတော်လေး အရေးပါတယ်။ ကွန်ပျူတာမှာ မှတ်ဉာဏ်ယူနစ်လို့ ပြောရင် ပစ္စည်း နှစ်မျိုးနှစ်စား တွေ့နိုင်ပါတယ်။
ယာယီမှတ်ဉာဏ်လို့ ခေါ်တဲ့ RAM နဲ့ အမြဲတမ်း မှတ်ဉာဏ်လို့ခေါ်တဲ့ Hard drive တွေ ဖြစ်ပါတယ်။ ထပ်ဖြည့်လို့လည်း မရ၊ နှုတ်လို့လည်း မရတဲ့ ROM (Read Only Memory) မှတ်ဉာဏ်အသေဆိုတာလည်း ရှိပါသေးတယ်။ DVD စက်တွေမှာ စက်အဖွင့်အပိတ် လုပ်ပေးထားတာ ROM အပေါ်မှီပြီး လုပ်ပေးတာ ဖြစ်ပါတယ်။
ကွန်ပျူတာတွေဟာ ပေါ်ဦးပေါ်ဖျားမှာ ကျွန်တော်တို့ တွေ့သလို ဒစ်ဂျစ်တယ် စနစ်အပေါ် အခြေပြုပြီး လာတာ မဟုတ်ဘဲ အင်နာလော့ဂ်စနစ်အပေါ် မှီပြီး လာတာပါ။ လျှပ်စစ်စီးဆင်းမှု မရှိရင် သုည၊ လျှပ်စစ်စီးဆင်းမှု ရှိရင် တစ်ဆိုပြီး သတ်မှတ်တာဟာ ဒစ်ဂျစ်တယ် စနစ်ဖြစ်ပြီး လျှပ်စစ် စီးဆင်းမှု ရှိတယ်၊ မရှိဘူးဆိုတာကို အညွှန်းတစ်ခုက တစ်ဆင့် မှတ်သားတဲ့ နည်းကိုတော့ အင်နာလော့ဂ်စနစ်လို့ ခေါ်ပါတယ်။
အင်နာလော့ဂ်စနစ်မှာ ရှိတုန်းက ကွန်ပျူတာ မှတ်ဉာဏ်အဖြစ် လေဟာ မီးသီးတွေကို သုံးပါတယ်။ နောက်ပိုင်း ပိုပြီး ခေတ်မီလာတော့ ထရန်စစ္စတာတွေကို မှတ်ဉာဏ်အနေနဲ့ သုံးပါတယ်။ ထရန်စစ္စတာတွေက အရွယ်အစား ပိုသေးပြီး လေဟာမီးသီးတွေထက်စာရင် အလုပ်လုပ်တာ ပိုမြန်ပါတယ်။ ထရန်စစ္စတာခေတ်မှာ ယာယီမှတ်ဉာဏ်ကို registers လို့ ခေါ်ပါတယ်။ ဒီနေ့ခတ် ကျွန်တော်တို့ သုံးတဲ့ RAM အပြားတွေထက်စာရင် အရွယ်အတော်ကြီးနေပြီး ပါဝါစားသုံးမှု များပါတယ်။ data ပမာဏ အများအစား ကိုင်တွယ်အလုပ်လုပ်နိုင်မယ့် ထရန်စစ္စတာခေတ်မှာ 1000-2000 bit လောက်ရှိတဲ့ data တွေကိုပဲ ကိုင်တွယ်နိုင်ခဲ့ပါတယ်။
RAM လို့ အမှန်တကယ် ခေါ်နိုင်တဲ့ ပစ္စည်းကို Willians Tube က ၁၉၇၄ ခုနှစ်မှာစပြီး တီထွင်ပါတယ်။ ဒါပေမဲ့ ဒီနေ့ခေတ် RAM တွေကို သီးခြားမြောင်းထဲမှာ အထိုင်ချပြီး အလုပ်လုပ်တာ မဟုတ်ပါဘူး။ CRT တစ်နည်း ပြောရရင် ဟိုတုန်းက ကျွန်တော်တို့ သုံးခဲ့တဲ့ ဘုလုံး မော်နီတာကြီးတွေရဲ့ မျက်နှာပြင်မှာ အလုပ်လုပ်တာ ဖြစ်ပါတယ်။ ပါဝါသုံးစွဲမှု လျော့နည်းပေမယ့် data 1000-bit လောက်ပဲ ကိုင်တွယ်နိုင်ပါတယ်။ သူ့ရဲ့နောက်မှာ Maganetic core memory ဆိုတာ ထွက်လာပြီး ၁၉၇၀ ပြည့်ပတ်ဝန်းကျင်ထိ အသုံးပြုခဲ့ကြတယ်။
Maganetic core memory ကို တော်လှန်ပြောင်းလဲတာက Solid-State Memory လို့ ခေါ်တဲ့ ပစ္စည်းတွေဖြစ်ပြီး IC (Integrated Circuit) တွေကို သုံးပါတယ်။ အခုခေတ်သုံးတဲ့ RAM နဲ့ နီးနီးစပ်စပ်တူတဲ့ ပစ္စည်းတွေပေါ့။ မျိုးဆက်သစ် RAM တွေဟာ ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ ပေါ်လာပါတယ်။ DRAM (Dynamic-Random Access Memory) တွေကို Robert H.Dennard က ၁၉၆၈ ခုနှစ်မှာ တီထွင်ပါတယ်။
RAM ကိုကြည့်ရင် သုံးမျိုးသုံးစား တွေ့နိုင်ပါတယ်။ အဲဒါတွေက SRAM (Static RAM) / DRAM (Dynamic RAM) / PRAM (Phase-Change RAM) တို့ ဖြစ်ပါတယ်။ ၂၁ ရာစုနှစ် ကွန်ပျူတာ အားလုံးမှာ သုံးနေတာဟာ DRAM အမျိုးအစားပါ။ ထုတ်လုပ်မှု စရိတ်သက်သာတယ်။ နေရာနည်းနည်းယူပြီး Memory များများ ရစေပါတယ်။ ဒါပေမဲ့ DRAM တွေဟာ လျှပ်စစ်ဓါတ်ကို ကြာရှည်သိုလှောင်နိုင်စွမ်း မရှိတဲ့ အတွက် ပြန်ပြန်ပြီး recharge လုပ်ပေးရပါတယ်။ အဲဒီ လုပ်ငန်းစဉ်ကို Refresh လုပ်တယ်လို့ ခေါ်ပါတယ်။ SRAM က DRAM လို refresh လုပ်ပေးဖို့ မလိုပါဘူး။ အလုပ်လုပ်တာလည်း ပိုပြီး မြန်ပါတယ်။ ဒါပေမဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်မြင့်ပြီး နေရာယူလွန်းတာကြောင့် ကွန်ပျူတာ လောကမှာ အသုံးမတွင်ပါဘူး ။PRAM ကတော့ လာမယ့် ဆယ်စုနှစ်ထဲမှာ နေရာယူလာမယ့် သဘောရှိပါတယ်။
DRAM မှာ ပထမဆုံး စပြီး သုံးခဲ့တာက SDRAM (Syochronous DRAM) ဖြစ်ပါတယ်။ SDRAM တွေဟာ ၂ ရာစုနှစ်အဝင်အထိ တွင်ကျယ်ခဲ့ပါတယ်။ ဒါပေမဲ့ RAM အမြန်နှုန်းကို တက်သည်ထက် တိုးတက်အောင် လုပ်လာတဲ့အခါမှာ DDR SDRAM ဆိုတာ ပေါ်လာပါတယ်။ ၂၀၀၁ ခုနှစ် ပတ်ဝန်းကျင်လောက်မှာပါ။ Double Data Rate SDRAM တွေ ဖြစ်ပါတယ်။ Double Data Rate ဆိုတဲ့အတိုင်း SDRAM တွေထက် data အပို့အယူ အမြန်နှုန်း နှစ်ဆရှိပါတယ်။ DDR SDRAM တွေ ပေါ်လာပြီးတဲ့ နောက်ပိုင်းမှာ မျိုးဆက်တစ်ဆက်ထက် တစ်ဆက် Data အပို့အယူ အမြန်နှုန်းမြန်တဲ့ DDR2 SDRAM နဲ့ DDR3 SDRAM တွေ ထွက်လာခဲ့ပါတယ်။
DDR3 SDRAM တွေ စိုးမိုးခဲ့တဲ့ ကာလအတော်ကြာခဲ့ပါပြီ။ DDR3 တွေ စပြီး ပွဲထုတ်တာက ၂၀၀၇ ခုနှစ်ဆိုတော့ အခုဆိုရင် ၇ နှစ်ထဲ ဝင်လာခဲ့ပါပြီ။ DDR3 ဟာ သက်တမ်းရှည်ကြာ စိုးမိုးခဲ့ပေမယ့် သူတို့ဆက်ခံမယ့် နောက်မျိုးဆက်ကို ထုတ်လုပ်ဖို့ ၂၀၀၇ ခုနှစ်လောက်ကတည်းက စပြီး ကြိုးစားခဲ့ကြပါတယ်။ DDR4 Architecture ဟာ ၂၀၀၈ ခုနှစ်လောက်မှာ အပြီးသတ်မယ်လို့ စီမံချက်ချခဲ့ပါတယ်။ ၂၀၀၈ ခုနှစ် ဆန်ဖရန်စစ္စကိုမှာ လုပ်တဲ့ Intel Development Forum မှာ DDR4 နဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို ထုတ်ဖော်ပြခဲ့တယ်။ DDR4 SD RAM ဟာ 30 nm processing ကို အခြေပြုပြီး 1.2 volt ပဲ စားသုံးမှု ရှိမယ်။ ၂၀၁၂ ခုနှစ်လောက်မှာ ဈေးကွက်ထဲ ရောက်မယ်လို့ မျှော်လင့်ခဲ့ပါတယ်။ သူတို့တွက်တာက ၂၀၁၃ ခုနှစ်လောက်ဆိုရင် DDR4 SDRAM ထွက်လာမယ်။ အဲဒီအချိန်ဆိုရင် ပါဝါစားသုံးမှု 1 volt လောက်ပဲ ရှိမယ်လို့ မျှော်လင့်ပါတယ်။
ဒါပေမဲ့ ၂၀၁၀ ခုနှစ်လောက် ရောက်တဲ့အထိ အကောင်အထည် ဖော်မှုတွေက မပြီးပါဘူး။ ဒါကြောင့် မူလရည်ရွယ်ချက်ကို ပြန်ပြီးသတ်မှတ်ပါတယ်။ DDR4 တကယ်ထွက်လာတဲ့ ကာလဟာ ၂၀၀၅ ခုနှစ်လို့ သဘာဝကျကျ သတ်မှတ်ပါတယ်။ ဘယ်လိုပဲ သတ်မှတ် သတ်မှတ် DDR4 ပစ္စည်းနမူနာနဲ့ စမ်းသပ်ချက်တွေဟာ ၂၀၁၁ ခုနှစ် အစောပိုင်းမှာကတည်းက ပြီးနေခဲ့ပါပြီ။ ဒါ့ကြောင့် ၂၀၁၂ ခုနှစ်မှာ စီးပွားဖြစ်များများစားစား ထုတ်လုပ်ပြီး ဈေးကွက်ပို့မယ်လို့ ရည်ရွယ်ခဲ့ပါတယ်။ တကယ်တမ်း ဈေးကွက်ထဲ ရောက်ဖို့ ဖြစ်လာတာက ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်း ဖြစ်ပါတယ်။
နည်းပညာ ရှုထောင့်က ကြည့်ရင် DDR4 မှာ ၁၅ ဗို့ သုံးစွဲမယ့် စနစ်ပါတယ်။ စွမ်းအားမြှင့်ပြီး သုံးတဲ့အခါမှာ ၂.၅ ဗို့အထိ အထောက်အပံ့ပေးဖို့ ရည်ရွယ်ထားပါတယ်။ လက်ရှိ DDR3 နည်းပညာမှာ ၁.၅ ဗို့ ပျမ်းမျှသုံးတဲ့အတွက် DDR4 က ပါဝါစားသုံးမှု နည်းပါတယ်။ ၂၀၁၃ ခုနှစ် ဟိုဘက်အလွန်မှာ ၁.၀၅ ဗို့အားသာ သုံးစွဲအောင်လည်း ရည်ရွယ်ထားပါတယ်။ စပြီး မိတ်ဆက်မယ့် DDR4 ရဲ့ data အပို့အယူ အမြန်နှုန်း 2133 MT/S (Million Transfer per second) ရှိပါတယ်။ အဲဒီ အမြန်နှုန်းဟာ DDR3 SDRAM တွေ အမြင့်မားဆုံး စွမ်းဆောင်နိုင်တဲ့ အမြန်နှုန်းဖြစ်ပါတယ်။ ဒါပေမဲ့ DDR4 ရဲ့ အမြန်နှုန်းကို 4266 MT/S ထိ မြန်ဖို့ ကြိုးစားနေတာ ဖြစ်တဲ့အတွက် ၂၀၁၄ ခုနှစ်ထဲရောက်ရင် DDR3 နှင့် DDR4 ရဲ့ အမြန်နှုန်းဟာ သိသိသာသာ ကွာဟ သွားပါလိမ့်မယ်။
DDR4 မှာ 3D Stacking နည်းပညာ ပါတယ်။ ဒါကြောင့် memory ပိုင်းကို ကြည့်ရင် သိပ်သည်းဆ အလွန်မြင့်ပြီး နေရာယူမှုနည်းတဲ့ RAM ကို ရပါမယ်။ DDR3 ထက် ဈေးနှုန်းအများကြီး ကွာဟတာမျိုး မရှိနိုင်ပါဘူး။ PCI ကနေ PCIe ပြောင်းတုန်းက တွေ့ရတဲ့ parallism ကို တွေ့ရပါလိမ့်မယ်။ ဈေးကွက်ကျွမ်းကျင်သူတွေ မှန်းဆချက်အရတော့ ၂၀၁၃ ခုနှစ်ကုန်ပြီးချိန်အထိ DDR4 SDRAM ရဲ့ ဈေးကွက်ထိုးဖောက်နိုင်မှုဟာ ၅ ရာခိုင်နှုန်းထက် ပိုဖို့ မရှိသေးဘူးလို့ ဆိုပါတယ်။ ရောင်းအားကျဆင်းနေတဲ့ Desktop ကွန်ပျူတာဈေးကွက်ကြောင့် အဲဒီနယ်ပယ်မှာ DDR4 တိုးဝင်နိုင်မှု နှေးပါမယ်။ ရိုးရိုး RAM တွေရဲ့ အမြတ် မာဂျင်နည်းတဲ့အတွက် ထုတ်လုပ်သူတွေကလည်း မြိုးမြိုးမြက်မြက် စားရတဲ့ premium အဆင့်ပစ္စည်းမျိုး ထုတ်ချင်ပါတယ်။ ဒါပေမဲ့ လောလောဆယ်မှာ ဈေးကြီးတဲ့ RAM တွေ ဝယ်လိုအား မကောင်းနိုင်ပါဘူး။ နည်းပညာက တိုးတက်လာပေမယ့် laptop နဲ့ desktop ကွန်ပျူတာကြီးတွေရဲ့ ဈေးကွက် ကြုံဝင်လာတာကြောင့် DDR4 ခေတ်ကို မြင်တော့ မြင်ရမယ်။ ဒါပေမဲ့ အပီအပြင် ဖြစ်ထွန်းလာမယ့် အချိန်ကတော့ ၂၀၁၅ လောက်မှ ဖြစ်ပါလိမ့်မယ်။
ဆောင်းပါးရှင် - နောင်စိုး (ထားဝယ်)
0 comments: