ဒါဖတ်ပြီးမှ ဖုန်းဝယ်ပါ

Photo
အပြိုင်အဆိုင် ထုတ်လုပ်ရောင်းချလာသော ဟန်းဆက်များ ကြားထဲတွင် မည်သည့်အမျိုးအစားကို ရွေးရမည်မသိ ဖြစ်သွားရလောက်အောင်ပင် ဖုန်းတစ်လုံး ဝယ်ဖို့က ခက်ခဲလာသည့် သဘောရှိသည်။  မိုဘိုင်းဖုန်းများ ပေါ်လာစကတော့ လိုင်းဆွဲအားကောင်းရင်ပြီးရော၊ ဖုန်းပြောလို့ရရင် ပြီးရောဟု ဆိုခဲ့ကြသော်လည်း လက်ရှိကာလတွင် စမတ်ဖုန်း အမျိုးမျိုးက နည်းပညာမြင့်များကို အသုံးပြုပြီး မိုဘိုင်းဖုန်းကို မိုဘိုင်းဖုန်း တစ်လုံးအဖြစ်သာမက မျက်မှောက်လူမှုဘဝ နေ့စဉ်လုပ်ငန်း ဆောင်တာများကိုပါ ပူးတွဲလုပ်ဆောင်စေနိုင်မည့် ကိရိယာ တန်ဆာပလာ အဖြစ်ပါ သုံးနိုင်အောင် ဖန်တီးလာကြသည်။
ဖန်တီးတတ်သူတို့က ဖန်တီးလာချိန်တွင် ဝယ်မည့်သူများခမျာ ဘယ်ဟာကို ရွေးရမှန်း မသိလောက်အောင်ပင် ဖြစ်လာသည်။ ဖုန်းဆိုင်မှ တတ်နိုင်သရွေ့ ရှင်းပြသော်လည်း ကိုယ်ဘာလိုချင်လို့ လိုချင်မှန်း မသိဖြစ်သည့်အခါ နည်းပညာဆိုင်ရာ အချက်အလက်များနှင့် အကျွမ်းတဝင် မရှိသည့် အခါများတွင် ဇဝေဇဝါ ဖြစ်ကာ ကြုံရာဖုန်းကို ဝယ်ခဲ့ပြီးကာမှ ငါ့နှယ်နော် ဟိုဟာလေး ဝယ်ခဲ့ရင် ကောင်းသားဟု နောင်တ ရတတ်ကြသည်။ နောက်ဆုံးထွက် Iphone 5, Samsung Galaxy S4, Sony Xperia Z, HTC One စသည့် စင်းလုံးချော ပျိုတိုင်းကြိုက် အဆင့်မြင့် ဖုန်းတွေ ကောင်းမှန်းသိသော်လည်း ကိုယ့်အထွာနှင့် အထွာတိုင်း၍ ဝယ်ရသည့် အခါတွေ ရှိသည်။ နာမည်ကျော် Brand တွေ ဝယ်ပြီး အားမလိုအားမရ ဖြစ်တတ်သလို၊ အဆင့်မြင့်မြင့် ဖုန်းတစ်လုံးကို နာမည်သိပ်မကျော်သော Brand မှဝယ်ပြီး အားရကျေနပ်ဖွယ် ဖြစ်သွားရသည်မျိုးလည်း ရှိတတ်ပါသည်။ ထို့ကြောင့် ဤဆောင်းပါးတွင် ဘာဟန်းဆက်ဝယ်ရင် ကောင်းမလဲ တွေးနေသူများအတွက် မသိမဖြစ် ထည့်သွင်းစဉ်းစားရမည့် အချက် ၁၁ ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

ဈေးနှုန်း

ပထမဦးဆုံး အချက်မှာ ဈေးနှုန်းဖြစ်သည်။ တစ်ယောက်နှင့်တစ်ယောက် ငွေကြေးတတ်နိုင်မှုချင်းမတူ၊ တစ်ယောက်အတွက် ဈေးတော်လိုက်တာဟု ဆိုနိုင်သည့် ပစ္စည်းက အခြားတစ်ယောက်အတွက် ဈေးကြီးလိုက်တာဆိုသည့် အမြင်မျိုး ဖြစ်နိုင်သည်။ ဟန်းဆက်တွေ ဘယ်လောက်ကောင်းကောင်း ကိုယ်မတတ်နိုင်သည့် ဈေးဆိုလျှင် ဘာကိုမှ ထည့်စဉ်းစားဖို့ မလိုတော့သည်သာ ဖြစ်သည်။ သာမန်ရိုးရိုးရှင်းရှင်း ခလုတ်ဖုန်းများဆိုလျှင် ငွေကျပ်တစ်သောင်းခွဲခန့်မှစကာ အလတ်တန်းအဆင့် တစ်သိန်းဝန်းကျင်ရှိသော ဖုန်းများ၊ တစ်သိန်းနှင့် နှစ်သိန်းကြား အသင့်အတင့် ကောင်းသောဖုန်းများ၊ နှစ်သိန်းနှင့် လေးသိန်းကြား အဆင့်မြင့်ဖုန်းများ၊ လေးသိန်းအထက် အမြင့်ဆုံးအဆင့် ဖုန်းများ စသည်ဖြင့် အမျိုးမျိုးရှိသည်။ ကိုယ်တတ်နိုင်သော အမျိုးအစားကိုသာ ပထမအဆင့် စိစစ် ရွေးချယ်သင့်သည်။

ဆင်းကတ်ထည့်နိုင်မှု

ဒုတိယ စဉ်းစားရမည့် အချက်မှာ ဆင်းကတ်အမျိုးအစား ဖြစ်သည်။ မြန်မာနိုင်ငံတွင် လက်ရှိကာလအထိ အများသုံး မိုဘိုင်းဆင်းကတ်များအဖြစ် GSM, WCDMA, CDMA450, CDMA800 ဟူ၍ ရှိရာ မိမိသုံးစွဲမည့် မိုဘိုင်းဆင်းကတ်နှင့် သင့်လျော်သော ဖုန်းကို ရွေးဝယ်ရမည် ဖြစ်ပါသည်။ တချို့ ဖုန်းများမှာ တစ်ခုထက်ပိုသော ဆင်းကတ်များ စိုက်နိုင်ပြီး (GSM+WCDMA) (GSM+CDMA800) စသည်ဖြင့် ရှိတတ်သဖြင့် မိမိဝယ်လိုသောဖုန်းနှင့် မိမိတွင်ရှိသော ဆင်းကတ် လိုက်ဖက်အောင် ဝယ်တတ်ဖို့ လိုပါသည်။ နောက်ပိုင်းတွင် 4GLTE စနစ်ကိုပါ သုံးစွဲလာမည့် အလားအလာများလည်း ရှိနေပြီဖြစ်ရာ တာရှည်သုံးစွဲမည်ဟု ရည်စူးထားသည် ဆိုလျှင် 4G စနစ်ပါ သုံးနိုင်သည့် အမျိုးအစားကိုပါ စဉ်းစားသင့်ပါသည်။ ဆင်းကတ်နှင့် ပတ်သက်၍ နောက်ထပ် စဉ်းစားသင့်သည်မှာ တချို့ဟန်းဆက်များမှာ နဂိုအရွယ်ဆင်းကတ်ကို မထည့်နိုင်ဘဲ သေးငယ်သည့် Mini Sim, Micro Sim Card အရွယ်အစားများသာ စိုက်နိုင်သည့် အချက်ဖြစ်သည်။ ဥပမာ iPhone 5 တွင် ဆင်းကတ် ဖြတ်တောက်ဖို့ လိုသည်။

သွင်ပြင်ဒီဇိုင်း

ဖုန်းကို ဘယ်သူသုံးမှာလဲ ဆိုသည့်အချက်က ဖုန်းဒီဇိုင်းအသွင်ပြင်နှင့် ပတ်သက်၍ စဉ်းစားစရာ ဖြစ်စေသည်။ အသက်ကြီးကြီး အမေအို၊ အဖေအိုများအတွက်၊ လူကြီးသူမများ အတွက်ဆိုလျှင် ဒီဇိုင်းရိုးရိုး၊ ခလုတ်ဖုန်းမျိုးက သင့်လျော်သည်။ သူတို့က ဖုန်းဆက်ရုံအပြင် အခြားဘာမှ မလုပ်သည့်အတွက် ရိုးရှင်းလွယ်ကူ အကြမ်းခံသည့် အမျိုးအစားက ပိုကောင်းသည်။ ဖုန်းလိုင်းကောင်းကောင်း မမိတတ်သည့် နယ်ဘက်၊ တောဘက်တွင် သုံးမည်ဆိုပါက အကြမ်းခံပြီး အန်တင်နာတိုင်ပါ ပါသည့် တိုင်ထပ်ဆက်နိုင်သည့် အမျိုးအစားကို ရွေးသင့်သည်။ တောထဲတောင်ထဲ ကြမ်းကြမ်းတမ်းတမ်း သွားလာရသည် ဆိုပါက အကြမ်းခံပြီး ထုထည်ကြီးမား လိုင်းဆွဲအား ကောင်းသော အမျိုးအစားကို ဦးစားပေး ရွေးဖို့လိုသည်။ မိုးမကြာခဏ စိုနိုင်သည်။ ရေစိုနိုင်သည့် အခြေအနေရှိသည်ဆိုလျှင် ရေစိုခံနိုင်သော အမျိုးအစားကို ဦးစားပေးရမည် ဖြစ်သည်။

မျက်နှာပြင် အရွယ်အစား

လက်ရှိကာလတွင် ဖုန်းများ၏ မျက်နှာပြင် အရွယ်အစားမှာ အမျိုးမျိုး ဖြစ်နေသည်။ ယခင်က ဖုန်းအများစုမှာ သုံးလက်မနှင့် လေးလက်မ အတွင်းတွင်သာ ရှိတတ်ကြသော်လည်း ယခုအခါ သုံးလက်မှ စကာ ကွန်ပျူတာ သင်ပုန်းဆိုက်ဖြစ်သည့် ၇ လက်မ၊ ၈ လက်မအထိ ဖြစ်လာနေသည်။ ဖုန်းကတ် ထည့်နိုင်သောကြောင့် ဖုန်းဟုလည်း ခေါ်နိုင်သော ကွန်ပျူတာ သင်ပုန်း (တက်ဘလက်) များကိုပါ တွေ့လာနေရသည်။ ဖုန်းဆက်ရုံသက်သက်၊ တစ်ခါတလေ ဂိမ်းဆော့မည်၊ ကွန်ပျူတာဖြင့် ချိတ်ကာ အင်တာနက် သုံးမည်ဆိုလျှင် ၃ လက်မ၊ ၄ လက်မ အတွင်းရှိ ဖုန်းများက သင့်လျော်သည်။ ဂိမ်းဆော့မည်၊ ဖုန်းပေါ်မှာပင် အင်တာနက် သုံးမည်ဆိုလျှင်တော့ ၅ လက်မ၊ ၆ လက်မ အရွယ် ဖုန်းများက သင့်လျော်သည်။

ဖုန်းမျက်နှာပြင်မှာ ဖုန်းတစ်လုံးအတွက် အဓိက ကျသဖြင့် သေသေချာချာ ရွေးချယ်ဖို့ လိုသည်။ စမတ်ဖုန်းများမှာ ထိတွေ့မျက်နှာပြင်များသာ ဖြစ်ကြပြီး၊ မျက်နှာပြင် အမျိုးအစားမှာ ထိရှပွန်းပဲ့ ဒဏ်ခံနိုင်သော Gorilla Glass အမျိုးအစား ဟုတ်မဟုတ် ဆိုတာကို ကြည့်ရပါမည်။ Screen ပြတ်သားမှုကို resolution နဲ့ ပြောဆို တိုင်းတာပြီး လက်ရှိဖုန်းအများစုမှာ 200ppi ကနေ 400ppi အတွင်း ရှိတတ်ကြသည်။ သည်ပမာဏများလေ ကောင်းလေ ပိုကြည်လင်ပြတ်သားလေ ဖြစ်သည်။ သိပ်မကြာသေးခင်က ထွက်ရှိထားသော Samsung Galaxy S4 နဲ့ Sony Xperia Z တို့တွင် 441ppi အထိ ရှိတာတွေ့ရသည်။

Processor ပမာဏ

ကွန်ပျူတာ တစ်လုံးတွင်လည်း processor က အရေးကြီးသလို ဖုန်းတွင်လည်း processor မြင့်လေ ကောင်းလေ ဖြစ်ပါသည်။ Samsung Galaxy Y တွင် 830MHz သာပါပြီး Samsung Galaxy Grand တွင် 1.2 GHz Dual Core ပါဝင်ပါသည်။ Galaxy S4 တွင် 1.9 GHz Quad Core Processor ပါဝင်သဖြင့် 1.9 GHz Processor ၄ လုံးပါသည့် သဘောဖြစ်ပါသည်။ အမြန်နှုန်း မြင့်လေလေ ပိုကောင်းလေလေဖြစ်ပြီး Processor တစ်လုံးတည်းပါသည်ထက် Dual Core က ပိုကောင်းပါသည်။ Dual Core ထက် Quad Core က ပိုသာပါသည်။ နောက်ပိုင်း အဆင့်မြင့် ဖုန်းများတွင် Quad Core များသာ ထုတ်လုပ်လာကြကြောင်း သတိပြုမိလျှင် သိနိုင်ပါသည်။

Operation System

လက်ရှိ မြန်မာဈေးကွက်တွင် အဓိက မင်းမူနေသည့် ဖုန်းစနစ်ပိုင်းတွင် Android နှင့် iOS တို့သာ ရှိသည်။ Apple iPhone များကို iOS စနစ်ဖြင့် မောင်းနှင်ပြီး၊ ကျန်ဖုန်းအများစုကို Android စနစ်ဖြင့် မောင်းနှင်ပါသည်။ တချို့ဖုန်းများမှာ Java စနစ်ဖြင့်သာ အလုပ်လုပ်သော ဖုန်းများလည်း ရှိပါသည်။ Java ဖုန်းများမှာ မြန်မာစာထည့်ခြင်း အပါအဝင် အပိုလုပ်ငန်းဆောင်တာများ ထပ်ထည့်၍ မရဘဲ ဖုန်းပြောရုံသက်သက် အတွက်လောက်သာ အဆင်ပြေပါသည်။ iOS စနစ်မှာလည်း လက်ရှိတွင် အများသုံး iOS 6 (iOS 7 မှာ မကြာခင် မြင်တွေ့ရဖွယ်ရှိ) အထိ ရှိပြီး Android မှာလည်း 4.2 အထိရှိပါသည်။ ဗားရှင်းမြင့်လေလေ အဆင်ပြေ ချောမွေ့စွာဖြင့် Application များကို ကိုင်တွယ်နိုင်လေ ဖြစ်ပါသည်။

ယခင်က ထုတ်ထားသော ဖုန်းများမှာ ဗားရှင်းအနိမ့်များသာ ဖြစ်လေ့ရှိပြီး တချို့ဖုန်းများမှာ အမြင့်ဆုံး ဗားရှင်းသို့ မြှင့်တင်နိုင်ပါသည်။ ထိုသို့ မြှင့်တင်နိုင်ခြင်းရှိ၊ မရှိ မေးမြန်းရမည် ဖြစ်ပါသည်။

မှတ်ဉာဏ်ပမာဏနှင့် ထပ်တိုးနိုင်စွမ်း

ယခင်က ထုတ်လုပ်သော ဖုန်းများမှာ ဖုန်းလိပ်စာများ မှတ်ရန်အတွက်သာ ရည်ရွယ်ပြီး မှတ်ဉာဏ်များများစားစား ထည့်လေ့မရှိသော်လည်း လက်ရှိ စမတ်ဖုန်းများတွင် မှတ်ဉာဏ်ပမာဏ များပါမှ Application များ ထည့်သွင်းရန် နေရာလုံလုံလောက်လောက် ရှိမည်ဖြစ်ပြီး၊ ဓါတ်ပုံ၊ တေးသီချင်းနှင့် ဗီဒီယိုဖိုင်များ သိမ်းဆည်းရန် နေရာရှိမည် ဖြစ်သည်။ အများစုသော စမတ်ဖုန်းများတွင် Micro SD ကတ်ထပ်စိုက်နိုင်သော နေရာများပါပြီး၊ 32 GB အထိ တိုးနိုင်ကြသည်။ HTC မှ ထုတ်သော ဖုန်းများကို လေ့လာကြည့်ပါက Desire C တွင် အတွင်းမှတ်ဉာဏ် 4GB ပါပြီး၊ Butterfly တွင် 16 GB အထိ ပါကြောင်း တွေ့နိုင်ပါသည်။

RMA ပမာဏ

ဖုန်းတွင်ပါသော RAM (Random Access Memory) သည် ဖုန်းအမြန်နှုန်းအတွက် အရေးကြီးပါသည်။ RAM ပမာဏ များလေလေ ထစ်ငေါ့သွားနိုင်ခြေ နည်းလေလေ ဖြစ်ပါသည်။ Huawei ဖုန်းများကို နှိုင်းယှဉ်ကြည့်ပါက U8661 တွင် RAM ပမာဏ 256 MB သာ ပါသော်လည်း P1U9200 တွင် 1GB RAM ပါဝင်ပါသည်။ နောက်ဆုံးထွက်များ ဖြစ်သည့် အမြင့်ပိုင်း ဖုန်းများဖြစ်သော Samsung Galaxy S4, Sony Xperia Z, Huawei Ascend D2 တို့တွင် RAM 2GB အထိ ပါဝင်လာကြပါသည်။

ကင်မရာ

ဖုန်းကို ဖုန်းအနေဖြင့် သာမက ကင်မရာ အနေဖြင့်ပါ ပူးတွဲ သုံးလာကြသော ခေတ်ကြီးထဲတွင် ကင်မရာ သက်သက်တစ်လုံး ဖုန်းသီးသန့် တစ်လုံး သုံးခြင်းထက် ဖုန်းကို ဈေးပိုပေးကာ ကင်မရာကောင်းသော အမျိုးအစားကို တစ်ပါတည်း ဝယ်လာကြသည်။ ဖုန်းတွင်ပါသော ကင်မရာများမှာလည်း ယခုအခါ ကင်မရာသီးသန့်များ နီးပါး ကောင်းမွန်သော ပုံများကို ရိုက်ကူးလာနိုင်ပြီ ဖြစ်သည်။ ကင်မရာ ကောင်းမွန်မှုကို MP (mega pixel) ဖြင့် တိုင်းတာပြီး၊ တစ်လက်မတွင် ပုံဖော်နိုင်သော အစက်အပြောက်ပေါင်း အနေဖြင့် ရည်ညွှန်းပါသည်။ Samsung Galaxy Y တွင် 2 MP သာ ပါသော်လည်း Galaxy S2, S3 တွင် 8MP အထိ ရိုက်ကူးနိုင်ပြီး၊ Galaxy S4 တွင် 13 MP အထိ ရိုက်ကူးလာနိုင်ပါသည်။ MP မြင့်လေ ကင်မရာအရည်အသွေး ပိုကောင်းလေလေ ဖြစ်ပါသည်။ နောက်ပိုင်းထုတ် ဖုန်းများတွင် ကင်မရာ နှစ်လုံးအထိ ပါလာပြီး၊ ရှေ့မျက်နှာစာ ကင်မရာပါ တပ်ဆင်ထားသဖြင့် Skype ကဲ့သို့သော Video Chat များ သုံးရန်အတွက်ပါ အဆင်ပြေလာစေပါသည်။ ရှေ့ကင်မရာများမှာ သိပ်ကောင်းလေ့ မရှိသေးဘဲ Galaxy S4 မှာသည်ပင်လျှင် 2MP သာ ပါဝင်ပါသည်။ ဒါ့အပြင် Flash (လျှပ်တစ်ပြက်မီး) ထည့်ပြီး၊ ရိုက်ကူးနိုင်စွမ်းရှိ၊ မရှိဆိုတာကလည်း စဉ်းစားစရာ ဖြစ်လာသည်။

ဘက်ထရီ

ဖုန်းတွေ စနစ်မြင့်လာတာနဲ့အမျှ ပါဝါစားနှုန်းလည်း မြင့်မားလာသည်။ Java ဖုန်းတွေတုန်းက စနစ်လည်ပတ်မှုအတွက် ပါဝါ အနည်းငယ်သာ စားတာကြောင့် တစ်ခါအားသွင်းထားလိုက်ရင် ရက်အတော်ကြာတဲ့ အထိ ခံသည်။ သည်ကနေ့ခေတ် ဖုန်းလည်ပတ်မှု စနစ် အမြင့်တွေမှာ ကွန်ပျူတာတစ်လုံးလို ရှုပ်ထွေးသည့် စက်လည်ပတ်မှုစနစ်တွေကြောင့် ပါဝါစားများပြီး၊ နေ့တိုင်းလိုလို အားသွင်းနေရတတ်သည်။ နေ့တိုင်း ဖုန်းအားသွင်းဖို့ ခက်သည်ဆိုလျှင် အားပိုခံသည့် အမျိုးအစားကို ဦးစားပေးရသည်။ ဒါ့ကြောင့် စမတ်ဖုန်းတစ်လုံး ဝယ်ပြီဆိုရင် ဘက်ထရီ ဘယ်လောက်ပဲ ခံသလဲဆိုတာက စဉ်းစားရမည့် အဓိက အချက်ထဲမှာ ပါဝင်လာသည်။ ဖုန်းတွေမှာ ဘက်ထရီအား ပမာဏကို mAh နဲ့ တိုင်းသည်။ mAh များလေ ဘက်ထရီ ပိုကောင်းလေလေလို့ အကြမ်းဖျသ်း ဆိုနိုင်သည်။ Lenovo A60+ မှာ 1500mAh ပါပြီး၊ Lenovo S890 မှာတော့ 2250mAh အထိ ပါတာကို တွေ့ရပါသည်။ Galaxy Note 8 Tablet တွင် 4600mAh အထိ ပါသည်။ တစ်ခု သိထားသင့်သည်က တချို့ဖုန်းတွေမှာ ဘက်ထရီအား ပိုစားတတ်သလို Application တွေ ဖွင့်သုံးတာများရင် ဖုန်းမျက်နှာပြင် အရွယ်အစားကြီးရင်၊ အင်တာနက် ချိတ်ဆက်သုံးတာများရင်၊ ဖုန်းပြောတာ များရင်လည်း အားပိုကုန်လွယ်ပါသည်။ ဘက်ထရီ ကြာကြာမခံသည့် အမျိုးအစားကို ဝယ်ထားမိပြီး၊ နေ့တိုင်း ဖုန်းအားသွင်းဖို့ အဆင်မပြေဆိုလျှင် အားပြန်သွင်းပေးနိုင်သည့် Power Pack လိုမျိုးကို ဝယ်ဆောင်ထားဖို့ လိုမည် ဖြစ်သည်။

ထောက်ပံ့နိုင်မှု

နောက်ဆုံး အနေဖြင့် စဉ်းစားရမည့် အချက်က ဖုန်းထုတ်လုပ် ရောင်းချသူများဘက်မှ ရောင်းချပြီးချိန်တွင် ထောက်ပံ့ပေးမည့် service ပိုင်းဆိုင်ရာ အချက်အလက်များ ဖြစ်သည်။ နာမည်ကြီးဖုန်းများမှာ ဈေးကြီးသလို အာမခံ ကာလကိုလည်း တစ်နှစ်၊ နှစ်နှစ် စသည်ဖြင့် ပေးတတ်သည်။ တချို့ကျတော့ ခြောက်လလောက် အထိသာ ပေးသည်။ အာမခံဆိုသည်ကလည်း ဘယ်လောက် အတိုင်းအတာအထိ တာဝန်ယူပေးတာလဲ ဆိုသည်ကို သေချာစွာ မေးထားဖို့ လိုသည်။ တစ်ခုခု ချို့ယွင်း၍ ပြန်ပြသည့်အခါ ထားခဲ့ပါဆိုပြီး၊ လနှင့်ချီပေးထားရမည် ဆိုလျှင် မဟုတ်လှသေး။ ပစ္စည်းအတွက် အာမမခံဘဲ ပျက်လျှင် လက်ခမဲ့ ပြင်ပေးမည့် အာမခံမျိုးလည်း ရှိကြောင်း သိထားဖို့ လိုသည်။ Root ဖောက်လိုလျှင် Jailbreak လုပ်လိုက်လျှင် အာမခံများမှ ပျက်ပြယ်သွားလေ့ ရှိသဖြင့် သေချာအောင် မေးဖို့လိုသည်။ နောက်တစ်ချက်က အာမခံကိစ္စအတွက် သာမက ဖုန်းထုတ်လုပ်သော ကုမ္ပဏီမှ ဆော့ဖ်ဝဲပိုင်းဆိုင်ရာ ပံ့ပိုးမှု ရ မရကို ကြည့်သင့်သည်။ နာမည်ရှိပြီးသား နည်းပညာ ကုမ္ပဏီများမှာ သူတို့ထုတ်သော ကုန်ပစ္စည်းများအတွက် အွန်လိုင်းမှ ပံ့ပိုးမှုတွေ ဆက်တိုက် ပေးလေ့ရှိသည်။ Manual လိုမျိုးကအစ Driver Software လိုမျိုးအဆုံး လိုသမျှကို အွန်လိုင်းမှ ရယူနိုင်အောင် ပံ့ပိုးပေးထားသည်။ တစ်ခုခုဆိုလျှင်လည်း လှမ်းမေးလို့ ရသည်။ တချို့ နာမည် မရှိသေးသော ဖုန်းများဖြစ်ပါက အင်္ဂလိပ်ဘာသာဖြင့် တင်ထားသော အင်တာနက် စာမျက်နှာပင် မရှိသဖြင့် တစ်ခုလိုလိုပါက ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ဖြစ်သွားနိုင်သည်။ ထို့ကြောင့် အခြား အချက်များ အားလုံး တူသည်ဆိုလျှင် ပံ့ပိုးမှုအားကောင်းသော ထုတ်ကုန်ပစ္စည်းကို အားပေးသင့်ပါသည်။

ဤအချက် ၁၁ ချက်ကို ချင့်ချိန်စဉ်းစားပြီးမှ ဖုန်းဝယ်မည် ဆိုလျှင် စိတ်တိုင်းကျ ကျေနပ်သော ဖုန်းတစ်လုံးကို စာဖတ်သူတို့ ဝယ်ယူနိုင်မည် ဖြစ်ပါကြောင်း။

မြတ်မင်းမင်းမြတ် (မြန်မာ့ခေတ်)

0 comments: