စွမ်းအင် သုံးစွဲပုံ ပြောင်းကြပါစို

Photo
သီတင်းကျွတ် လပြည့်နေ့ ည။ လရောင်က ကွင်းပြင်တစ်ခုလုံးပေါ်မှာ ဖြာကျနေတယ်။ ဒီဇယ်မီးခွက်က တစ်ခုတည်းသော မီးစွယ်ဟာ လေပြည်အလာမှာ ဟိုဟိမ်းလိုက်၊ သည်နွဲ့လိုက်၊ တဲကလေးထဲက မှုန်ပျပျ မီးရောင်အောက်မှာ  ထိုင်ရင်း ကဲလားပေါက်ကို ကျော်ပြီး အပြင်ကို ကျွန်တော် ကြည့်မိတယ်။ ဟိုးဝေးဝေးမျက်စေ့ တစ်ဆုံးမှာ အစိမ်းရောင်၊ အဝါရောင်၊ အနီရောင် မီးမျိုးစုံ၊ သီတင်းကျွတ် လပြည့်ညမှာ ဘုရားကို ပူဇော်တဲ့ မီးရောင်တွေ ထင်ပါရဲ့။

ရွာတောင်ပိုင်းကို ဖြတ်ဖောက်ထားတဲ့ ကျောက်ကြမ်းလမ်းနံဘေးမှာတော့ မြင့်မြင့်မားမား လျှပ်စစ်တာဝါတိုင်ကြီးတွေဟာ နှုတ်ရဲ့ စောင့်စည်းမှုကို ထိန်းသိမ်းနေတဲ့ သူတော်စင်တွေလို ငြိမ်သက်နေကြတယ်။ ကျွန်တော်ရောက်နေတဲ့ ရွာကလေးဘေးမှာ မဟာဓာတ်အားလိုင်းကြိုးကြီးတွေ ဖြတ်သွားတဲ့ နေရာရှိတယ်။ ရွာကလေးမှာတော့ မီးမရှိပါဘူး။ မီတာပုံး တစ်လုံးသွယ်ရင် အနည်းဆုံး ခြောက်သိန်းဆိုတဲ့ ငွေကြေးဟာ ဆင်းရဲတဲ့ ရွာသူရွာသားတွေကို ဆွံ့အသွားစေခဲ့တယ်။

ကျွန်တော်တို့ နိုင်ငံမှာ လျှပ်စစ်မီးသုံးနိုင်တဲ့လူဟာ တစ်နိုင်ငံလုံး လူဦးရေရဲ့ ၂၆ ရာခိုင်နှုန်းပဲ ရှိတယ်ဆိုတာ သတင်းစာထဲမှာ ဖတ်မိပါတယ်။ တစ်နိုင်ငံလုံး လျှပ်စစ်သုံးနိုင်ဖို့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေလက်ထဲ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်းကို အလျင်စလို လွှဲမယ်ဆိုရင် ကြုံလာနိုင်တဲ့ ဒုက္ခတွေအကြောင်းကိုလည်း 7 days news ဂျာနယ်မှာ ဖတ်မိတာ သိတိရနေပါတယ်။ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်ဆိုတဲ့ အရပ်တွေမှာ လျှပ်စစ်မီးကို ဘုန်းဘောလအော သုံးစွဲနေတာကို သွားရင်းလာရင်းလည်း တွေ့မိပါတယ်။

ကျွန်တော်တို့လို ဖွံ့ဖြိုးဆဲနိုင်ငံငယ်လေးတွေမှာ လျှပ်စစ်ဓာတ်အားကို renewable energy source တွေကပဲ အဓိကထားပြီး ထုတ်နေရပါတယ်။ တချို့က ရေအားလျှပ်စစ်၊ တချို့က နေအားလျှပ်စစ်၊ တချို့က လေအားလျှပ်စစ် စနစ်တွေပေါ့။ ဘယ်လိုစနစ်ပဲသုံးသုံး အဲဒီစနစ်တွေအတွက် ငွေအရင်းအနှီးလိုတယ်။ နည်းပညာလိုတယ်။ အချိန်ကာလတွေလိုပါတယ်။ လိုအပ်တဲ့ နည်းပညာနဲ့ အရင်းအနှီး ပြည့်စုံမယ်ဆိုရင်တောင် ကျွန်တော်တို့လို နိုင်ငံမျိုးမှာ အနည်းဆုံး ဆယ်စုနှစ် တစ်ခုလောက်ကို ကျော်လွန်ပြီးမှ စုစုပေါင်း လူဦးရေရဲ့ လေးပုံသုံးပုံလောက် လျှပ်စစ်မီး သုံးနိုင်ကြပါလိမ့်မယ်။

အဲဒီထက်စောပြီး လူအများစု လျှပ်စစ်စွမ်းအင် အသုံးပြုခွင့် ရစေချတယ်ဆိုရင် ကျွန်တော်တို့ရဲ့ စွမ်းအင်သုံးစွဲမှုကို ပုံစံပြောင်းမှ ဖြစ်ပါလိမ့်မယ်။ လျှပ်စစ်စွမ်းအင်ကို လူတစ်ယောက်စီက လိုအပ်သလောက်ပဲ သုံးစွဲကြမယ်ဆိုရင် အခုလက်ရှိ လူဦးရေ ၂၆ ရာခိုင်နှုန်း လျှပ်စစ်မီးသုံးစွဲခွင့်ကနေ နောက်ထပ် လူဦးရေ ၁၅ ရာခိုင်နှုန်းလောက်ဟာ တစ်နှစ်အတောအတွင်း လျှပ်စစ်မီးကို အလင်းရောင်အတွက် သုံးစွဲခွင့်ရကြပါလိမ့်မယ်။ စက်မှုနဲ့ လုပ်ငန်းပိုင်းအတွက် လျှပ်စစ်လိုအပ်ချက်က ကြီးမားတာမို့ သီးခြား စဉ်းစား ဆောင်ရွက်ရမယ့် ကိစ္စဖြစ်ပါတယ်။ ညဘက် အလင်းရောင်အတွက် လျှပ်စစ်မီး သုံးခွင့်ရကြမယ်ဆိုရင်ပဲ လူနေမှုဘဝကို အထိုက်အလျောက် မြှင့်တင်နိုင်ပါလိမ့်မယ်။

လျှပ်စစ်စွမ်းအင်ကို သိသိသာသာ မြှင့်တင်ပြီး မထုတ်လုပ်နိုင်ခင် စပ်ကြားမှာ လက်ရှိ လျှပ်စစ်စွမ်းအင်ကို ထိထိရောက်ရောက် သုံးနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားရပါလိမ့်မယ်။ လျှပ်စစ်စွမ်းအင်ကို အထိရောက်ဆုံး ချွေတာနိုင်တဲ့ နေရာက အလင်းရောင်အနေနဲ့ သုံးစွဲတဲ့ နေရာမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ခပ်ငယ်ငယ်က နေအိမ်တွေမှာ အလင်းရောင်အတွက် သုံးတာ လျှပ်စစ်မီးသီးပါ။ ဘတ်သီးလို့လည်း ခေါ်ကြပါတယ်။ သူ့အထဲမှာ တန်စတင်ကြိုးလေးပါတယ်။ လျှပ်စစ်ဓာတ်လွှတ်ပေးလိုက်ရင် ကြိုးကလေးက ရဲလာတယ်။ ပြီးတော့ အလင်းရောင်ထွက်လာပါတယ်။ တန်စတင်ကြိုးစကလေးရဲ့ ခုခံမှု သတ္တိကိုသုံးပြီး အလင်းရောင်ထွက်စေတဲ့ စနစ်ဖြစ်ပါတယ်။

ဟိုတုန်းက မီးချောင်းဆိုတာက ရှားလေတော့ ဘယ်အိမ်ကြည့်ကြည့် ဘတ်သီးထွန်းကြတာပါပဲ။ ၂၅ ဝပ်က လွမ်းလောက်အောင် မလင်းဘူး။ ဒီနေ့ ကျွန်တော်တို့ ထွန်းနေကြတဲ့ ၄ ပေမီးချောင်းလောက် လင်းချင်ရင် ၁၀၀ ဝပ်အား ဝယ်ထွန်းမှ ဖြစ်မယ်။ ဒီနေ့ခေတ် စွမ်းအင်အသုံးချရေး အမြင်နဲ့ကြည့်ရှု ဘတ်သီးဟာ သုံးထိုက်တဲ့ ပစ္စည်းမဟုတ်တော့ပါဘူး။ ပညာရှင်တွေ လေ့လာချက်အရ လျှပ်စစ်မီးသီးတစ်လုံးမှာ စွမ်းအင် ၅ ရာနိုင်နှုန်းပဲ အလင်းရောင်ဖြစ်လာစေပြီး ၉၅ ရာခိုင်နှုန်းက အပူအဖြစ်နဲ့ ဆုံးရှုံးတယ်ဆိုတာ တွေ့ရပါတယ်။ လျှပ်စစ်စွမ်းအင် ၁ ဝပ်စားတိုင်း အလင်းအား ၁၆ lumen ပဲ ထုတ်ပေးနိုင်ပါတယ်။

ဒါကြောင့် ဘတ်သီးအသုံးကို လုံးလုံးလျားလျား စွန့်ပယ်နိုင်ကြမယ်ဆိုရင် ၁၀၀ ဝပ် ဘတ်သီး တစ်လုံးအစား လေပေမီးချောင်း ၅ ချောင်းထက်မနည်းကို ပြောင်းပြီး သုံးနိုင်ကြပါလိမ့်မယ်။ အလင်းအားပိုရပြီး စွမ်းအင် ပိုအသုံးနည်းမယ့် သဘောဆောင်ပါတယ်။ အစစအရာရာ ဈေးနှုန်းကြီးတဲ့ ကျွန်တော်တို့ဆီမှာ မြို့နေလူတန်းစားတွေကဖြင့် မီးချောင်းပဲ ပြောင်းသုံးကုန်ကြပါပြီ။ မီးလုံးက ပိုပြီး အသုံးခံတယ်ဆိုပြီး သုံးနေတဲ့ လူတွေ မီးချောင်းလင်းဖို့ အပိုမဆလာတွေ  ဝယ်ရတယ်ဆိုပြီး ဘတ်သီးပဲ သုံးနေတဲ့လူတွေ ဘယ်ဟာက ပိုကောင်းမှန်း လက်တွေ့ကျကျ မချင့်ချိန်တတ်လို့ ဘတ်သီးပဲ သုံးနေတဲ့လူတွေလည်း ရှိပါတသေးတယ်။ လူအားလုံး အသိအမြင် ပြောင်းလဲလာအောင် ကျွန်တော်တို့ ဝိုင်းပြီး ကြိုးစားရပါမယ်။

မီးချောင်းတွေက မီးသီးတွေထက် ပိုင်းလင်းတာတော့ သေချာပါတယ်။ သူ့မှာ အလင်းရောင်ရဖို့အတွက် လျှပ်စစ်ခုခံမှုအားကို မသုံးပဲ ဓာတ်ငွေ့ကိုသုံးလို့ ဖြစ်ပါတယ်။ မီးချောင်းထဲမှာ အစွမ်းမဲ့ ဓာတ်ငွေ့တစ်မျိုးကို ခပ်ပါးပါး ထည့်ထားပြီး ဓာတ်ငွေ့ထဲ လျှပ်စစ်ဖြတ်စီးစေတဲ့အခါမှာ အလင်းရောင် ထွက်လာတာ ဖြစ်ပါတယ်။ လေးပေမီးချောင်းဟာ စံချိန်မီဆိုရင် ဝပ် ၄၀ သုံးပြီး၊ အလင်းအား ၃၅၀၀ Lumen ထွက်ပါတယ်။ ၁၀၀ ဝက်အား ဘတ်သီးတစ်လုံးထက် ပိုလင်းပါတယ်။ ၁၀၀ ဝပ်အား ဘတ်သီးတစ်လုံးစွဲစာလောက်ကို လင်းတာပါ။ ဒီထက်ချွေတာချင်ရင် ၂၀၀ ဝပ်မီးချောင်းကို ပြောင်းသုံးနိုင်တယ်။ ၆၀၀ ဝပ်အား ဘတ်သီးထက် ပိုလင်းပါလိမ့်မယ်။

၂၀၁၂ ခုနှစ်၊ နှစ်လည်ပိုင်းမှာ မြန်မာပြည်ထဲကို CFL (Compact Fluroresent Light) တွေ ဝင်လာတယ်။ ကျွန်တော်တို့က မုန့်ကြိုးလိမ် မီးချောင်းလို့ ခေါ်တဲ့ဟာတွေပေါ့။ အရင်ကတော့ ဒီမီးချောင်းသေးသေးတွေဟာ တရုတ်ပြည်ကဝင်တယ်။ ၆ ဝပ် ဒါမှမဟုတ် ၈ ဝပ် မီးချောင်းလေးတွေပါ။ ဘုရားစင်မှာ မီးပူဇော်ဖို့ သုံးပါတယ်။ သိပ်ပြီး အကျွမ်းမြန်လို့ လူသုံးနည်းပါတယ်။ ၂၀၁၂ ခုနှစ်မှာ ဝင်လာတာက မန်နာဆိုတဲ့ KHI ကုမ္ပဏီထုတ် မီးချောင်းငယ်တွေပါ။ Opple ကလည်း ထုတ်ပါတယ်။

၅ ဝပ်ကနေ ဝပ် ၄၀ အထိ ရှိပါတယ်။ သူကတော့ မီးအား ၁ ဝပ်စားတိုင်း အလင်းအား 75 Lumen ပဲ ထုတ်ပေးနိုင်တယ်။ မီးချောင်းကြီးထက် အလင်းထွက်အား ညံပေမယ့် ချုပ်တို့၊ မီးချောင်းထည့်ဖို့ ဘောင်တို့ မလိုပါဘူး။ ရိုးရိုးဘတ်သီး မီးချောင်းမှာပဲ တပ်ပြီး သုံးလို့ရပါတယ်။ အလင်းအား သိပ်ပြီးမကောင်းလှပေမယ့် သူ့ထဲမှာ ထည့်ထားတဲ့ ပြဒါးငွေကြောင့် ပိုပြီးလင်သလို ထင်ရပါတယ်။ မီးလုံးသက်တမ်း နာရီ ၇၀၀၀- ၁၀၀၀၀ ဆိုတာအပြင် တစ်နှစ်အာမခံဆိုတာကြောင့် မြန်မာပြည်သားတွေ အားပါးတရ ဝယ်ပြီး သုံးကြပါတယ်။

မုန့်ကြိုးလိမ် မီးချောင်းလေးတွေက လျှပ်စစ်စွမ်းအင်ကို ထိထိရောက်ရောက် ချွေတာနိုင်သလားဆိုရင် မချွေတာနိုင်ပါဘူး။ နာရီ ၇၀၀၀ တကယ်ခံသလားဆိုရင်လည်း မခံဘူးလို့ ပြောရပါလိမ့်မယ်။ နာရီ ၇၀၀၀ မခံတာကတော့ ဗို့အားအတက်အကျ အပြောင်းအလဲ မြန်ဆန်တဲ့ မြန်မာပြည်လျှပ်စစ်ဓာတ်အား အခြေအနေကြောင့်လည်း ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် နာရီ ၃၀၀၀ လောက်အထိ အလင်းအားပြည့်ပြည့် သုံးလို့ရပါတယ်။ ဒါပေမယ့် နာရီ ၃၀၀၀ လောက်အထိ အလင်းအားပြည့်ပြည့် သုံးလို့ရပါတယ်။ အများဆုံး နာရီ ၅၀၀၀ လောက်ခံတယ်ဆိုတာ တွေ့ရပါတယ်။ မီးချောင်းထက် ပိုခံတယ်။ စွမ်းအင်ကို ၂၀ ဝပ်၊ ၄၀ ဝပ် ဆိုပြီး မီးချောင်းလိုပုံသေ သုံးစရာမလိုဘဲ ကိုယ့်လိုအပ်ချက်အလိုက် ဝပ်အားရွေးပြီး သုံးနိုင်တာမို့ သူကလည်း ချွေတာနည်း တစ်မျိုး ဖြစ်ပါတယ်။

မြန်မာ့ဈေးကွက် နောက်ထပ် ဝင်ဖို့ တာစူနေတာက LED မီးချောင်းနဲ့ မီးလုံးတွေ ဖြစ်ပါတယ်။ နာမည်ကြီး တံဆိပ်မဟုတ်ဘဲ တရုတ်ပြည်ဘက်က ဝင်တာဖြစ်ပြီး ဝပ် ၁၀၀ မီးချောင်းတစ်ချောင်း ကျပ်နှစ်သောင်းကျော်မို့ လောလောဆယ်မှာ လူအများကြီးသုံးကြဦးမယ် မထင်ပါဘူး။ သူက စွမ်းအင် ၁ ဝပ်သုံးတိုင်း လင်းအား 100 Lumen ရတာမို့ မီးချောင်းတွေနဲ့ ကောင်းကောင်းယှဉ်နိုင်ပါတယ်။ ရာနှုန်းပြည့် လင်းအားထွက်တဲ့ LED မီးချောင်းကနေ ၇၀ ရာခိုင်နှုန်းပြည့်ထွက်တဲ့ မီးချောင်းဘဝရောက်ဖို့ အချိန် ၁၀ နှစ်ကြာတယ်ဆိုတာက ဆွဲဆောင်ချက် ဖြစ်ပါတယ်။

LED မီးလုံးတွေက သိပ်ပြီးကျွမ်းခဲတယ်။ သူ့ကိုထွန်းဖို့ ချုပ်တွေ၊ ဘာတွေမလိုဘူး၊ ထွန်းတာနဲ့ တန်းပြီးလင်းတယ်။ Warm uptime မလိုဘူးဆိုတာတွေကလည်း နှစ်သက်စရာ ဖြစ်ပါတယ်။ နာမည်ကြီး phillip တို့ Cree တို့လို ကုမ္ပဏီတွေ အိမ်သုံး ၆၀ ဝပ် LED မီးလုံးတွေကို ၁၄ ဒေါ်လာလောက်နဲ့ ရောင်းဖို့ စီစဉ်နေပါတယ်။ နောင်လူသုံးများလာရင် ဒီထက် ဈေးထပ်ကျမှာမို့ အများသုံးဖြစ်လာနိုင်ပါတယ်။ ခြံဝင်းသုံး မီးတွေ၊ လမ်းမီးတွေမှာလည်း သိပ်ပြီးအလင်းအား မလိုရင် ၁၀၀ ဝပ် LED မီးတွေ သုံးနိုင်ပါတယ်။ နှင်းခွဲဆိုဒီယမ် မီးသီးတွေ ဒေါ်လာ ၂၀၀ လောက် ဈေးရှိချိန်မှာ သူက ဒေါ်လာ ၆၀ ပဲရှိလို့ ဖြစ်ပါတယ်။ ဆိုဒီယမ် မီးလုံးက သုံးလေးနှစ်ကြာလို့ စွမ်းရည်မကောင်းချိန်မှာ LED မီးလုံးက စွမ်းရည်ပြည့် အလုပ်လုပ်နေဦးမှာ ဖြစ်ပါတယ်။ အလင်းရောင်အတွက် လျှပ်စစ်စွမ်းအင်ကို စေ့စေ့စပ်စပ်သုံးနိုင်တဲ့ နေရာတွေများလာရင် မိုဘိုင်းဖုန်း သုံးနိုင်တဲ့ ဧရိယာလည်း ကျယ်ပြန့်လာပါလိမ့်မယ်။

နောင်စိုး (ထားဝယ်)

0 comments: