Touch Screen ထက် ခေတ်ရှေ့ပြေးမည့် နည်းပညာများ



Photo
ယနေ့ခေတ်တွင် ခေတ်ရှေ့အပြေးဆုံး နည်းပညာဖြစ်သည့် Touchscreen နည်းပညာကို E.A johnson က ၁၉၆၅ ခုနှစ်ကပင် စတင် တီထွင်ပါသည်။ သူတီထွင်သည်မှာ Capacitive touch screen ဖြစ်ပါသည်။ သို့သော် လက်တွေ့ အသုံးချနိုင်မည့် Touchscreen ကို အကောင်အထည်ဖော်ခဲ့ကြသူများမှာ Bent Stumpe နှင့် FrankBeck တို့ ဖြစ်လာပါသည်။ သူတို့သည် CERN ကုမ္ပဏီမှ အင်ဂျင်နီယာများ ဖြစ်ပြီး ကုမ္ပဏီ၏ အကူအညီဖြင့် လက်တွေ့ အသုံးပြုနိုင်သည့် ပထမဆုံး Touchscreen ကို ၁၉၇၀ ခုနှစ်တွင် စတင် ဖန်တီးခဲ့ပါသည်။ ထို Screen သည် ၁၉၇၃ ခုနှစ်တွင် စတင် ဖန်တီးခဲ့ပါသည်။ ထို Screen သည် ၁၉၇၃ ခုနှစ်တွင် လက်တွေ့ အသုံးပြု နယ်ပယ်ထဲသို့ ရောက်ရှိလာပါသည်။

မိုဘိုင်းဖုန်းများ အပါအဝင် mobile device များ အပေါ်သို့ ပထမဆုံး ရောက်ရှိလာသည့် resistive touch screen ကို အမေရိကန်လူမျိုး တီထွင်သူ Gsamuel Hurst က တီထွင်ခဲ့ပြီး ယင်း Screen တို့သည် ၁၉၈၂ ခုနှစ်ထဲတွင် ဈေးကွက်ထဲသို့ စတင် ရောက်ရှိလာပါသည်။ resistive touch screen သည် လက်ဖြင့် တို့ထိ သုံးနိုင်သော ပစ္စည်း ဖြစ်သော်လည်း ကနဦးပိုင်းတွင် လက်ဖြင့် တို့ထိ မသုံးခဲ့ကြပါ။ Light pen technology ဟု ခေါ်သော အလင်းလှိုင်းသုံး ကလောင်တံ စနစ်က ၁၉၇၉ ခုနှစ်တွင် ပေါ်ခဲ့ခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။

ကမ္ဘာ့ပထမဆုံး Touch Screen computer သည် ၁၉၈၃ ခုနှစ်တွင် ပေါ်ပါသည်။ HP ကုမ္ပဏီမှ ထုတ်လုပ်သော HP-150 ဖြစ်ပါသည်။ ထူးထူးခြားခြား အနေဖြင့် Sony ကုမ္ပဏီမှ ထုတ်လုပ်သော ၉ လက်မ အရွယ် CRT ကွန်ပျူတာ PLATOW System တွင်လည်း Touchscreen နည်းပညာ အသုံးပြုခဲ့သည်ကို တွေ့ရပါသည်။ Sega ဂိမ်းစက်များတွင်လည်း Touchscreen နည်းပညာကို အသုံးပြုရန် ၁၉၉၀ ပြည့်နှစ်လွန်များကပင် ကြိုးပမ်း အောင်မြင်ခဲ့သော်လည်း ကြီးမြင့်လှသော ဈေးနှုန်းကြောင့် လက်တွေ့ အသုံးပြုနိုင်သည့် အခြေအနေသို့ ရောက်မလာခဲ့ပါ။ အထိုင်ချ၍ အသေအသုံးပြုနိုင်သည့် အရောင်၊ ကွန်ပျူတာစနစ် POS ဖြစ်သည့် A 520 ST ရောင်စုံကွန်ပျူတာမှာမူ ၁၉၉၆ ခုနှစ်တွင် ထွက်ပေါ်လာခဲ့ပါသည်။

ကမ္ဘာ့ပထမဆုံး Touchscreen ဖုန်းအဖြစ် အသိအမှတ်ပြုရမည်မှာ ၂၀၀၀ ပြည့်နှစ်တွင် Ericsson မှ ထုတ်လုပ်သော R380 ဖုန်း ဖြစ်ပါသည်။ Touchscreen ဟု ဆိုသော်လည်း ရောင်စုံစနစ် မဟုတ်ပါ။ အဖြူအမဲစနစ် ဖြစ်ပါသည်။ ၂၀၀၀ ပြည့်လွန်နှစ်များ အစပိုင်းတွင် Touchscreen သုံး ဖုန်းများ၊ လက်ဝါးတင် ကွန်ပျူတာများ ထွက်ခဲ့ပါသည်။ အဖြူအမဲ Screen ဖြစ်ပြီး အချို့တွင် လက်ဖြင့် တို့ထိ မသုံးဘဲ ကလောင်တံဖြင့် တို့ထိ သုံးပါသည်။ Multi touchscreen အဖြစ် အောင်မြင်စွာ ထွက်ပေါ်လာခဲ့သော iPhone ကို တွေ့ရပါမည်။ ယင်းဖုန်းသည် capacitive touch screen အမျိုးအစား ဖြစ်ပါသည်။ iPhone ပေါ်လာပြီးသည့် နောက်မှသာ Touchscreen နည်းပညာကို ကျန်ကုမ္ပဏီများက အကောင်အထည် ဖော်လာကြပါသည်။

ယနေ့အချိန်အထိ ပေါ်ပေါက်လာခဲ့သော အထင်ကရ Touchscreen နည်းပညာနှစ်မျိုး ရှိပါသည်။ ခေတ်ဦး မိုဘိုင်းဖုန်းများတွင် အသုံးပြုခဲ့သည်မှာ Resistive Touchscreen ဖြစ်ပါသည်။ ယင်းနည်းပညာတွင် အလွှာ Layer အတော်များများကို အသုံးပြုထားသော်လည်း အဓိက အလုပ်လုပ်သွားသည်မှာ လျှပ်စစ်ခုခံမှုအပေါ် မူတည်ပြီး အလုပ်လုပ်သွားသည့် အလွှာပါးနှစ်ခု ဖြစ်သည်။ ယင်းအလွှာနှစ်လွှာကြားတွင် Substrate ဟူသော ကြားခံ အလွှာတစ်ခုကို ခံထားသည်။ အပေါ်လွှာကို လက် သို့မဟုတ် ကလောင်တံထိပ်ဖျားဖြင့် ဖိသည့်အခါ အဖိခံရသည့် နေရာတွင် အပေါ်လွှာနှင့် အောက်လွှာတို့ ထိကပ်သွားကာ ဗို့အား အပြောင်းအလဲ ဖြစ်သည်။ ထိုအပြောင်းအလဲကို အာရုံခံ ဖတ်ရှုကာ ဆော့ဖ်ဝဲ အကူအညီဖြင့် လိုအပ်သလို လုပ်ဆောင်ပေးသည်။ resistive touchscreen ၏ အားသာချက်မှာ ရိုးရိုးလက်ဖြင့် ဖြစ်စေ၊ လက်အိတ်စွပ်ထားသော လက်ဖြင့် ဖြစ်စေ၊ ကလောင်တံဖြင့် ဖြစ်စေ ကြိုက်သလို ဖိထောက်ပြီး အလုပ်လုပ်နိုင်ခြင်း ဖြစ်သည်။ အားနည်းချက်မှာ ဖိအားကို မိမိရရပေးရန် လိုအပ်ခြင်း ချွန်ထက်သော အရာဖြင့် ထိုးပါက Screen ပျက်စီးနိုင်ခြင်းနှင့် ပြတ်သားမှု အားနည်းခြင်း Poor Contrast တို့ ဖြစ်ပါသည်။

Capacitive touchscreen မှာမူ ဖန်သားပြင် တစ်လွှာ ဖုံးအုပ်ထားသော အလွှာ အထပ် အစုအဝေး ပါဝင်သည်။ ဖန်သားပေါ်တွင် ကြည်လင်သော လျှပ်ကူး အလွှာကို ဖုံးအုပ်ပေးထားသည်။ တစ်နေရာတွင် လက်ဖြင့် ထောက်သည့်အခါ တည်ငြိမ်လျှပ်စစ် စက်ကွင်း၏ မျှခြေ ပျက်ပြားသည်။ ယင်းပျက်ပြားမှုကို အာရုံခံ၍ Processor သို့ ပို့ပေးပြီး လိုအပ်သလို ဆောင်ရွက်ခြင်း ဖြစ်သည်။ ဤနည်းပညာ၏ အားနည်းချက်မှာ လျှပ်စစ်ဓာတ်ကူးမူကို အားမပေးသော လက်အိတ်ကဲ့သို့ အရာကို စွပ်ပြီး Touchscreen ကို အသုံးမပြုနိုင်ခြင်း ဖြစ်သည်။ ထို့ကြောင့် အလွန်အေးသော ဒေသတွင် အသုံးပြုရပါက လျှပ်ကူး ပစ္စည်းဖြင့် ပြုလုပ်ထားသော အထူး လက်အိတ်ကို အသုံးပြုရခြင်း သို့မဟုတ် အထူး ကလောင်တံကို အသုံးပြုရခြင်းတို့ ရှိပါသည်။ သို့သော် Capacitive Touchscreen တို့၏ အာရုံခံမှုအားက ပိုကောင်းလာသဖြင့် Resistive Touchscreen နည်းပညာကို စွန့်လွှတ်ခဲ့ကြပါသည်။ ဤနည်းပညာသုံးသော Screen များသည် ဖိခြင်း၊ ခေါက်ခြင်း၊ ပွတ်ဆွဲခြင်းတို့ကို အာရုံခံနိုင်သည့်အပြင် ထိမှတ် အတော်များများ ဥပမာ လက်ဆယ်ချောင်းဖြင့် ထိခြင်းကိုလည်း အာရုံခံနိုင်စွမ်း ရှိပါသည်။

သို့သော် လူတို့၏ မရောင့်ရဲနိုင်သော သဘောအရ လက်ရှိ Capacitive Touchscreen ကိုပင် သာလွန်ကောင်းမွန်အောင် သို့တည်းမဟုတ် ယင်းထက် ပိုမို ကောင်းမွန်သော နည်းပညာကို အသုံးပြုနိုင်အောင် ကြိုးစားနေကြပါသည်။ မိုက်ကရိုဆော့ဖ်၏ အာရှဒေသ သုတေသန ဌာနခွဲနှင့် Purdue တက္ကသိုလ်မှ ပါမောက္ခ Hong Tan တို့၏ ပူးတွဲ သုတေသန ပြုနေသော နည်းလမ်းတစ်ရပ်မှာ စိတ်ဝင်စားဖွယ် ကောင်းသည်။ Screen ၏ ဘေးဘက်ဆီတွင် Piegoelectric actuator ခေါ် ပစ္စည်းများ တပ်ဆင်ပြီး Screen ပေါ် လက်ဖြင့် ပွတ်သည့်အခါ ငြိအားကို ခံစားရအောင် ဖန်တီးခြင်း ဖြစ်သည်။ Screen ပေါ် လက်ဖြင့် ပွတ်သည့်အခါ ငြိသည့် ခံစားမှု တစ်ခု ရသောကြောင့် တကယ့် ခလုတ်အစစ်တစ်ခုကို နှိပ်ရသလို တကယ့် ဆလိုက်တုံး တစ်ခု ဆွဲရွှေ့ရသလို ခံစားမှု ရရှိခြင်း ဖြစ်သည်။ လက်ပေါ်တွင် အထိတွေ့ ခံစားမှု အားကောင်းခြင်းကြောင့် စမတ်ဖုန်းသေးသေးပေါ်တွင် ထိသိအာရုံဖြင့် ခလုတ်နှိပ်ရန် လွယ်ကူလာသလို ကားမောင်းရင်း ဖုန်းခလုတ် နှိပ်စေရန် အဆင်ပြေပါသည်။ ဤနည်းပညာကို Slickfeel ဟု အမည်ပေးထားပါသည်။

Disncy သုတေသန ဌာနမှ Chris Harrison တီထွင်သော နည်းကမူ တစ်မျိုးတစ်ဘာသာ ထူးဆန်းသည်။ လူတစ်ယောက်၏ လက်ဖိအားအပေါ် မူတည်ပြီး မည်သူမည်ဝါ ဖြစ်သည်ကို ခွဲခြားမှတ်တမ်းတင်သည့်နည်း ဖြစ်သည်။ ထိုနည်း၌ မိုဘိုင်းဖုန်းကို ပထမအကြိမ် အသုံးပြုရာတွင် Screen ကို လက်ဖြင့် ခေတ္တဖိပြီး ကပ်ပေးထားရသည်။ မည်သူမည်ဝါဟူ၍ ဖုန်းက ခွဲခြား၍ ရသွားပြီဆိုလျှင် ဖုန်းတွင်း ဆော့ဖ်ဝဲပိုင်း အပြောင်းအလဲများကို မည်သူမည်ဝါကသာ ဆောင်ရွက်ခွင့် ရှိသည်ဟူ၍ပင် သတ်မှတ်ပေးထားနိုင်ပါမည်။ ဝါရှင်တန် တက္ကသိုလ်မှ ပါရဂူတန်း ကျောင်းသား Majank Goel တီထွင်သည့် နည်းကလည်း လက်ချောင်း၏ ဖိအားပေါ်၌ပင် အခြေပြုသည်။ သို့သော် သူ့နည်းက ဖုန်းသုံးစွဲသူအား ဘယ်သန် သို့မဟုတ် ညာသန် ဖြစ်သည်ကို ခွဲခြားပြီး on Screen Keyboard ကို လိုအပ်သလို ပြောင်းလဲပေးမည့် နည်းစနစ် ဖြစ်ပါသည်။
 
မက်ဆာချူးဆက် စက်မှုတက္ကသိုလ် Media Lab တွင် ပါရဂူတန်း ကျောင်းသား Sean Follmer စမ်းသပ်နေသော နည်းလမ်းကမူ ယနေ့ခေတ်အခါတွင် မရှိသေးသော နည်းလမ်းဟု ဆိုနိုင်သည်။ သူစမ်းသပ်နေသော Touchscreen က ပုံသဏ္ဍာန် အမျိုးမျိုး ကွေးနိုင် ခေါက်နိုင်သည်။ ပြင်ညီပေါ်တွင် ဆန့်ဆန့်ပြန့်ပြန့် တင်ထား၍လည်း ရသည်။ Screen နှင့်အတူ Projector ပါသလို 3D Sensor ကိုလည်း ထည့်သွင်းပေးထားသည်။ ထိသိအာရုံခံမှုများကို 3D ပုံစံဖြင့် ပြသနိုင်အောင် ပုံစံပြုထားခြင်း ဖြစ်သည်။ မိုက်ကရိုဆော့ဖ်၏ လူသားနှင့် ကွန်ပျူတာတို့အကြား တုန့်ပြန်မှု သုတေသနပြုမှု ဌာနခွဲမှာ အလုပ်လုပ်သော Desney Tan တို့ သုတေသန အဖွဲ့၏ အယူအဆကလည်း တစ်မျိုးတစ်ဘာသာဟု ဆိုရပါမည်။ အနာဂတ်ကာလ ကွန်ပျူတာ လုပ်ငန်းစဉ်တွင် တုန့်ပြန်မှု နည်းလမ်းပေါင်းစုံ Inter actions ကို ရွေးချယ် အသုံးပြုနိုင်ခြင်းကသာ အကောင်းဆုံး ဖြစ်သည်ဟု သူတို့က ယူဆပါသည်။

ထိုသို့သော အယူအဆအပေါ် အခြေခံ၍ ထွက်ပေါ်လာနိုင်ဖွယ်ရှိသော နည်းလမ်းတစ်ရပ်မှာ Xbox kinect ၏ ရွှေ့လျားမှု အာရုံခံခြင်းကို အသုံးပြုထားသော Digits ဟု ခေါ်သည့် နည်းပညာ ဖြစ်သည်။ ယင်းနည်းပညာတွင် လက်မောင်း၏ လှုပ်ရှားမှုနှင့် လက်ချောင်း၏ လှုပ်ရှားမှုတို့ကို အတော် တိကျစွာ အာရုံခံနိုင်ပြီး ယင်းတို့ကို Screen ပေါ်တွင် လူက လုပ်လိုက်သည့်အလား အဓိပ္ပာယ် ဖွင့်ဆိုပေးနိုင်သည်။ ရလဒ် အနေဖြင့် အနာဂတ်၏ Computing device များသည် လက်ဟန်ခြေဟန်ကို ဖမ်းယူပြီး အလုပ်လုပ်နိုင်မည့် အနေအထား ရှိလာပါသည်။ အာရုံခံ ပစ္စည်း သေးသေးကို လက်ပတ်နာရီကဲ့သို့ ပတ်ထားပြီး မိမိ၏ ကွန်ပျူတာ သို့မဟုတ် မိုဘိုင်းဖုန်းကို လက်၏ လှုပ်ရှားပုံ တစ်မျိုးတည်းဖြင့် ဆက်သွယ် အလုပ်လုပ်နိုင်မည့် ခေတ်မှာ မဝေးတော့ပါ။ လက်ဟန် ခြေဟန်ကို သိရှိ နားလည်နိုင်သော နည်းပညာ စကားသံကို နာခံ အလုပ်လုပ်နိုင်သော နည်းပညာတို့သည် ယခုလက်ရှိ Touchscreen နည်းပညာထက် ခေတ်ရှေ့ပြေး၍ အနာဂတ် မိုဘိုင်းကမ္ဘာကို ပုံဖော်မည့် နည်းပညာများ ဖြစ်လာပါလိမ့်မည်။
 
ဧဧသက် (ဖြိုးဓန ဒစ်ဂျစ်တယ်ဓာတ်ပုံ)

0 comments: