မိုဘိုင်းဖုန်း ဝေါဟာရများ

Photo
မိုဘိုင်းဖုန်းတွေကို အများပြည်သူသုံးနိုင်အောင် တစ်ကျော့ပြန်ပြီး ရောင်းတော့ မိုဘိုင်းဖုန်း သုံးတဲ့လူအသစ်တွေ ထပ်ပြီး တိုးလာပြန်ပါပြီ။  ဒါပေမယ့် အခု ဖုန်းသုံးစွဲသူ အသစ်တွေဟာ မိုဘိုင်းဖုန်း ဝေါဟာရနဲ့ အလှမ်းဝေးတဲ့ အခြေခံလူတန်းစားတွေ ဖြစ်ပါတယ်။ ဖုန်းဆိုတာ ဆက်လို့ရရင် ပြီးတာပဲ မဟုတ်လားလို့ ယူဆတဲ့ လူတွေလည်း ဖြစ်ပါတယ်။
ဒါကြောင့် ကိုယ်ကိုင်တဲ့ ဖုန်းဟာ ဘာအမျိုးအစားလဲ၊ ဘာတွေ စွမ်းဆောင်နိုင်သလဲ၊ ဖုန်းနဲ့ ဆက်စပ်ပြီး သိသင့်တာတွေ ဘာတွေရှိသလဲဆိုတာ နားလည်အောင် ဒီဆောင်းပါးကို မူသစ်နဲ့ တင်ပြလိုက်ပါတယ်။ ပထမဆုံးအနေနဲ့ မိုဘိုင်းဖုန်း ရပြီဆိုရင် ဘာဖုန်းအမျိုးအစားလဲ ဆိုတာ သိရပါမယ်။ လောလောဆယ် ရောင်းချပေးတဲ့ မိုဘိုင်းဖုန်း အမျိုးအစား ၃ မျိုး ရှိပါတယ်။

(၁) GSM

သူ့ရဲ့ အရှည်စကားလုံးဟာ Global System for Mobile Communication ဖြစ်ပါတယ်။ မြန်မာလို အလွယ်ပြောရရင် ကမ္ဘာသုံး မိုဘိုင်းဆက်သွယ်ရေး စနစ်ပေါ့။ ဒီတိုင်းပြည်မှာတော့ 900 MHz လှိုင်းခွင်လောက်ကနေ ထုတ်လွှင့် ဆက်သွယ်ပါတယ်။ ကမ္ဘာသုံးဆိုရင်တော့ 800/900/1900 MHz လှိုင်းခွင် တစ်ခုခုကနေ ထုတ်လွှင့် ဆက်သွယ်ပါတယ်။ အဲဒီလှိုင်းခွင် ၃ မျိုးလုံးကို လက်ခံနိုင်တဲ့ ဟန်းဆက် (handset) ဆိုရင် မြန်မာပြည်မှာလည်း သုံးနိုင်ပါတယ်။ GSM က လိုင်းဆွဲအား နည်းသလားလို့ မေးရင် ကျန်တဲ့ မိုဘိုင်းဖုန်း စနစ်တွေထက် လိုင်းဆွဲအား နည်းတာအမှန်ပါ။ လှိုင်းဆွဲအားကောင်းတဲ့ ရေဒီယိုလွှင့်လှိုင်းတွေဟာ ရေရှည်မှာ လူ့ကျန်းမာရေးကို ထိခိုက်စေမှာလားဆိုတာ ဘယ်သူမှ မသိသေးပါဘူး။ ဒါကြောင့် အားနည်းတဲ့ ရေဒီယိုလွှင့်လှိုင်းသုံး GSM တွေဟာ ကျန်းမာရေး ထိခိုက်မှုကို နည်းစေမယ်ထင်ပါရဲ့ ဆိုတဲ့ အယူအဆကြောင့် ကမ္ဘာတစ်လွှားမှာ ခေတ်စားလာတာ ဖြစ်ပါတယ်။ ကမ္ဘာမှာရှိတ့ မိုဘိုင်းဖုန်းတွေရဲ့ ၇၅ ရာခိုင်နှုန်းလောက်ဟာ GSM စနစ် ဖြစ်ပါတယ်။ မြန်မာပြည်က မိုဘိုင်းဖုန်းတွေ နိုင်ငံတကာကို သယ်ပြီး သုံးနိုင်ပြီဆိုရင် အဲဒီဖုန်းတွေဟာ GSM ဖုန်းတွေပဲ ဖြစ်မှာပါ။

(၂) WCDMA

WCDMA ဖုန်းဆိုရင် လူတွေက CDMA နဲ့ သွားပြီး ရောထွေးတတတ်ပါတယ်။ ဖြစ်လည်း ဖြစ်ချင်စရာပဲ။ သူ့ရဲ့ စာလုံးအရှည်က Wideband Code Division Multiple Access လို့ ဆိုသကိုး။ မြန်မာလို ပြောရရင် လျှို့ဝှက်သင်္ကေတ အခြေပြု မိုဘိုင်းစနစ်လို့ ဆိုနိုင်မယ် ထင်ပါရဲ့။ WCDMA ဆိုပေမယ့် သူ့စနစ်ကို CDMA စနစ်အောက်ထဲမှာ သွားပြီး ရောမထည့်ပါဘူး။ GSM အုပ်စုထဲမှာပဲ ပေါင်းပြီး ထည့်ပါတယ်။ ဒါကြောင့် နှစ်မျိုးသုံး ဟန်းဆက်တွေကို ကြည့်ရင် WCDMA ဟာ GSM စနစ်နဲ့ပဲ တွဲတာကို တွေ့ရပါလိမ့်မယ်။ WCDMA ကို တီထွင်ရတဲ့ ရည်ရွယ်ချက်က ဖုန်းလိုင်းပေါ်ကနေ အသံတင်မကဘဲ စာသားတွေ၊ ရုပ်ပုံတွေ၊ ဗီဒီယိုတွေ၊ သီချင်းတွေကို မြန်မြန်ဆန်ဆန် ပေးပို့နိုင်ဖို့ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့ လိုင်းဆွဲအားဟာ GSM ထက် မြင့်ပါတယ်။ 2100MHz လှိုင်းခွင်လောက်ကနေ လွှင့်ပါတယ်။ လိုင်းဆွဲအား ကောင်းတယ်ဆိုပေမယ့် CDMA လောက် အန္တရာယ် မများဘူးလို့ ယူဆကြပါတယ်။ ဒါကြောင့် WCDMA ကို ကမ္ဘာပေါ်မှာ ၁၅ ရာခိုင်နှုန်းလောက် သုံးပါတယ်။

(၃) CDMA

သူ့ရဲ့ စာလုံးအရှည်က Code Division Multiple Access ဖြစ်ပါတယ်။ လျှို့ဝှက်သင်္ကေတသုံး မိုဘိုင်း ဆက်သွယ်ရေးစနစ်တစ်မျိုးပါပဲ။ ဒါပေမယ့် WCDMA လောက်တော့ လှိုင်းခွင် မကျယ်ပါဘူး။ ဒါကြောင့် Wide ဆိုတဲ့ စကားလုံး မပါပါဘူး။ စီဒီအမ်အေလို့ ပြောရရင် မြန်မာပြည်မှာ နှစ်မျိုးခွဲပြီး ပြောရပါလိမ့်မယ်။ အများပြည်သူသုံး မိုဘိုင်းဖုန်း ပေါ်ကာစမှာ ထုတ်ပေးခဲ့တာက CDMA 450 လို့ ခေါ်ပါတယ်။ 450MHz လှိုင်းခွင်က လွှင့်ပါတယ်။ လှိုင်းခွင်ကျဉ်းပြီး ဆက်သွယ်နိုင်တဲ့ အကွာအဝေး များပါတယ်။ CDMA 450 စနစ်မှာ တာဝါတိုင်တွေကို ၁၀ မိုင်အထက် အကွာအဝေးမှာထားပြီး ချိတ်ဆက်နိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် CDMA 450 ဖုန်းတွေကို မြန်မာနိုင်ငံက ဆက်သွယ်ဖို့ ခက်ခဲတဲ့ ဒေသတွေမှာ သုံးဖို့ ချထားပေးပါတယ်။ လှိုင်းဆွဲအား အပြင်းဆုံးမို့ ကမ္ဘာပေါ်မှာ သုံးစွဲတဲ့လူ ၅ ရာခိုင်နှုန်းတောင် မရှိတော့ပါဘူး။ CDMA 450 ဖုန်းတွေဟာ အရင်တုန်းက အင်တာနက်သုံးလို့ မရသလို နောင်လည်းရဖို့ မရှိပါဘူး။ (ကမ်းရိုးတန်းဖုန်းလို့လည်း လူသိများပါတယ်)

CDMA 800 ကတော့ ၂၀၁၀ ခုနှစ်လောက်မှာ ချပေးတဲ့ အများပြည်သူသုံး မိုဘိုင်းဖုန်းတွေ ဖြစ်ပါတယ်။ 800 MHz လှိုင်းခွင်အောက်မှာ အလုပ်လုပ်ပါတယ်။ လိုင်းဆွဲအား အတော်အတန် အားကောင်းပါတယ်။ ဒါကြောင့် ကမ္ဘာပေါ်မှာ သုံးစွဲသူ မများပါဘူး။ မိုဘိုင်းဖုန်း ဈေးကွက်ရဲ့ ၁၀ ရာခိုင်နှုန်း ကျော်ကျော်ပဲ ရှိပါတယ်။ သူ့စနစ်မှာ အင်တာနက် သုံးနိုင်ပါတယ်။ အတော်အသင့် မြန်ဆန်တဲ့ 3G အင်တာနက် (တတိယမျိုးဆက် အင်တာနက် စနစ်) ပါ။ နှစ်မျိုးသုံး ဟန်းဆက်တွေမှာ သူ့ကို GSM နဲ့ အတွဲများပါတယ်။ ဒါပေမယ့် အင်တာနက်ကတော့ CDMA ဘက်ကနေပဲ အားကောင်းကောင်း ရမှာပါ။

မိုဘိုင်းဖုန်း မသုံးဘူးတဲ့ လူတွေအမြင်မှားနေတာ နောက်တစ်ခု ရှိပါတယ်။ ကြိုးမဲ့ဖုန်း Cordless နဲ့ မိုဘိုင်းဖုန်းကို တူသယောင်ယောင် ထင်ကြပါတယ်။ မိုဘိုင်းဖုန်းက ကွန်ရက်ကျယ်ကျယ် ပြန့်ပြန့်မှာ လွတ်လွတ်လပ်လပ် သယ်ဆောင်ပြီး သုံးလို့ရတဲ့ဖုန်း ဖြစ်ပါတယ်။ ကြိုးမဲ့ဖုန်းကတော့ မူလအထိုင်ဖုန်း ရှိရာကနေ အကွာအဝေး တစ်ခုထိ ယူသွားပြီး ချိတ်ဆက်သုံးရတဲ့ဖုန်းပါ။ သူ့ချည်းပဲဆိုရင် (အထိုင်ဖုန်းမရှိရင်) ဖုန်းသုံးနိုင်စွမ်း မရှိပါဘူး။

Handset

ဟန်းဆက်ဆိုတာ တကယ်တော့ ဖုန်းသုံးစွဲမှု လုပ်နိုင်အောင် ကူညီဆောင်ရွက်ပေးတဲ့ စက်အစိတ်အပိုင်း ဖြစ်ပါတယ်။ အထဲမှာ မိုဘိုင်းဖုန်းစနစ်ကို ခွင့်ပြုထားတဲ့ ကတ်ပြားမထည့်ထားရင် ဖုန်းဆက်လို့မရတဲ့ အိမ်ခွံသက်သက် ဖြစ်ပါတယ်။ ဟန်းဆက်တွေထဲမှာလည်း စကားပြောရုံပဲ ပြောလို့ရပြီး အင်တာနက် ချိတ်လို့မရတဲ့ ဟန်းဆက်နဲ့ စကားလည်းပြေားလို့ရ၊ အင်တာနက်လဲ ချိတ်လို့ရတဲ့ ဟန်းဆက်ဆိုပြီး နှစ်မျိုးရှိပါတယ်။ အင်တာနက်ပါ ချိတ်လို့ရတဲ့ ဟန်းဆက်ထဲမှာလည်း ခလုပ်နှိပ်ပြီး သုံးလို့ရတဲ့ ဟန်းဆက်နဲ့ လက်နဲ့ပွတ်ဆွဲပြီး သုံးလို့ရတဲ့ ဟန်းဆက်ဆိုပြီး နှစ်မျိုးရှိပါတယ်။ အင်တာနက် ချိတ်ဆက်လို့ရတဲ့ ဟန်းဆက်အတော်များများဟာ စက်လည်ပတ်စေတဲ့စနစ် (operating system) ကြီးကြီး ကောင်းကောင်း ထည့်ထားတာ များပါတယ်။ ဒီနေ့ခေတ်စားတဲ့ အိုင်ဖုန်း (iPhone)၊ အင်ဒရွိုက်ဖုန်း (Android Phone) တွေ ဖြစ်ပါတယ်။ ဝင်းဒိုးစနစ်သုံး ဖုန်းတွေက မြန်မာပြည်မှာ လူသုံးနည်းပါတယ်။ စက်လည်ပတ်မှု စနစ်ပါတဲ့ ဖုန်းတွေကပဲ ဖုန်းတစ်လုံးကို လုပ်ငန်းအမျိုးစုံး သုံးခွင့်ရစေပါတယ်။ ဟန်းဆက်တွေထဲမှာ အရင်ကတော့ GSM/ WCDMA/ CDMA 450/ CDMA 800 စသည်ဖြင့် တစ်မျိုးတည်းသုံး ပစ္စည်းတွေ လာပေမယ့် ဒီနေ့အချိန်မှာ အနည်းဆုံးစနစ် ၂ မျိုးကနေ စနစ်စုံတွဲတဲ့ ဟန်းဆက်တွေအထိ လာပါတယ်။ အများဆုံးစနစ် ၂ မျိုးပဲ တွဲတာကောင်းပါတယ်။ စနစ်စုံလေ ပျက်ဖို့လွယ်လေလေ ဖြစ်ပါတယ်။ ဖုန်းပြောရုံသက်သက်ကတော့ ကိုယ့်ရဲ့ဖုန်းကဒ်နဲ့ ကိုက်ညီတဲ့ ဘယ်လိုအတွဲမဆို ဝယ်နိုင်ပေမယ့် အင်တာနက်ပါ သုံးမယ်ဆိုရင် GSM နဲ့ WCDMA ကတ် ပိုင်ရှင်တွေက အဲဒီစနစ်မျိုးတွဲတဲ့ ဟန်းဆက်ကို ဝယ်သင့်ပြီး CDMA 800 သမားတွေက CDMA 800 နဲ့ GSM အတွဲကို ဝယ်သင့်ပါတယ်။

SIM Card

ဖုန်းဆက်သွယ်မှု လုပ်ပေးတဲ့ ကတ်တွေကို အခုအချိန်မှာ လူတွေက ဆင်းကတ်လို့ အလွယ်ခေါ်ကြပါတယ်။ တကယ်တမ်းမှာ ဆင်းကတ်ဟာ GSM ဖုန်းတွေအတွက်ပဲ ရည်ညွှန်းတာ ဖြစ်ပါတယ်။ CDMA ဖုန်းမှာသုံးတဲ့ ကတ်တွေကိုတော့ RUIM Card လို့ ခေါ်ကြတာ ဖြစ်ပါတယ်။ အဲဒီကတ်တွေဟာ မိုဘိုင်းဖုန်း ဆက်သွယ်ခွင့် ရသူတွေရဲ့ ဖုန်းနံပါတ်အပြင် အဲဒီလူတွေနဲ့ သက်ဆိုင်ရာ အချက်တွေပါပါတယ်။ ဆင်းကတ်တွေဟာ ဖုန်းတစ်ခုကနေ တစ်ခုကို မကြာခဏ ပြောင်းထည့်ပြီး သုံးရင် ပျက်စီးနိုင်ပါတယ်။ ဆင်းကတ်မှာ အခုနောက်ပိုင်း အသေးစား မိုက်ခရိုဆင်းကတ်ကို သုံးလာကြပြီဖြစ်လို့ ဟန်းဆက်အမျိုးအစားကောင်း ဝယ်ရင် ကိုယ့်လက်ထဲရောက်လာတဲ့ ကတ်ကို ဖြတ်ပြီး ထည့်သုံးရပါတယ်။ အခန့်မသင့်ရင် ကတ်ပျက်စီးနိုင်ခြေ ရှိပါတယ်။

Micro SD

ကနဦးပိုင်းပေါ်တဲ့ ဖုန်းတွေဟာ အချက်အလက် သိုလှောင်နိုင်စွမ်း သိပ်နည်းပါတယ်။ သီချင်းတွေ၊ ဓာတ်ပုံတွေ၊ ဗီဒီယိုဖိုင်တွေ များများထည့်လို့ မရပါဘူး။ ဒါကြောင့် အဲဒီဖိုင်တွေ များများထည့်လို့ရအောင် သိုလှောင်မှုကတ်ပြား Micro SD ကို သုံးပါတယ်။ SD က Secure Digital ကို ရည်ညွှန်းပါတယ်။ Micro SD ဆိုတော့ SD ကတ် အသေးစားပေါ့။ အခုဆိုရင် သူ့ရဲ့ သိုလှောင်မှုအား 32 GB အထိ ပြည်တွင်းမှာ ဝယ်လို့ရနေပါပြီ။ MP4 ဇာတ်လမ်းပြည့် ရုပ်ရှင် (၄၀) ဒါမှမဟုတ် အမ်ပီသရဦး သီချင်း သိန်းဂဏန်းထည့်နိုင်တဲ့ ကတ်အကြီးစားပါ။ သာမန်လူတွေ 4 GB ဆိုရင် လုံလောက်ပါတယ်။ များသောအားဖြင့် ဒီကတ်ကို ဖုန်းနောက်ကျောဘက်ဖွင့်ပြီး အလွယ်တကူ ထိုးထည့်နိုင်ပါတယ်။ မိုဘိုင်းဖုန်း မျိုးဆက်သစ်တွေ သိုလှောင်နိုင်စွမ်း များလာပေမယ့် အများအားဖြင့်တော့ Micro SD ကတို သုံးနေကြတုန်းပါပဲ။

နောင်စိုး(ထားဝယ်)

0 comments: