အလင်းပိတ်အကြည်

ငါဟာ ငါ့ကိုယ့်ငါ သနားလွန်းလို့
ပြန်မရလိုက်တဲ့ အားနာခြင်းတွေ
ပုံမှန်တစ်ခွက်ထဲ ပြုတ်ကျခါမှ
အလူးလူးအလဲလဲ ဖုန်ခါထရပေါ့။
ကိုယ့်ကိုယ်ကို ပြန်မမြင်နိုင်တဲ့
မှန်တစ်ချပ်အတွက်
မျက်နှာသစ်ပေးကြတဲ့လူတွေ
တန်ပြန်ခြင်းတရား နာကြားရတဲ့အခါမှ
အဘိဓမ္မာကို ပြန်လှန်မနေကြပါနဲ့။
ညစာလား? မနက်စာလား?
မကွဲပြားတဲ့ သန်းခေါင်ယံတွေအတွက်
မီးတိုင်အောက်က ပျိုမေ နုပျိုလွန်းနေတယ်။
ရယ်နေကြတဲ့ သွားတွေကို
ညီနေတဲ့ နှုတ်ခမ်းပါးတစ်ချို့က မနာလိုဖြစ်ကြ။
လျှောက်လှမ်းဆဲ ခန္ဓာနဲ့
ရပ်နေတဲ့ ခြေထောက်တွေနဲ့ အငြင်းအခုံဖြစ်။
လက်ဖက်ရည်ခွက်ထဲ မှောက်ကျသွားတဲ့
စားပွဲထိုးအဖြစ်မှာ တရားခံဟာ အချစ်ပဲ။

လင်းယံခ

0 comments: