Google ရဲ့ အွန်လိုင်း ရတနာသိုက် Play Store



Photo
Google Search ကို အကြည့်များရင်ပဲ ဖြစ်ဖြစ် သင့်ရဲ့ ဘဝတစ်ခုလုံး အွန်လိုင်းအပေါ် စုရုံး အသုံးချတာပဲ ဖြစ်ဖြစ် သင်ဟာ Google ရဲ့ app တွေနဲ့ ရင်းနှီးကျွမ်းဝင်ပြီး ဖြစ်နေမှာပါ။  Google က ဒီနေရာတကာ ပျံ့နှံ့ရောက်ရှိမှုအပေါ် မူတည်ပြီး ယုတ္တိကျတဲ့ အဆုံးသတ် ကောက်ချက်ကို အကောင်အထည် ဖော်ခဲ့တယ်။ အဲ့ဒါကတော့ Google play ပဲ ဖြစ်ပါတယ်။ Google Play ဟာ Android စမတ်ဖုန်း၊ Tablet သုံးတဲ့ သူတွေအတွက် အွန်လိုင်းကနေ တစ်ဆင့် သီချင်း၊ ရုပ်ရှင်၊ စာအုပ်၊ မဂ္ဂဇင်းတွေနဲ့ တယ်လီဗေးရှင်း ပရိုဂရမ်တွေကို ဒေါင်းလုပ် ပြုလုပ်လို့ရမယ့် အွန်လိုင်းစတိုးလို့ သတ်မှတ်နိုင်ပါတယ်။ Google Play ကိုတော့ Gtalk, Gmail အစရှိတဲ့ Google Service အသုံးပြုလို့ ရတဲ့ ဖုန်းတွေမှာ google account ရှိရုံနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
နောက်ဆုံးထွက် Play Store version ကိုတော့ တင်ထားရမှာ ဖြစ်ပြီး အားသာချက်က Apps တွေ ထည့်မယ်ဆိုရင် အရင်တုန်းကလို ဖုန်းရဲ့ SD ကဒ်ထဲကို ကွန်ပျူတာကနေ apk ဖိုင်တွေထည့်ပြီး install လုပ်စရာ မလိုတော့ပါဘူး။ Browser ကနေ Play Store ကို သွားကာ ကိုယ်လိုချင်တဲ့ Apps ကို ရှာပြီး Install ကို နှိပ်လိုက်တာနဲ့ ကိုယ့်ရဲ့ဖုန်းနဲ့ ကိုက်ညီမှု ရှိမရှိ စစ်ဆေးပြီး အင်တာနက်ကနေ တိုက်ရိုက် ထည့်သွင်းပေးပါလိမ့်မယ်။ install လုပ်နေတဲ့ အချိန်မှာ ကိုယ်ရဲ့ ဖုန်းမှာ အင်တာနက် ဖွင့်ထားဖို့ လိုပါလိမ့်မယ်။ ဒီနေရာမှာ ပြောစရာ တစ်ခုရှိတာက ဈေးကွက်ထဲက ဖုန်းတချို့မှာ Google ရဲ့ ဝန်ဆောင်မှုတွေ တစ်ပါတည်း မပါဝင်တဲ့ (အလွယ်တကူ ထည့်လို့ မရတဲ့) ဖုန်းတွေလည်း ရှိပါတယ်။ အဲဒီအတွက်တော့ သက်ဆိုင်ရာ recovery mode တွေကနေ တဆင့် google apps တွေကို အရင်ထည့်သွင်းဖို့ လိုပါလိမ့်မယ်။ ပြီးမှ Google Play Store ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Application တွေကို ရယူတဲ့ နေရာမှာ အခမဲ့ အခပေး ၂ မျိုးလုံးနဲ့ ရရှိနိုင်မှာဖြစ်ပြီး Android  ကို သုံးစွဲထားတဲ့ ပစ္စည်း၊ Google TV နဲ့ တစ်ကိုယ်ရည်သုံး ကွန်ပျူတာတွေကနေ တဆင့် ရယူနိုင်မှာ ဖြစ်ပါတယ်။ Android Market နဲ့ Google Music နှစ်ခုကို ပေါင်းစပ်ပြီးတော့ Google Play ဆိုတဲ့ နာမည်ကို ၂၀၁၂ မတ်လ ၆ ရက်နေ့မှာ စတင်လွှင့်တင်ခဲ့တာ ဖြစ်ပါတယ်။ Google ရဲ့ အခကြေးငွေ ရရှိအောင် ပြုလုပ်တဲ့ ဝန်ဆောင်မှုတွေထဲမှာ ကောင်းမွန်တဲ့ ဗျူဟာနဲ့ ဖြန့်ချိနိုင်မယ့် Web Store တစ်ခုလို့ သတ်မှတ်နိုင်ပါတယ်။ အောက်တိုဘာ ၂၃၊ ၂၀၀၈ ခုနှစ် စတင် ထုတ်လွှင့်ခဲ့စဉ်တုန်းက Android Market အနေနဲ့သာ လူသိများခဲ့ပြီး Application ပေါင်း ၂၀၀၀ ကျော်သာ ရရှိနိုင်သေးတဲ့ အခြေအနေမှာသာ ရှိပါသေးတယ်။ Android Market ကို အကောင်းဆုံး အဆင့်မြှင့်တင်နိုင်ခဲ့တာ ဖြစ်ပြီး ယခင်က မရရှိနိုင်ခဲ့တဲ့ App တချို့ကိုပါ ပေးအပ်ထားပါတယ်။ ၂၀၀၈ ခုနှစ် ဩဂုတ်လက စတင်ခဲ့တယ် ဆိုပေမယ့်လည်း အောက်တိုဘာလကြမှသာ စတင်သုံးစွဲနိုင်တာ ဖြစ်ပါတယ်။ အခပေး Application များ ရောင်းချမှုကိုတော့ ၂၀၀၉ ဖေဖော်ဝါရီလမှသာ စတင်နိုင်ခဲ့ပြီး ၂၀၁၀ စက်တင်ဘာမှာတော့ အမေရိကန်၊ ဗြိတိန်နဲ့ နိုင်ငံပေါင်း ၂၉ နိုင်ငံကနေ တဆင့် ဝင်ရောက် သုံးစွဲနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ၂၀၀၉ မတ်လမှာ Application ပေါင်း ၂၃၀၀ သာရှိပြီး ဒီဇင်ဘာလ ရောက်တဲ့အချိန်မှာတော့ ၁၆၀၀၀ ကျော် ဖြစ်လာပါပြီ။ ၂၀၁၀ ဩဂုတ်မှာ ၈ သောင်းနီးပါး ဖြစ်လာခဲ့ပြီး download ပြုလုပ်တဲ့ အရေအတွက်လည်း ၁ ဘီလီယံနီးပါး ရှိလာပါပြီ။ ၂၀၁၁ ဒီဇင်ဘာမှာတော့ ၃၈၀၂၉၇ ထိ ထပ်မံတိုးမြှင့် နိုင်ခဲ့ပြီး Download ပြုလုပ်တဲ့ အရေအတွက်လည်း ၁၀ ဘီလီယံအထိ တိုးတက်လာခဲ့ပါတယ်။ လက်ရှိအချိန်မှာ Application ပေါင်း ၈ သိန်းနီးပါးကို ရရှိနိုင်မှာဖြစ်ပြီး မကြာသေးခင်ကမှ Download ပြုလုပ်တဲ့ အရေအတွက် ၂၅ ဘီလီယံနဲ့ စံချိန်တင်ထားပါတယ်။

၂၀၁၁ ဖေဖော်ဝါရီလ အရောက်မှာ Google ဟာ Play Store ကို အဆင့်မြှင့်တင်နိုင်ခဲ့ပြီး ဖုန်း Tablet တွေကတဆင့် Download ပြုလုပ်ခြင်းသာမကဘဲ အင်တာနက် Browser ကနေတဆင့် ဒေါင်းလုပ် ပြုလုပ်နိုင်အောင်လည်း ကူညီပေးခဲ့ပါတယ်။ Google Play Store ကို ဝင်ကြည့်လိုက်မယ်ဆိုရင် လက်ရှိမှာ လူကြိုက်များနေတဲ့ Application နဲ့ ဂိမ်းတွေကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ Android သုံးတဲ့သူတွေအတွက် ထောက်ပံ့မှု ပေးနေတဲ့ Play Store ဟာ ဘယ်လောက်ထိ ပြည့်စုံတယ်ဆိုတာ သူ့မှာ ပါဝင်တဲ့ လုပ်ဆောင်ချက်တွေကို အသေးစိတ် ကြည့်ရှုနိုင်မှ သိမှာပါ။ Google Music ကို ၂၀၁၁ နိုဝင်ဘာ ၁၆ ရက်နေ့မှာ စတင်မိတ်ဆက်ပေးခဲ့ပြီး Google ကနေတဆင့်လည်း ဝင်ရောက်နိုင်မှာ ဖြစ်ပါတယ်။ အဓိက မိတ်ဖက် ကုမ္ပဏီသုံးခုနဲ့ ပေါင်းစပ်ခဲ့ပြီး Universal Music group, EMI နဲ့ Sony Music Entertainment တို့နဲ့ ဖြစ်ပါတယ်။ Application Store မှာ တေးသီချင်းတွေကို တစ်ပုဒ်ချင်းစီ ဖြစ်စေ Album အလိုက်ဖြစ်စေ ရရှိနိုင်မှာပါ။ အခမဲ့ ရရှိနိုင်တဲ့ သီချင်းပေါင်း ရာကျော်နဲ့ အခပေး ဝယ်ယူနိုင်တဲ့ သီချင်းပေါင်း သန်းနဲ့ချီ ရှိပါတယ်။ သီချင်းတွေအတွက် ငွေကြေး ပေးချေမှုကိုတော့ 1.29S, 0.99S နဲ့ 0.69S ဆိုပြီးတော့ သုံးမျိုးခွဲခြား သတ်မှတ်ထားပါတယ်။ Music Store ပေါ်မှာ သီချင်းတွေကို နားဆင်နိုင်သလို Android device တွေထဲမှာ သိမ်းဆည်းပြီးတော့လည်း offline နားဆင်နိုင်မှာပါ။ Google ရဲ့ နောက်ထပ် ပေါင်းစပ်မှု တစ်ခုအဖြစ် Warner music group နဲ့လည်း ပေါင်းစပ်ခဲ့ပြီး သီချင်းပုဒ်ရေပေါင်း များစွာကို ထပ်မံရရှိနိုင်ဦးမှာပါ။ ၂၀၁၂ နိုဝင်ဘာ ၁၃ ရက်မှာတော့ Google ဟာ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ စပိန်နဲ့ ဗြိတိန်မှာရှိတဲ့ သုံးစွဲသူတွေ အတွက် သီချင်းတွေ ဝယ်ယူနိုင်အောင် ပြုလုပ်ပေးခဲ့ပါတယ်။
 
Google Play Store မှာ စာအုပ်ပေါင်း ၄ သန်းကျော်ကို ရရှိနိုင်မှာ ဖြစ်ပြီး သူ့မှာလည်း အခမဲ့နဲ့ အခပေးဆိုပြီး သတ်မှတ်ထားပါတယ်။ Google Play Website ပေါ်မှာ အွန်လိုင်းဖတ်ရှုလို့ ရနိုင်သလို Android app တွေ သုံးစွဲပြီးတော့လည်း offline ဖတ်ရှုလို့ ရပါတယ်။ ၄ သန်းကျော်ရှိတဲ့ စာအုပ်တွေထဲမှာ တချို့စာအုပ်တွေကိုတော့ အခမဲ့ ရယူနိုင်ပါလိမ့်မယ်။ Google Play ကနေ တဆင့် အမေရိကန်၊ သြစတြေးလျနဲ့ ကနေဒါ နိုင်ငံမှာရှိတဲ့ လစဉ်ထုတ် မဂ္ဂဇင်းတွေကို အခကြေးငွေ ပေးပြီးတော့လည်း ရရှိနိုင်ပါလိမ့်မယ်။ ထောင်ပေါင်းများစွာသော ရုပ်ရှင်၊ တီဗီရှိုးတွေကို Google Play မှ ရရှိနိုင်မှာဖြစ်ပြီး HD အရည်အသွေးရှိတဲ့ Movie တွေအပြင် ဟာသ၊ ဇာတ်မြူး၊ ဒရမ်မာ၊ Animation အက်ရှင်နဲ့ မှတ်တမ်းရုပ်ရှင်တွေကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ရုပ်ရှင်တွေကို အခမဲ့၊ အခပေး၊ ငှားရမ်းမှုဆိုပြီး ၃ မျိုးတွေ့မြင်ရမှာပါ။ Android Device သုံးထားတဲ့ Application တွေ ဒါမှမဟုတ် Google Play ပေါ်မှာလည်း ကြည့်ရှုနိုင်မှာပါ။ တယ်လီဗေးရှင်း ရှိုးတွေကို ကြည့်ရှုဖို့ အတွက်ဆိုရင်တော့ ငွေကြေးပေးချေမှသာ ရပါလိမ့်မယ်။ သုံးစွဲသူတွေက ရုပ်ရှင်ကို download ပြုလုပ်တာ ဒါမှမဟုတ် တီဗီရှိုးတွေကို offline ကြည့်ရှုချင်တယ် ဆိုရင်တော့ Google Play Movie App ကို သုံးစွဲမှသာ ရပါလိမ့်မယ်။ Movie တွေကို ဗြိတိန်၊ အမေရိကန်၊ ကနေဒါ၊ ဂျပန်၊ စပိန်၊ ဂျာမနီနဲ့ တောင်ကိုရီးယားနိုင်ငံတွေကနေသာ ရရှိနိုင်ဦးမှာ ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံး အတိုင်းအတာအရ Google Play ပေါ်မှာရှိတဲ့ အခမဲ့ ဒါမှမဟုတ် အခပေး Application တွေကို နိုင်ငံပေါင်း ၁၂၉ နိုင်ငံကသာ ရရှိနိုင်ဦးမှာ ဖြစ်ပါတယ်။ Application တွေကို install ပြုလုပ်ဖို့အတွက် Android Device ဒါမှမဟုတ် Google Play Website ပေါ်ကနေမှ တဆင့် ရရှိနိုင်မှာပါ။ ၂၀၁၂ မတ်လမှာ လေးသိန်းခွဲနီးပါးသာ ရှိတဲ့ အခြေအနေကနေ အောက်တိုဘာလ ရောက်တဲ့ အချိန်မှာတော့ ၇ သိန်းနီးပါးကို ရရှိမှာ ဖြစ်ပါတယ်။ ၂၀၁၃ ဖေဖော်ဝါရီမှာတော့ google သုံးစွဲသူတွေအတွက် app ၈ သိန်းနီးပါး ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။ Google ဟာ သုံးစွဲသူတွေအတွက် အမြဲတမ်း App တွေကို အသစ်ဖြစ်အောင် ပြုလုပ်ပေးနေတယ် ဆိုပေမယ့် Apple ရဲ့ Application Store ထက်စာရင် တချို့ဂိမ်းတွေကိုတော့ နောက်ကျမှ ရရှိပါတယ်။ ကုမ္ပဏီရဲ့ အစီစဉ်တွေထဲမှာ Application တွေကို နောက်ထပ် အဆင့်မြှင့်တင်ဖို့တွေ ပြုလုပ်နေပြီး ပြိုင်ဘက် Application Store တွေထက် သာအောင် ကြံဆနေပါတယ်။

ပိုင်စေသော်

1 comment: