ကျွန်တော်တို့ ဘာတွေ သင်ခန်းစာ ရလိုက်လဲ

Photo
Apple ကုမ္ပဏီကို အခုအချိန်မှာ ဝန်းရံထားတဲ့ မရေရာမှုတွေဟာ Apple ကို တမင်နှိမ်ပြီး ပြောနေတဲ့ အပြောမျိုးတွေ ဖြစ်ဖို့များပါတယ်။ Cupertino က လုပ်ငန်းကြီးဟာ မဟာ CEO  ကြီး Steve Jobs မရှိတော့တဲ့ နောက်ပိုင်းမှာ တော်လှန်ဆန်းသစ်မှု မရှိတော့ဘူး။ တကယ်ကို အပြောင်းအလဲဖြစ်စေမယ့် ကုန်ပစ္စည်းတွေ မထုတ်နိုင်တော့ဘူးဆိုပြီး ပိစိကွစတွေ ပြောနေတာ အချိန်အတော် ကြာသွားပါပြီ။ စိုးရိမ်မှုတွေကို ဖြေလျော့ပစ်ဖို့ ကုန်ပစ္စည်းအသစ် ထုတ်လုပ်ရာမှာရော၊ ရှိပြီး Hardware နဲ့ Software တွေကို အဆင့်မြှင့်တင်ရာမှာရော Apple အနေနဲ့ ကြိုးစား ဆောင်ရွက်နေတယ်ဆိုတာကို သက်သေပြတဲ့ အနေနဲ့ မကြာသေးခင်က လုပ်ခဲ့တဲ့ Worldwide Developer's Conference (WWDC) မှာ ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမယ့် ဘာပဲပြောပြော နောက်ဆုံးမှာတော့ ငွေကပဲ စကားပြောသွားတာပါ။ လေ့လာသူတွေအဖို့တော့ ဇူလိုင်လကုန်မှာ ထုတ်ပြန်ခဲ့တဲ့ Apple ရဲ့ ဒုတိယ သုံးလပတ်ရှင်းတမ်းနဲ့ ပတ်သက်လာရင် ပြောစရာ စကားတွေက မကုန်နိုင် ဖြစ်နေပါတယ်။

အဲ့ဒီတော့ အရေးပါတဲ့ ခေါင်းစီး အကြောင်းအရာတွေကို စပြီး ကြည့်ရင် ဒီဒုတိယ သုံးလပတ်ဟာ ဇွန်လမှာ ကုန်ဆုံးပါတယ်။ Apple က သမိုင်းဝင် အနေနဲ့ စုစုပေါင်း အမြတ် ၆.၉ ဘီလီယံဒေါ်လာ မြတ်ခဲ့တယ်။ မျှော်လင့်ထားတာထက် ပိုကောင်းတဲ့ အခြေအနေပါ။ ဒုတိယ သုံးလပတ်တွေအတွက် သမိုင်းဝင် iPhone ရောင်းချမှု အလုံးရေ ၃၁.၂ သန်း ရောင်းချနိုင်ခဲ့တယ်။ အရင် ဒုတိယ သုံးလပတ်တွေရဲ့ iPhone ရောင်းအားဟာ ဒီအရေအတွက်ကို ဘယ်တုန်းကမှ မမီခဲ့ဘူး။ မနှစ်က ဒီဒုတိယ သုံးလပတ် ရောင်းအားက အလုံးရေ ၂၆ သန်းပဲ ရောင်းခဲ့ရတာ။ ကုမ္ပဏီရဲ့ အခွန်ပေးဆောင်နိုင်မှုဟာ ဒီနှစ် ဒုတိယ သုံးလပတ်မှာ ၃၅.၃ ဘီလီလျံအတွက် အခွန်တန်ဖိုး ဒေါ်လာ သန်းသုံးရာ ရှိတယ်။ မနှစ်က ဒီအချိန်မှာ ဆောင်ရတဲ့ အခွန်ထက် ပိုများတယ်။ လေ့လာသူတွေက သန်းနှစ်ရာလောက်ပဲ ဆောင်ရမယ်လို့ မှန်းထားတာ အခု သုံးရာတောင် ဆောင်ရတယ်။

အခုအချိန်အထိတော့ ကုမ္ပဏီအဖို့ အလားအလာတွေ ကောင်းမြဲပဲ။ ရင်းနှီးမြှုပ်နှံသူတွေ စိတ်အေးသွားရတာက Apple ထုတ် Smartphone တွေဟာ အခု အချိန်အထိ လူကြိုက်များဆဲပဲဆိုတာကြောင့်ပါ။ အခုအချိန်မှာ iPhone အတွက် ခြောက်လှန့်မှုအဖြစ် Samsung နဲ့ HTC တို့က အပြင်းအထန်ကို ပြိုင်ဆိုင်နေတာပါ။ ဒီလ အစောပိုင်းက ဈေးကွက် လေ့လာရေး အဖွဲ့ဖြစ်တဲ့ HIS iSuppli က iPhone တွေရဲ့ အရောင်းဟာ တန့်နေပြီလို့ ရီပို့လုပ်လာတယ်။ ဒါပေမယ့် အခု Apple ရဲ့ ရှင်းတမ်းက ဒီရီပို့က ပြောတဲ့အချက်ကို ငြင်းဆန်လိုက်တာပဲ။

Apple ရဲ့ ရှယ်ယာ ဈေးတွေက ဒီသတင်းကောင်းကို ချက်ချင်း တုံ့ပြန်တယ်။ ရှင်းတမ်း ထွက်လာပြီလို့ နာရီအနည်းငယ် အကြာမှာပဲ ၅ ရာခိုင်နှုန်း တိုးပြီး ဒေါ်လာ ၄၄၀ အထိ တက်သွားတယ်။ အဲဒီနေ့ အကုန်မှာတော့ ၁.၇ ရာခိုင်နှုန်း ပြန်ကျသွားပြီး ၄၁၉ ဒေါ်လာနဲ့ ဈေးပိတ်သွားတယ်။ ဒါဆိုရင် Apple ရဲ့ ကြော်ငြာချက်မှာ ဘာတွေ သဘောမကျစရာတွေ ရှိနေလို့လဲဆိုတဲ့ မေးခွန်းထွက်လာတယ်။

အရောင်မှိန်သွားစေဖို့အတွက် အကြောင်းအရင်းများ

ဟုတ်ကဲ့ Apple ရဲ့ အရောင်အသွေးကို မှေးမှိန်သွားဖို့ အကြောင်းအရင်းတွေ ရှိနေပါတယ်။ အချို့သော လေ့လာချက်တွေကို ကြည့်မယ်ဆိုရင် ပထမဦးဆုံးအချက် အနေနဲ့ အမြတ်တွေ လျော့သွားတယ်။ ၆.၆ ဘီလိယံဆိုတဲ့ ဝင်ငွေက တိုးလည်း မသွားဘူး။ လျော့လည်းမလာဘဲနဲ့ တန့်နေတဲ့ အနေအထား။ ဘာပဲဖြစ်ဖြစ် Apple အနေနဲ့ ငွေသားအနေနဲ့ရော၊ ရင်းနှီးမြှုပ်နှံမှု အနေနဲ့ပါ ၁၄၆.၆ ဘီလီလျံ ရှိထားတယ်ဆိုတော့ တော်တော်ကြီးမားတဲ့ အရင်းအနှီးကို ပိုင်ဆိုင်ထားတယ်ပြောလို့တော့ ရနေသေးတယ်။

ဒါပေမယ့် မနှစ်က ဒီအချိန် iPhone ရောင်းအားနဲ့ ယှဉ်လိုက်ရင် ဒီနှစ် ဒုတိယ သုံးလပတ်မှာ iPhone အရောင်းက ၂၀ ရာခိုင်နှုန်း တိုးတယ်ဆိုဦးတော့ ပြဿနာက အသစ်ထုတ်လိုက်တဲ့ iPhone 5 ရောင်းအားကြောင့် တိုးလာတာ မဟုတ်ဘဲ၊ အရင် မော်ဒယ် အဟောင်းတွေဖြစ်တဲ့ iPhone 4 ကို ပိုသဘောကျနေကြတယ်။ နောက်ထပ် ပြဿနာ တစ်ခုက တရုတ်ပြည်ဈေးကွက် ပြဿနာ။ အဲဒီမှာက ဒေသတွင်းမှာပဲ ထုတ်ဝေတဲ့ ဈေးသက်သာတဲ့ ဖုန်းတွေကို နင်းကန်ပြီး ဝယ်နေကြတယ်။

တခြား ကုန်ပစ္စည်းတွေမှာလည်း အရောင်းတွေ ကျလာတယ်။ iPad ဆိုရင် 14.6 သန်းပဲ ရောင်းရတယ်။ လေ့လာသူတွေ ခန့်မှန်းထားတဲ့ ၁၈ သန်း ရောင်းရမယ်ဆိုတဲ့ အနေအထားထက် အများကြီး လျော့နေတယ်။ တစ်နှစ်ချင်း လျော့ကျမှုနဲ့ တွက်လိုက်ရင် ၁၄ ရာခိုင်နှုန်းလောက် လျော့သွားတယ်။ Apple ဘက်ကတော့ မနှစ်က တတိယမျိုးဆက် iPad ထုတ်လုပ်မှုမှာ Channel partners တွေ အချင်းချင်းအကြားက inventory ပြဿနာတွေကို ဒီလိုကျဆင်းမှုရဲ့ အကြောင်းအရင်းအဖြစ် အကြောင်းပြတယ်။ ဒါပေမယ့် တကယ့်ပြဿနာလို့ လူတွေယူဆထားတဲ့ ပြိုင်ဘက်တွေရဲ့ ပြင်းထန်သည်ထက် ပြင်းထန်လာတဲ့ ပြိုင်ဆိုင်မှုကိုတော့ အရေးတယူ ထည့်ပြောသွားတာမျိုး မလုပ်ခဲ့ဘူး။

ABI Research ရဲ့ အပြောအရ၊ ကမ္ဘာလုံးဆိုင်ရာ smartphone ဈေးကွက်မှာ ၂၀၀၉ ခုနှစ်ကနေစလို့ အနိမ့်ဆုံး အနေအထားကို Apple အနေနဲ့ ရောက်နေပြီလို့ သိရတယ်။ လွန်ခဲ့တဲ့နှစ်က ဈေးကွက်ထဲမှာ Apple အနေနဲ့ 16.6 ရာခိုင်နှုန်း လွှမ်းမိုးထားနိုင်ပေမယ့် အခုအချိန်မှာ ၁၃.၁ ရာခိုင်နှုန်းပဲ ချုပ်ကိုင်နိုင်တော့တယ်။ smartphone ဈေးကွက်က ပြီးခဲ့တဲ့ နှစ်က ၅၂ ရာခိုင်နှုန်း တိုးတက်ခဲ့တယ် ဆိုဦးတော့ Apple အနေနဲ့ သူ့ဖုန်းတွေကို တိုးပြီးရောင်းနိုင်ဖို့ မအောင်မြင်ခဲ့ဘူး။ LG နဲ့ Lenovo တို့က အဓိက ပြိုင်ဘက်တွေ ဖြစ်လာတယ်။ အဲဒီကုမ္ပဏီနှစ်ခုစလုံးက ဒီဒုတိယ သုံးလပတ်မှာ အရောင်း အနေနဲ့ နှစ်ဆလောက် တိုးလာအောင် ရောင်းလာနိုင်ခဲ့ကြသူတွေလေ။

Cupertino ဘက်က အမြင်

CEO Tim Cook အဖို့တော့ လေ့လာသူတွေနဲ့ တွေ့ဆုံမှုမှာ မျက်နှာတင်းတင်းထားလို့ ရနေသေးတယ်။ Apple အနေနဲ့ အခွင့်အလမ်းတွေ အများကြီး ရှိပါသေးတယ်လို့ သူက ပြောနေတုန်းပဲ။ ဖုန်းရောင်းအားတွေကလည်း တိုးနေတုန်းပဲတဲ့။ ဒါပေမဲ့ သူ့အနေနဲ့ Apple ဟာ iPhone နဲ့ ပတ်သက်လာရင် အပြင်အဆင်ပိုင်းအရ Feature ပိုင်းအရ ပါဝင်ပစ္စည်းတွေအရ အသုံးပြုနိုင်စွမ်းအရ၊ ဈေးနှုန်းအရ ဒီနယ်ပယ်တွေထဲက တစ်ခုမဟုတ်တစ်ခု သိသိသာသာကို အပြောင်းအလဲတွေ လုပ်ပြီး ကျေနပ်လောက်တဲ့ တုန့်ပြန်မှုမျိုး ပေးရတော့မယ် ဆိုတာကို နားလည်ထားသင့်တာ အမှန်ပဲ။

လေ့လာသူအဖွဲ့ဖြစ်တဲ့ CCS Insight ရဲ့ မိုဘိုင်းဖုန်း ပစ္စည်းတွေအတွက် ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Geoff Blaber ကတော့ ဝင်ငွေတွေ ကျဆင်းလာတာနဲ့ ပတ်သက်လို့ "တခြား ကုမ္ပဏီတွေရဲ့ ပြိုင်ဆိုင်မှုကို ပြင်းပြင်းထန်ထန် ခံစားနေရတာဟာ ကုန်ပစ္စည်း အသစ်တွေ ထုတ်လုပ်မှုမှာ တွန်းအားပေးနိုင်စွမ်းတွေ ကျဆင်းလာတဲ့ အတွက် ဖြစ်တယ်" လို့ ဆိုပါတယ်။ လာမယ့် အောက်တိုဘာမှာ iPhone အသစ်ကို ထုတ်ဖို့ ရှိပါတယ်။ ဒီကုန်ပစ္စည်း အသစ်ဟာ အထင်ကရ စွမ်းဆောင်ရည်တွေနဲ့ ပေါ်ထွက်လာဖို့ အားလုံးက မျှော်လင့်နေတာပါ။ ဈေးသက်သာတဲ့ iPhone တွေ ထုတ်ပြီး အလယ်အလတ် ဖုန်းဈေးကွက်ကို ဝင်ရောက်တော့မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။ ဘာပဲဖြစ်ဖြစ် Cupertino က လူတွေအဖို့ ရှယ်ယာရှင်တွေ စိတ်အေးသွားစေမယ့် ဆောင်ရွက်ချက်တွေ လုပ်ပြနိုင်ဖို့ ရှေ့လာမယ့် လအနည်းငယ်တွေ ခြေလှမ်းသစ်တွေ လှမ်းသွားမယ် ဆိုတာကတော့ သေချာသလောက်ပါပဲ။

ကုန်ပစ္စည်းတွေနဲ့ ပတ်သက်လာရင် အားလုံးဟာ စိတ်ပူနေကြရတာပါပဲ။ လေ့လာသူတွေက Apple ရဲ့ ကုန်ပစ္စည်း တင်ဆက်မှုတွေနဲ့ ပတ်သက်လာရင် တကယ့်ကို ပါးစပ်ဟောင်းလောင်းနဲ့ အံ့အားသင့်ခဲ့ရတဲ့ အချိန်တွေ ကုန်လွန်ခဲ့တာ အတော်ကြာသွားပါပြီ။ iPhone တွေကို ဈေးလျော့ပြီး ထုတ်လုပ်ဦးတော့ ဒါက အရောင်မှိန်နေတဲ့ ကုမ္ပဏီရဲ့ အနေအထားကို ပြန်တောက်ပလာအောင် လုပ်နိုင်ပါ့မလားဆိုတာကလည်း အငြင်းပွားစရာပါ။ iWatch နဲ့ TV လုပ်ငန်းတွေမှာလည်း လူတွေက ပြောဆိုနေကြတာ၊ အတော်ကြီးကြာနေပြီ။ ဘာတွေ အသစ်လုပ်မယ်ပဲ ပြောပြော၊ iPhone နဲ့ iPad အတွက် အသစ်ပြန်ပြီး တွန်းအားပေးတာတွေလုပ်ဖို့၊ အရင်မျိုးဆက် မော်ဒယ်တွေကနေ ခွဲထွက်ပြီး အသစ်တွေ ဖန်တီးကြဖို့ဆိုတဲ့ အချက်ကတော့ မလုပ်မဖြစ် လုပ်ရဦးမှာပါပဲ။

အခုအချိန်မှာ Apple နဲ့ တခြားကုမ္ပဏီတွေကြားက ကွာဟချက်က ကျဉ်းမြောင်းလာနေပြီ။ Google Nexus 7 နဲ့ Amazon Kindle HD တွေက handheld device တွေအတွက် တီထွင်ဆန်းသစ်မှုတွေဟာ မျိုးသုဉ်း ပျောက်ကွယ်သွားဖို့ အဝေးကြီး ကျန်နေသေးတယ် ဆိုတာကို ပြနေတယ်။ Kindle HD ဆိုရင် media ecosystem ကြီး တစ်ခုလုံးကို Kindle ebook store နဲ့ Amazon Prime တွေရဲ့ စွမ်းအားနဲ့ တစ်ဟုတ်ထိုး ပြောင်းလဲပစ်နိုင်လိုက်တယ်။ အခုဆိုရင် Apple အဖို့ ပြိုင်ဘက်တွေကို မျက်ခြေဖြတ်ပစ်ခဲ့မယ်လို့ မတွေးတော့ဘဲ အမီလိုက်ရမယ်လို့ ပြောင်းပြီး ပြောနေရတဲ့အထိ ဖြစ်လာတယ်။

အနာဂတ် ရှယ်ယာဈေးတွေနဲ့ သုံးလပတ် ရလဒ်တွေကို တိုးတက်လာအောင် လုပ်နိုင်ပါ့မလားဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး ထည့်စဉ်းစားရမယ့် အချက်တွေ ရှိနေပါတယ်။ အခုလက်ရှိထက် ဟာမိုနီပိုဖြစ်တဲ့ စီမ့ခန့်ခွဲမှု ပုံစံတွေ လိုအပ်နေပါတယ်။ လတ်တလော ဖြစ်ခဲ့တဲ့ တရုတ်ပြည်က အလုပ်သမား ခေါင်းပုံဖြတ်မှု ပြဿနာကလည်း ခေါင်းကိုက်စရာပါ။ အလုပ်သမားခတွေ တက်လာဖို့ ရှိနေပါတယ်။ တကယ်လို့သာ ဖုန်းဈေးတွေ ထပ်တက်လာရင် ဖုန်းဝယ်သူတွေအဖို့ Apple ပစ္စည်းတွေကို စွန့်လွှတ်သွားမှာပါ။ ဒီလို ဈေးအတင်အချလုပ်မယ့် Apple ရဲ့ မေးခွန်းထုတ်စရာ စီးပွားရေး လုပ်နည်းလုပ်ဟန်တွေကြောင့်လည်း balance sheet မှာ အနာအဆာတွေ ဖြစ်လာဖို့ ရှိနေပါတယ်။

Apple ရဲ့ အနာဂတ် အလားအလာ

Apple ကို လေ့လာသူတွေက ဒီဇွန်လမှာ အဆုံးသတ်တဲ့ ဒုတိယ သုံးလပတ် ငွေစာရင်းရှင်းတမ်း ထွက်လာရင် စိတ်ပျက်စရာကောင်းတဲ့ ရောင်းအားတွေကို မြင်ရလိမ့်မယ်လို့ အချိန်အတော်ကြာကြာ ကတည်းက သတိပေးခဲ့တာပါ။ မျှော်လင့်ထားတဲ့ ရောင်းအား အနေနဲ့ ၃၄ ဘီလီယံ ကျော်ကျော်လေး ရှိခဲ့ပါတယ်။ အဲဒီတော့ ရှေ့လာမယ့် အနာဂတ် အလားအလာမှာ Apple ဟာ လုံးဝ မှေးမှိန်သွားမယ်လို့ ပြောလို့ မရသေးပါဘူး။ BTIG ရဲ့ လေ့လာသူ Walter Piecyk ကတော့ "လာမယ့်နှစ်မှာ Apple အနေနဲ့ ဝင်ငွေ ပြန်တိုးလာအောင် ဆောင်ရွက်နိုင်စွမ်း ရှိတယ် ဆိုတာကို ရှယ်ယာရှင်တွေ ယုံကြည်လာအောင် သက်သေပြနိုင်မယ့် ကုန်ပစ္စည်းသစ်တွေကို ထုတ်လုပ်ဖို့ဆိုတဲ့ နေရာမှာ အခုကစပြီး ဆောင်ရွက်ကြတော့မယ့် အနေအထားမှာ ရှိနေပါပြီ" လို့ ပြောပါတယ်။

Piecyk က တတိယ သုံးလပတ် ဝင်ငွေတွေအရ Apple ဟာ ရှယ်ယာ တစ်ခုကို ၇ ဒေါ်လာ မြတ်နေရာကနေ ၇.၂၂ ဒေါ်လာအထိ တိုးပြီး မြတ်စွန်းနိုင်တယ်လို့ ခန့်မှန်းပါတယ်။ Nomura Securities က Stuart Jeffery ကတော့ Apple အနေနဲ့ လာမယ့် ဘဏ္ဍာရေးနှစ်မှာ iPad အရောင်းက အားနည်းနေမယ် ဆိုဦးတော့ ၈ ရာခိုင်နှုန်းအထိ တိုးလာပြီး ရှယ်ယာ တစ်ခုကို ၃၉.၁၈ ဒေါ်လာအထိ မြတ်စွန်းမယ်လို့ ခန့်မှန်းပါတယ်။ Jeffery ကတော့ "Apple အနေနဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေရဲ့ Smartphone ဈေးကွက်ဝေစုကို ပြန်ရယူဖို့ အဓိက တာဝန်ကြီး ရှိနေပါတယ်။ အခုကတည်းက မဟားတရား ဆွဲဆန့်ထားတဲ့ iPhone ပေါ်က အမြတ်မာဂျင်ဟာ ဈေးနှုန်းတွေသာ ထပ်လျော့လိုက်ရင် အကြီးအကျယ် အထိနာဖို့ပဲ ရှိတော့တယ်" လို့ ဆိုပါတယ်။

Apple ဘက်ကလည်း မျှော်မှန်း gross margin ဟာ လာမယ့် သုံးလပတ်မှာ ၃၆ ရာခိုင်နှုန်းကနေ ၃၇ ရာခိုင်နှုန်း ရှိမယ်လို့ ခန့်မှန်းထားပြီး လုပ်ငန်း လည်ပတ်စားစရိတ်က ၃.၉ ဘီယံကနေ ၃.၉၅ ဘီယံအထိ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ အခြား ဝင်ငွေအနေနဲ့ သန်း ၂၀၀ လောက် ရှိမှာ ဖြစ်ပြီးတော့ အခွန်ကတော့ ၂၆.၅ ရာခိုင်နှုန်း ရှိမှာပါ။ အခု သုံးလပတ်မှာ ကုန်ပစ္စည်းတွေရဲ့ အတွင်း ပါဝင်မှုအတွက် အသုံးစားစရိတ်ဟာ တိုးလာစရာ မရှိပေမယ့် ဒေါ်လာနဲ့ ယန်းနဲ့ အကြားက ငွေလဲနှုန်းမှာ ဒေါ်လာဈေး မာလာတာက ထိခိုက်မှု ဖြစ်လာစေသလို တိုးတက်မှု အမြင့်ဆုံး ဖြစ်လာဖို့ကိုလည်း နှောင့်ယှက်နေပါတယ်။

ရင့်ကျက်လာနေတဲ့ Smartphone ဈေးကွက်မှာ အာရှတိုက်ကနေ ပြိုင်ဘက်တွေ အများကြီး ထွက်ပေါ်လာနေပါတယ်။ ဒီလို အကြီးအကျယ် နှုတ်ဆိတ်နေတဲ့ ဘဏ္ဍာရေး ရလဒ်တွေနဲ့ဆိုရင် Apple ရဲ့ အနာဂတ် အနေအထားကို သုံးသပ်ရာမှာ သတိကြီးကြီးထားဖို့ လိုအပ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လတ်တလော လုပ်ခဲ့တဲ့ WWDC မှာတော့ Apple က hardware နဲ့ software တွေမှာ တီထွင်ဆန်းသစ်မှုတွေ လုပ်ထားတာကို ကြေငြာနိုင်ခဲ့ပါတယ်။ အမှုဆောင် ဝန်ထမ်း ခန့်ထားမှု ပုံစံတွေမှာလည်း gadget အသစ်တွေ ထွက်လာနိုင်တယ်ဆိုတဲ့ သဲလွန်စတွေကို တွေ့နေရပါတယ်။ iPhone နဲ့ iPad အတွက် အသစ်စက်စက် တိုးတက်မှုတွေကလည်း အရှိန်အဟုန်နဲ့ ထွက်လာပြီး အကြီးအကျယ် တိုးတက်မှုတွေ ဖြစ်လာမှာပါ။

ရှယ်ယာရှင်တွေ ကျေနပ်စေမယ့် လှုပ်ရှားမှုတွေကိုလည်း နောက်ဆုံးမှာ တွေ့လာရပါတယ်။ တိုးချဲ့ထားတဲ့ ရှယ်ယာပြန်ဝယ်ယူမှု အစီအစဉ်တွေ၊ အမြတ်ခွဲဝေမှု နှုန်းထား မြင့်မြင့်တွေက ဒီလှုပ်ရှားမှုတွေထဲ ပါဝင်နေပါတယ်။ ဒါကြောင့်လည်း ရောင်းအားက ရှေ့ကို တိုးနေဦးမှာပါပဲ။ အားလုံးကို ခြုံကြည့်မယ်ဆိုရင် Cupertino က လူတွေကို စိတ်ပူပန်ပြီး မျောက်မီးခဲ ကိုင်မိသလို အခြေအနေမျိုး ဖြစ်သွားစေဖို့ဆိုရင် ဒီဒုတိယ သုံးလပတ်ဟာ ဒီထက် အခြေအနေ ပိုဆိုးဖို့ လိုအပ်ပါဦးမယ်။

စည်သူ (Giacomo)
Ref: Apple Magazine

0 comments: