Handset အသစ်လဲသင့်တဲ့ အချိန်

Photo
Handset လေးတစ်လုံး လက်ထဲရောက်တာ အတော်ကြာပြီဆိုရင် ဖုန်းကိုင်သူတွေ ယားနာထလေ့ ရှိပါတယ်။ အဲ့ဒါကတော့ Handset အသစ် ဝယ်ကိုင်ချင်တဲ့ ယားနာပါ။  Handset အသစ်ကလေး မဝယ်နိုင်သေးရင်တောင် အနည်းဆုံး ကိုယ့်ဖုန်းရဲ့ OS Version ကို မြှင့်ချင်တဲ့သူတွေ အတော်များပါတယ်။ Android 4.2 က မြင်ကွင်းကျယ် ဓာတ်ပုံရိုက်နိုင်သတဲ့။
user account အများကြီးထား သုံးလို့လည်း ရသတဲ့။ ဒီအသံတွေ ကြားပြီဆိုရင်ပဲ လက်ရှိ Android 4.0 ကိုင်တဲ့သူတွေ စိတ်ထဲမှာ ရွစိရွစိ။ Android 2.3.6 လောက် ကိုင်တဲ့ သူတွေကလည်း ဟင်း..ဟင်း.. Handset ဝယ်တာ စောသွားလို့ပေါ့ကွာ ဆိုပြီး မချင့်မရဲ။ Android လိုင်းမှာတင် ဒီလိုဖြစ်တာမှတ်လို့ iOS လိုင်းက ပုဂ္ဂိုလ်များလည်း ထိုနည်းတူတူပါပဲ။ ကျွန်တော့်ဖုန်းကလေး iOS 6 တင်လို့ ရမလားခင်ဗျာ ဆိုတဲ့ မေးခွန်းတွေကို ဖုန်းအမေအဖြေ ကဏ္ဍမှာ ကြည့်ရင် တွေ့နိုင်ပါတယ်။

Handset အသစ်လဲမယ်ဆိုရင် အခုအချိန်ဟာ အကောင်းဆုံး အချိန် ဖြစ်ပါတယ်။ မကောင်းဆုံး အချိန်လည်း ဖြစ်ပါတယ်။ အကောင်းဆုံး အချိန်လို့ ပြောရတဲ့ အကြောင်းကတော့ ဘယ်တုန်းကနဲ့မှ မတူ တမူထူးပြီး Handset အမျိုးအစား ပေါင်းစုံ မြန်မာ့ဈေးကွက်ထဲ လှိမ့်ဝင်လာလို့ပါပဲ။ သုံးပျော်တဲ့ Branded handset တွေ ရှိသလို ဘာရုပ်မှ မပေါက်တဲ့ တရုတ်ခလုတ်ဖုန်းတွေကိုလည်း တော်တော်များများ တွေ့နိုင်ပါတယ်။ ဈေးကတော့ ပေါမှပေါပဲ။ တစ်နေ့က ကျွန်တော်ရောက်တဲ့ ICT ပြပွဲမှာ ခလုတ်ဖုန်း Handset တစ်လုံးကို KMD က ၉၀၀၀ ကျပ်နဲ့ ရောင်းနေပါတယ်။ Touch သုံးနိုင်တဲ့ 3.5 လက်မ၊ Huawei ဖုန်းက ဈေးအနိမ့်ဆုံး (၅၄၀၀၀) ကျပ်၊ ပြီးခဲ့တဲ့ ၅ နှစ်လောက်က Nokia ခလုတ်ဖုန်းတစ်လုံးကို ငွေတစ်သိန်းနီးပါးနဲ့ ကျွန်တော် ဝယ်ခဲ့ရဖူးပါတယ်။ အဲဒီ Handset မှာ Bluetooth ပါတဲ့အတွက် မိတ်ဆွေတွေကတောင် ဟုတ်မှဟုတ်ရဲ့လားလို့ သံသယ ဖြစ်ခဲ့ကြဖူးပါတယ်။ အရင်ကဆိုရင် တစ်သိန်းကျော်တန်ဖုန်းတွေမှ Bluetooth ပါသကိုး။ ဒါကြောင့် Function အတော်စုံတဲ့ Touch handset တစ်လုံး ငါးသောင်းကျော်ဆိုတာ အရင်ကထက်စာရင် အတော်ကြီးပေါတဲ့ ဈေးပါ။

Handset အသစ်လဲဖို့ မကောင်းဆုံးအချိန် ဆိုတာက ဒေါ်လာဈေးတွေ ထူးထူးခြားခြား အပေါ်ရောက်နေလို့ပါ။ တကယ်တမ်းမှာ ဒေါ်လာဈေး တက်သွားတာက ၁၅ ရာခိုင်နှုန်း၊ ကုန်ပစ္စည်းတွေ တက်သွားတာက ၃၀ ရာခိုင်နှုန်းလောက် ဖြစ်နေပါတယ်။ မိုဘိုင်းပစ္စည်း လောကမှာ ၃၀ ရာခိုင်နှုန်းလောက် မတက်သွားတာလည်း တော်ပေသေးလို့ ဆိုရတော့မယ်။ ကိုင်း ကောင်းပြီဗျာ။ ဒေါ်လာဈေး တက်သော်ရှိ မတက်သော်ရှိ handset အသစ် ကိုင်ရမှဖြစ်မယ် ဆိုတဲ့ ပုဂ္ဂိုလ်တွေကို ကျွန်တော် မေးချင်တယ်။ ဘာကြောင့် handset လဲကိုင်ချင်စိတ် ပေါက်ကြတာလဲ။ ဟာဗျာ ဖုန်းအသစ်က ပိုလည်းကောင်းတယ်။ မျက်နှာပြင်တွေကလည်း ပိုကြီးလာတယ်။ အလုပ်လုပ်တာလည်း ပိုမြန်လာတယ်ဆိုပြီး ပြောမယ့်အသံတွေကို ကျွန်တော် ကြိုပြီး ကြားနေပါတယ်။ တစ်ခုတော့ ပြောချင်သဗျ။ handset အသစ်လုပ်တဲ့ လူတွေရဲ့ ကြော်ငြာစကားကို ကျွန်တော်တို့ အမြဲနားယောင်လို့ မရဘူး။ ဖုန်းရာသီ တစ်နှစ်ကုန်တိုင်း အသစ်ထုတ်တဲ့ handset တွေကို မျိုးဆက်သစ်ဖုန်း (next generation phone) လို့ ပြောကြတာချည်းပဲ။ အဲဒီစကားကလည်း နှစ်တိုင်း ပြောမှာ။ သူတို့ပြောတိုင်းသာ ဝယ်ရရင် ကိုယ့်အိမ်ဟာ ဒစ်ဂျစ်တယ် အမှိုက်ပုံ ဖြစ်လိမ့်မယ်။

အဲဒီတော့ ပထမဆုံး စဉ်းစားရမယ့် အချက်က အသစ်ဝယ်ချင်တဲ့ handset ဟာ ကိုယ့်အတွက် မရှိမဖြစ်လား။ ဒါမှမဟုတ်ရှိရင် ကောင်းတာလားဆိုတဲ့ အချက် ဖြစ်ပါတယ်။ လူဆိုတာက ဘယ်တော့မဆို အသစ်အဆန်းဆို သုံးချင်ကြတာချည်းပါ။ Android ဆိုရင်လည်း လက်ရှိ လူသုံးများတဲ့ 2.3.6 ဟာလည်း အတွဲအဖက် ဆော့ဝဲလ်တွေနဲ့ သုံးလို့ ကောင်းတာပဲ။ iPhone ဆိုရင်လည်း ဒီအတိုင်းပဲ iPhone 4s နဲ့ iOS 5 လောက်ဟာ သုံးပျော်နေတာပဲ။ OS Version အမြင့်ကို တက်ကိုင်ချင်လို့ handset အသစ် ဝယ်ကိုင်ရပါတယ်ဆိုတာ ဆီလျော်တဲ့ အဖြေတော့ မဟုတ်ပါဘူး။ OS Version မြင့်လာလို့ သုံးရစွဲရ ပိုကောင်းတယ်ဆိုတာ သူတို့ Carrier (operator) သူတို့စနစ်မှာတော့ ဟုတ်ချင်ဟုတ်ပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ လက်ရှိ အနေအထားမှာတော့ အရမ်းကြီး ထူးလာမှာ မဟုတ်ပါဘူး။ OS အမြင့်ပိုင်းနဲ့ လိုက်လျောညီထွေ hardware ပါတဲ့ handset တွေမှာဖြင့် အလုပ်လုပ်ပုံ နည်းနည်း မြန်လာတာကို သတိထားမိစရာ ရှိပါတယ်။

handset ကို လဲကိုင်သင့်ပါတယ်ဆိုတဲ့ လူတွေကတော့ မူလက GSM သီးသန့် handset ဝယ်မိပြီး WCDMA ကိုပါ လိုချင်တယ်ဆိုတဲ့ လူတွေ၊ CDMA နဲ့ GSM အတွဲကို ဝယ်ပြီး နယ်တကာအနှံ့ ယူသွားချင်ပါတယ်ဆိုတဲ့ လူတွေ၊ လက်ရှိ handset ရဲ့ Internal memory နည်းတာမို့ ဆော့ဖ်ဝဲအစုံသုံးလို့ မရပါဘူးဆိုတဲ့ သူတွေ၊ Data အသုံးများတဲ့အတွက် SD ကတ် ထပ်စိုက်ပြီး သုံချးင်ပါတယ်ဆိုတဲ့ လူတွေ၊ လက်ရှိဖုန်းရဲ့ Screen သေးသေးကို ကြည့်ရတာ ဘယ်လိုမှ အားမရပါဘူးဆိုတဲ့ လူတွေ ဖြစ်ပါလိမ့်မယ်။ လွန်ခဲ့တဲ့ ၁ နှစ်လောက်က handset ဝယ်ထားမိတယ်။ ၄ လက်မရှိတဲ့ Screen ပါတယ်။ Android 4.0 လောက် ပါတယ်ဆိုတဲ့ လူတွေမှဖြင့် handset အသစ်ဝယ်ဖို့ ကိစ္စက မဖြစ်မနေ မလိုပါဘူး။ 3.5 လက်မလောက် Screen ရှိပြီး hardware ပိုင်းလည်း သိပ်မနိမ့်တဲ့ လူတွေက OS Version ကို တရားဝင် မြှင့်ခွင့်ရမယ်ဆိုရင် မြှင့်ပြီးပဲ သုံးသင့်ပါတယ်။

တရားဝင် version မြှင့်လို့ရမယ်ဆိုရင် ကျွမ်းကျင်ပညာရှင်ရှိတဲ့ ဆိုမှာပဲ လုပ်ဖို့ကောင်းတယ်။ Custom ROM တွေကို Root ဖောက်ပြီး မသွင်းသင့်ဘူး။ မူလ handset နဲ့ အံကျအနေအထား မဟုတ်တော့ဘဲ ဟို function သုံးမရ၊ ဒီ function သုံးမရ ဖြစ်တတ်ပါတယ်။ ကိုယ့်ဆီမှာ တရားဝင် OS Version ရှိတယ်။ အသင့်အတင့်လည်း လုပ်တတ်ကိုင်တတ် ရှိတယ်ဆိုရင်တောင် OS Version အသစ်တင်မယ်ဆိုရင် ကိုယ့်ရဲ့ data တွေ (အထူးသဖြင့် Contace, Ringtone, photo, SMS) ကို ကြိုပြီး backup လုပ်ထားဖို့ လိုပါတယ်။ OS Version အသစ်တင်ပြီ ဆိုတာနဲ့ လက်ရှိ application နဲ့ data တွေကို ဖျက်ချပြီးသားပဲ။ ဆိုင်သွားပြီး OS Version မြှင့်မယ်ဆိုရင်လည်း ပညာရှင်ကို ကြိုပြီး ပြောပြထားဖို့ လိုပါလိမ့်မယ်။ ဟိုတစ်လောက ကျွန်တော့်ဇနီးရဲ့ handset လေး OS error တက်လို့ မူရင်း Version တင်တာတောင် အထဲက data တွေ ကုန်သွားဖူးတယ်။ ကွန်ပျူတာထဲမှာ ကြိုတင် Backup လုပ်ထားမိတာ တော်သေးတာပေါ့။ မြန်မာပြည်က Service ပညာရှင်ဆိုတဲ့ လူအတော်များများ အလုပ်လုပ်တာ သိပ်ပေါ့ဆပါတယ်။ တတွတ်တွတ် မှာနိုင်တာတောင် တန်ကာမကျဘူးဆိုတာ သတိထားပါ။ OS အသစ်နဲ့ ကိုယ့် handset ရဲ့ hardware အဆင်ပြေသလား၊ မပြောသလား ဆိုတာလည်း အသေအချာ မေးပါ။ ဖြစ်ခဲတယ်ဆိုပေမယ့် အခန့်မသင့်ရင် device crash ဖြစ်တတ်ပါတယ်။

handset လဲချင်တဲ့ ယားနာထဲမှာ processor ကိစ္စလည်း ပါသဗျ။ အင်တာနက်လည်း သုံးမယ်။ သီချင်းလည်း နားထောင်မယ်ဆိုရင် dual core တွေက အသုံးကျကောင်း ကျပါလိမ့်မယ်။ ဂိမ်းကြီးတွေ တင်ပြီးဆော့မယ်ဆိုရင် quad core က ပိုပြီး အဆင်ပြေချင် ပြေလိမ့်မယ်။ ဒါပေမယ့် core speed ကလည်း အရေးကြီးပါတယ်။ အလုပ်တစ်မျိုးတည်းပဲ လုပ်မယ်ဆိုရင် Single core 1.4 GHz ထက် dual core 1.0 GHz က ပိုမြန်မယ် မပြောနိုင်ပါဘူး။ ကွန်ပျူတာ processor တွေနဲ့ ပတ်သက်ပြီး အလားအလာတူ ကိစ္စမျိုးကို ရှင်းပြခဲ့ပြီးပါပြီ။ ၂၀၁၃ ခုနှစ်ထဲမှာ အမြင့်ပိုင်း ဖုန်းတော်တော်များများ Core ၄ ခု (quad core) နဲ့ လာတယ်။ လာမည့် နှစ်ထဲမှာ Core ၈ ခု (Octa core) တွေ လာလိမ့်မယ်။

hyper thread ကို အထောက်အပံ့ပေးမယ်ဆိုရင် Physical core ရော၊ Virtual Core ရော သုံးနိုင်မှာမို့ Core အရေအတွက်က နှစ်ဆတိုးမယ်။ မျက်နှာပြင် အကျယ် ၆ လက်မလောက် ရှိတဲ့ ဖုန်းဟာ office work တွေ လုပ်လို့ မတွင်ကျယ်၊ program code တွေ ရေးလို့ကလည်း မကောင်း၊ ဂိမ်းဆော့ဖို့နဲ့ ဗီဒီယိုကြည့်တာကလွဲပြီး ဘာမှသိပ်အသု့းမကျတဲ့ quad core တွေ အတွက် ငွေအပိုအကုန်ခံသင့်သလား။ နောက်တစ်ချက်က နိုင်ငံတကာမှာလို 3G ကနေ 4G တက်တော့မလားဆိုပြီး မျှော်လင့်တဲ့ ကိစ္စ။ Operator တွေ နှုတ်ထွက်စကားကို ကျွန်တော်တို့ ကြားပြီးကြပြီ။ လောလောဆယ် 4G ကို သွားဖို့ မရှိသေးဘူး။ စမ်းရုံပဲစမ်းတာ။ လက်ရှိ အခြေအနေက 3G ကိုတောင် မနည်း နပ်မှန်အောင် လုပ်ရမယ့် အနေအထား။ 4G LTE သုံးချင်လို့ handset အသစ်လဲကိုင်ချင်တာပါ ဆိုရင် ခဏအောင့်လိုက်ပေဦးရော့။ ၂၀၁၄ ဧပြီလလောက်မှာ Operator လေးယောက် အပြိုင် ဝန်ဆောင်မှုပေးပြီဆိုရင် မိုဘိုင်းအင်တာနက် အမြန်နှုန်း ဘယ်လိုနေမှာလည်း မှန်းလို့မရဘူး။ လက်ရှိဘုရားစူး 3G အင်တာနက် အမြန်နှုန်းပဲလား။ အမြန်နှုန်းမြှင့်ပြီး သီးခြားပိုက်ဆံ တောင်းမှာလား။ ဘယ်လိုမှ တွက်မရသေးဘူး။ 4G ရောဂါအတွက် handset အသစ် မဝယ်သင့်သေးတဲ့ အချိန်လို့ ပြောနိုင်ပါတယ်။

handset အသစ်ဝယ်ချင်တဲ့ ရောဂါကို ဆွပေးတဲ့ အထဲမှာ ကင်မရာတွေလည်း ပါတယ်။ အခုဆိုရင် Samsung က Galaxy Zoom ထွက်လာတယ်။ မိုဘိုင်းဖုန်းတွေမှာ ဘယ်တုန်းကမှ မသုံးနိုင်တဲ့ Optical Zoom ကို 10x အထိ သုံးခွင့်ပြုထားတယ်။ ရိုက်ပြီးတာနဲ့ အွန်လိုင်း တန်းတင်နိုင်တယ်။ GPS ပါလို့ ဘယ်နေရာမှာ ဓာတ်ပုံရိုက်ခဲ့တယ်ဆိုတာ သိနိုင်တယ်။ Wi-Fi သုံးပြီး အခြားတစ်နေရာ ပို့နိုင်တယ်။ Share နိုင်တယ်။ အားလုံး ကြိုက်စရာတွေချည်းလို့ ထင်စရာရှိတယ်။ ဒါပေမယ့် ဖုန်းကင်မရာဟာ ဖုန်းကင်မရာပါပဲ။ လက်ရှိ အနေအထားအရ ဖုန်းထဲက Sensor ကို entry Level DLSR မှာလောက် ကြီးလို့ မရသေးဘူး။ မှန်ဘီလူးတွေကလည်း ဒီလောက် မကောင်းသေးဘူး။ mega pixel ကြီးကြီး ရိုက်နိုင်တယ်ဆိုတာက အချက်တစ်ခု အနေနဲ့ပဲ ရှိတယ်။

မိုဘိုင်းဖုန်း ဓာတ်ပုံတွေက အတော်လေး ကြည့်ပျော်ရှုပျော် ရှိလာတာ မှန်ပါတယ်။ ဒါပေမယ့် pro အဆင့်ကို မီအောင် နောက်ထပ် ဆယ်စုနှစ် တစ်ဝက်လောက် စောင့်ရပါဦးမယ်။ ဓာတ်ပုံကောင်းကောင်း ရိုက်ချင်လို့ handset အဆင့်မြင့်ပိုင်း ဝယ်စရာ မလိုပါဘူး။ နှစ်သိန်းကျော်တန် Canon H5 ကင်မရာငယ်ငယ်လေးတွေနဲ့တင် တော်တော်ကြီး ကောင်းတဲ့ ဓာတ်ပုံတွေ ရနိုင်ပါတယ်။ အဲဒီတော့ ဘယ်အချိန်မှာ handset အသစ်လဲသင့်ပါသလဲ။ ငွေလဲနှုန်း သင့်တင့်လျောက်ပတ်တဲ့ အချိန်၊ အင်တာနက် အခြေခံစနစ်တွေ လုံးလုံးလျားလျား ပြောင်းသွားမယ့် အချိန်၊ လက်ရှိ OS Version လိုက်မမီနိုင်လောက်အောင် ကောင်းတဲ့ OS Version အသစ်ထွက်လာတဲ့ အချိန်တွေမှာ handset အသစ် မဖြစ်မနေ လဲသင့်ပါတယ်။ handset အသစ် ကိုင်လဲသင့်ပါတယ်ဆိုတဲ့ လူတွေစာရင်းမှာ ပါနေရင်လည်း လဲသင့်ပါတယ်။ handset တစ်လုံးဟာ အနည်းသုံး သုံးနှစ်လောက်တော့ သုံးရသင့်ပါတယ်။ ဒါမှသာ ငွေကြေး အကုန်အကျ သက်သာမယ့် အပြင် ကမ္ဘာမြေကြီး စိမ်းလန်းစိုပြေဖို့ အတွက်ပါ အထောက်အကူ ပြုနိုင်ပါလိမ့်မယ်။

နောင်စိုး (ထားဝယ်)

0 comments: