Noise နည်းအောင် ဓာတ်ပုံရိုက်နည်း
ဓာတ်ပုံတစ်ပုံကို အကျည်းတန်အောင် လုပ်သည့် အရာများထဲတွင် noise က
ရှေ့တန်းမှ ပါသည်။ noise ဆိုသည်မှာ ဓာတ်ပုံထဲတွင် မြင်နေရသော
မလိုလားအပ်သည့် အစက်အပျောက်များ ဖြစ်ပါသည်။ ခေတ်ပေါ် ဒစ်ဂျစ်တယ်
ကင်မရာတို့တွင် noise ဖျောက်သည့်စနစ် တစ်နေ့တစ်ခြား ပိုကောင်းလာသည့်အတွက်
အလင်းရောင်ကောင်းကောင်းရသည့် အချိန်တွင် ဓာတ်ပုံရိုက်ပါက noise ကို
မတွေ့ရသလောက် ဖြစ်ပါသည်။
အလင်းရောင် အားနည်းသော အခန်းတွင် အားသေးသော လျှပ်တပြက်မီး (built-in flash) ဖြင့် ရိုက်သည့်အခါ၌ လည်းကောင်း၊ အလင်းရောင်အားနည်းချိန်တွင် ဝေးဝေးမှ အရာဝတ္ထုများကို လှမ်း၍ ရိုက်သည့် အခါ၌လည်းကောင်း noise ကို တွေ့ရဆဲ ဖြစ်ပါသည်။ မိမိ၏ ကင်မရာကို ကောင်းစွာ အသုံးချတတ်လျှင် ဓာတ်ပုံစရိုက်ကတည်းကပင် noise အပါနည်းအောင် ရိုက်၍ ရပါသည်။
noise နည်းပါးအောင် ရိုက်ပေးနိုင်သည့် ကင်မရာသည် shutter နှင့် aperture ကို မည်သို့မျှ ပြုပြင်ပြောင်းလဲနိုင်စွမ်း မရှိဘဲ အရာရာကို ကင်မရာက အလိုအလျောက် ရွေးချယ် ရိုက်ကူးပေးသည့် အိမ်သုံးအဆင့် ကင်မရာ (point-and-shoot) မျိုး မဖြစ်နိုင်သည်က သေချာပါသည်။ ဓာတ်ပုံရိုက်သူ ခေါင်းစားနေရန် မလိုပါ။ ကင်မရာက အကောင်းဆုံးဖြစ်အောင် ရွေးချယ် ရိုက်ကူးပေးသွားပါမည်ဆိုသော အဆိုပါ ကင်မရာမျိုးကို ကျပ်တစ်သိန်းအောက် အတော်အတန် နည်းပါးသော ဈေးဖြင့် ဝယ်နိုင်ပါသည်။ အဆွေစာရှုသူသည် သင့်တင့်လျောက်ပတ်စွာ ကောင်းမွန်သော ဓာတ်ပုံရိုက်ရန် ရှုးသွပ်သူဟု ဆိုပါလျှင် အဆိုပါ ကင်မရာမျိုးကို လက်ရှောင်ရန် အကြုံပြုလိုပါသည်။
noise နည်းပါးသော ဓာတ်ပုံမျိုးရိုက်ရန် စွမ်းဆောင်နိုင်သည့် ကင်မရာအဖြစ် high-end compact camera များနှင့် High quality point and shoot camera များကို အကြံပြုလိုပါသည်။ အလယ်အလတ်မျှနှုန်းနှင့် သင့်တင့်သော ဓာတ်ပုံကောင်း ရပါမည်။ DSLR ကင်မရာကြီးများမှာ ပညာပိုင်း ပြည့်စုံမှုနှင့် ငွေရေးကြေးရေးပိုင်း ပြည့်စုံမှုတို့ လိုအပ်သဖြင့် လည်းကောင်း၊ လူအများ ဝယ်ယူသုံးစွဲလေ့ မရှိခြင်းကြောင့်လည်း noise နည်းပါးသော ဓာတ်ပုံရိုက်ရေးတွင် ယင်းကင်မရာကြီးများကို အကြံမပြုလိုပါ။
ကောင်းပါပြီ၊ Shutter နှင့် Aperture ကို ချိန်ညှိနိုင်စွမ်းရှိသော ကင်မရာတစ်လုံး မိမိအိပ်ထဲတွင် ရှိပြီဆိုပါစို့။ noise နည်းသော ဓာတ်ပု့ကို မည်သို့ ရိုက်ကြမည်နည်း။ noise ဖြစ်စေသော အကြောင်းအရင်းများစွာတို့အနက် တစ်ချက်မှာ Image sensor တွင်းရှိ အလင်းအာရုံခံ photodiodes များအား လာရောက်ထိသည့် အလင်းရောင် ပမာဏ အလွန်နည်းပါးခြင်း ဖြစ်ပါသည်။
Inage noise ကို နည်းပါးအောင် လျှော့ချသောနည်းမှာ sensor တွင် လာရောက်ထိမည့် အလင်းပမာဏကို တတ်နိုင်သမျှ များပြားနေခြင်း ဖြစ်သည်။ Image sensor အား အလင်းထိမှု များပြားအောင် လုပ်နိုင်သော နည်းလမ်းသုံးသွယ် ရှိပါသည်။ ယင်းတို့မှာ Aperture ကို အကျယ်ဆုံး (f-number အသေးဆုံး) တွင် ထားရှိရိုက်ကူးခြင်း Shutter time ကို မြင့်နိုင်သမျှ မြင့်အောင် ရိုက်ကူးခြင်းနှင့် Ligh sensitivity ကို မြှင့်တင်ခြင်းတို့ ဖြစ်သည်။ Light sensitivity ကို မြှင့်တင်ခြင်းသည်။ ISO မြှင့်တင်ခြင်း ဖြစ်ပါသည်။ ISO မြင့်သော ဖလင်ဖြင့် ရိုက်ကူးခြင်းသည် အဓိပ္ပာယ်ရှိသော်လည်း ဒစ်ဂျစ်တယ် ကင်မရာတွင် ISO မြှင့်တင်ရိုက်ကူးခြင်းသည် အကျိုးသက်ရောက်မှု မကောင်းလှကြောင်း ပညာရှင်များ၏ လေ့လာချက်တွင် တွေ့ရပါသည်။
High End Compact ကင်မရာများတွင် ယခုအခါ (f) 1.8 အထိ ပေးလာသဖြင့် အလင်းအလွန်အားနည်းချိန်တွင် ထိရောက်စွာ အသုံးပြုနိုင်ပါသည်။ High quality point and shot များ၌မူ (f) 2.4 မှသည် 2.8 အထိ ပေးလာသဖြင့် မဆိုးလှပါ။ အကယ်၍ Aperture ပြောင်းလဲခွင့်မရှိသော ကင်မရာဆိုပါက scene mode ဝင်၍ အခြေအနေ အတန်အသင့်ကောင်းအောင် ပြုပြင်နိုင်ပါသည်။ ယင်းမှာ Night Landscape၊ Indoors သို့မဟုတ် Firework mode များကို ရွေးချယ်ရိုက်ကူးခြင်း ဖြစ်ပါသည်။ Aperture တန်သလောက် ကျယ်သလို Shutter time လည်း တန်သလောက် ကြာပါသည်။ လက်ငြိမ်အောင် မကိုင်နိုင်လျှင် အောက်ခံ ပြင်ညီ တစ်ခုပေါ်တွင် တင်၍ ရိုက်နိုင်ပါသည်။
Image sensor သို့ အလင်းရောင်များများ ထိစေမည့် အချက်ထဲတွင် shutter time ကို ကြာမြင့်စေခြင်းလည်း ပါဝင်ပါသည်။ High Quality point and shoot camera အချို့တွင် Long exposure & sec အထိ လည်းကောင်း High End compact camera တို့တွင် Long Exposure 15 sec အထိ လည်းကောင်း ပေးထားရာ အလယ်အလတ်အဆင့် ဓာတ်ပုံကောင်းများ၊ ညရှုခင်းရိုက်ချက်များအတွက် သင့်တင့်သော အနေအထား ဖြစ်ပါသည်။ shutter ကြာကြာထားနိုင်လျှင် လက်ငြိမ်အောင် ကိုင်နိုင်ဖို့ မလွယ်ပါ။ သုံးချောင်းထောက် (Tripod) ပေါ် တင်ရိုက်ခြင်း၊ အောက်ခံပြင်ညီသော ခုံပေါ်တင်ရိုက်ခြင်း၊ Timer သုံးပြီး ကင်မရာကို တစ်နေရာတွင် တင်ရိုက်ခြင်းတို့က ပို၍ အဆင်ပြေပါလိမ့်မည်။ Shutter speed ရွေးချယ်ပိုင်ခွင့် မရှိသော ကင်မရာအသေး ပိုင်ရှင်တို့မှာ Aperture တုန်းကလိုပင် scene mode ထဲဝင်ပြီး Night indoors, Firework တို့ကိုသာ ရွေးချယ်ရန် ရှိပါသည်။ အမြင့်ဆုံး Shutter time 4 sec အထိ ရပါမည်။
Image sensor အား အလင်းများများထိအောင် အကူအညီပေးရာတွင် Exposure compensation သည်လည်း အသုံးတည့်ပါသည်။ ယင်းကို EV ဖြင့် ပြပါသည်။ ကင်မရာငယ်များတွင် EV + (or) - 2 အထိ ပေးပြီး high-end compact တို့တွင် + (or) - 3 အထိ ပေးပါသည်။ +2EV သည် ကောင်းစွာ လုံလောက်သော အနေအထား ဖြစ်ပါသည်။ အလင်းဆုံးအပိုင်း (Highlight) တွင် အရောင်မပျောက်အောင် သတိထားပြီး သုံးဖို့ လိုပါသည်။ menue ထဲတွင် ဝင်ပြီး EV မြှင့်ရသော အလုပ်ထက် သီးခြား EV ခလုတ်မှနေ၍ ဆွဲတင်ရခြင်းကို စာရေးသူ ပို၍ သဘောကျမိပါသည်။ EV သီးခြားခလုတ်ပါသော Canon, Nikon, Fuji ကင်မရာများကို ရွေးချယ်ဝယ်ယူနိုင်ပါသည်။
ISO တင်ပေးခြင်းမှာ ဒီဂျစ်တယ်ကင်မရာများတွင် အကျိုးသက်ရောက်မှု နည်းပါသည်။ အဘယ်ကြောင့်ဆိုသော် ဖလင်ကင်မရာနှင့် ဒစ်ဂျစ်တယ်ကင်မရာ သဘောသဘာဝမှာ ကွာခြားသောကြောင့် ဖြစ်သည်။ ပမာအားဖြင့်ဆိုသော် ညမြင်ကွင်းတစ်ခုကို ISO 400 ဖလင်ဖြင့် ရိုက်ငြားအံ့။ ISO 100 ဖလင်နှင့် ယှဉ်လျှင် ဖလင်မျက်နှာပြင်ပေါ်ရှိ ဓာတုပစ္စည်းခြင်း တုံ့ပြန်ပုံ မတူသောကြောင့် ISO 400 ဖြင့် ရိုက်သောပုံက သိသိသာသာ အလင်းအားကောင်းနေမည် ဖြစ်သည်။
ဒစ်ဂျစ်တယ်ကင်မရာရှိ Image sensor ကား ဤသို့ မဟုတ်ပါ။ ယင်း၏ sensitivity မှာ ပုံသေဖြစ်သည်။ ISO ကို မြှင့်လိုက်သော အခါတွင် အလင်းရောင်သည် ဝင်သင့်သည်ထက် ပိုမဝင်ပါ။ ကံဆိုးလျှင် ဝင်သင့်သည်ထက်ပင် နည်းသွားပါဦးမည်။ sensor သည် ဝင်လာသော အလင်းနည်းနည်းကိုပင် (တစ်နည်းပြောရသော် Light signal ကိုပင်) အီလက်ထရွန်နစ်နည်းဖြင့် အားမြှင့်ယူပါသည်။ အလင်းအားကို အီလက်ထရွန်နစ်နည်းဖြင့် မြှင့်ယူခြင်းကြောင့် Electronic noise များကိုပါ အားချဲ့ယူသလို ဖြစ်ပါသည်။ signal to noise ratio တက်လာပါမည်။ ISO 400 မှ အထက်ပုံများတွင် သိသာထင်ရှားသော noise များ ပါဝင်နေပါလိမ့်မည်။ မြင်သာအောင်ပြောရလျှင် ဤအဖြစ်သည် Digital Zoom သုံး၍ ပုံကို အနီးဆွဲ ရိုက်ခြင်းနှင့် တူပါသည်။
noise နည်းသော ပုံကောင်းထွက်စေသည့် နောက်ထပ် နည်းလမ်း တစ်ပုဒ်မှာ ကင်မရာတွင် ပါဝင်သော Histogram ကို အသုံးပြုခြင်း ဖြစ်ပါသည်။ Photoshop အကြောင်း မသိသူ၊ Histogram ကို မမြင်ဖူးသူအတွက် အခြေခံသဘောကို ပြောပါမည်။ Histogram ၏ အောက်ခြေမျဉ်း (Base Line) ကို အပိုင်းသုံးပိုင်း ခွဲထားပါသည်။ ဘယ်ဘက်ခြမ်းသည် shadow ဖြစ်သည်။ အမှောင်ပိုင်းကို ကိုယ်စားပြုသည်။ အလယ်ခြမ်းသည် midtone ဖြစ်သည်။ မလင်းမမှောင်လွန်းသော အလယ်အလတ် အနေအထားကို ကိုယ်စားပြုသည်။ ညာဘက်ခြမ်းသည် Highlight ဖြစ်သည်။ အလင်းဆုံး အပိုင်းကို ကိုယ်စားပြုသည်။
တန်ဖိုးနိမ့် Sony ကင်မရာများတွင်ပင် histogram ပါလေ့ရှိသဖြင့် ကင်မရာဝယ်စဉ်ကပင် စုံစမ်းစစ်ဆေးပြီး ဝယ်နိုင်ပါသည်။ ဓာတ်ပုံရိုက်ခါနီးတွင် Histogram ကို ဖွင့်ပါ။ ပုံပြဂရပ်ဖစ်တွင် ပေါ်နေသော အမဲရောင်တောင်စဉ်တောင်တန်းပုံကို ကြည့်ပါ။ ဤအမဲရောင် တောင်စဉ်တောင်တန်းတို့သည် ဂရပ်ဖ်မျဉ်း၏ ညာဘက်တွင် များများရှိရပါမည်။ ယင်းကို shoot to the right rule ဟု ခေါ်ပါသည်။ အမဲရောင်ထု ညာဘက်တွင် ကပ်နေခြင်းသည် ပုံရိပ်တွင် အလင်အားကောင်းခြင်း၊ exposure ကောင်းခြင်းကို ပြပြီး အမဲရောင်ထု ဘယ်ဘက်တွင် ကပ်ခြင်းသည် ပုံရိပ်အလင်းအားနည်းခြင်း exposure အားနည်းခြင်းကို ပြသည်။
ထို့ကြောင့် ကင်မရာ၏ ရိုက်ထောင့်ကို ပြောင်းခြင်း၊ အလင်းအားတင်ခြင်း ပြုလုပ်ပြီးတိုင်း ကင်မရာတွင်းက Histogram ကိုကြည့်ပါ။ အမဲရောင်ထုသည် အလယ်နှင့် ညာဖက်ခြမ်းတွင် များများ ရှိသင့်ပါသည်။ Histogram အများစုသည် jpeg ပုံရိပ်ပေါ် အခြေပြု၍ ဖန်တီးထားခြင်း ဖြစ်သည်။ RAW နှင့် jpeg နှစ်မျိုးစလုံး ရိုက်နိုင်သည်။ ကင်မရာ၌ပင်လျှင် Histogram သည် jpeg ကိုသာ ကိုယ်စားပြုသည်။ ထို့ကြောင့် RAW ရိုက်နိုင်သော ကင်မရာ သုံးပါက RAW file ဖြင့် ရိုက်ပါ။ processing အနည်းငယ် ပိုကြာပါမည်။ မြင်ကွင်း၏ အသေးစိတ် အနေအထားအားလုံး ပြည့်ပြည့်ဝဝ ရပါမည်။ RAW ၏ အားသာချက်မှာ Highlight နှင့် ပတ်သက်ပြီး ဆော့ဖ်ဝဲသုံး၍ အကောင်းဆုံး ပြုပြင်နိုင်ခြင်း ဖြစ်သည်။ ထို့ကြောင့် RAW ဖြင့် ရိုက်သော အချိန်တွင် Histogram သည် ညာဘက်သို့ အတော်များများ ကပ်နေသည့်တိုင် စိုးရိမ်ရန် မလိုပါ။ ထို့ပြင် တည်းဖြတ်ပြီး ဓာတ်ပုံများကို ကြည့်လျှင်လည်း RAW မှ တည်းဖြတ်သည့် ပုံများက jpeg မှ တည်းဖြတ်သည့်ပုံများထက် noise ပိုနည်းသည်ကို တွေ့ရပါသည်။
ဆောင်းပါးရှင်- ဧဧသက် (ဖြိုးဓန ဒစ်ဂျစ်တယ်ဓာတ်ပုံ)
0 comments: