အာဇာနည်နေ့ဟူသည်...
ခုနှစ်က ၁၉၄၇၊ ဇူလိုင်လ ၁၉ရက်။
ကောင်းကင်တစ်ခုလုံး အုံ့မှိုင်းလျက်ရှိနေသည်။ မိုးကလည်း တဖြောက်ဖြောက်ကျလိုက်၊ စဲသွားလိုက် ရှိနေသည်။ တိမ်တိုက်တို့သည်လည်း ဖျော့တော့တော့နှင့် ဝမ်းနည်းမှုကို ဆောင်နေသယောင်။ အင်လျားကန်စောင်းရှိ ဂဠုန်ဦးစော၏ ခြံထဲတွင်မူ မနက်စောစောကတည်းက လူတစ်ရုံးရုံးနှင့် အလုပ်ရှုပ်နေကြသည်။
ကန်ထဲတွင်လည်း လှေတစ်စီးက တစ်ခုခုကို ရှာနေသယောင်။ အချိန် ၁ဝနာရီခန့်လောက်တွင် ဦးစောသည် စစ်ယူနီဖောင်း ဝတ်ထားသော တပည့်များကို သေချာပြုလုပ်ရန် မှာနေသည်။ ကားမောင်းမည့် သုခမှာ ကားပေါ်တက်ခါနီးတွင် ခြေချော်လဲရာ ဦးစောက လှမ်းမေး လိုက်သည်။ သုခကလည်း ဘာမှမဖြစ်ပါဘူး လို့ပြန်ဖြေလေသည်။ သို့ဖြင့် အင်လျားကန်စောင်း ခြံဝင်းထဲက ထွက်လာသော ဂျစ်ကားသည် လမ်းမပေါ်တွင် အရှိန်ပြင်းပြင်းမောင်းနှင်လာစဉ်တွင် ဝန်ကြီးရုံး၌ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဝန်ကြီးအဖွဲ့ အစည်းအဝေးကျင်းပနေသည်။ အဓိကဆွေးနွေးမည့် ပြဿနာမှာ လက်နက်ဂိုဒေါင်မှ ပျောက်ဆုံးသွားသော ဘရင်းဂန်းများနှင့် ကျည်ဆံများ ဦးစောနေအိမ်သို့ ရောက်ရှိနေသည့်ပြဿနာပင်။ ပို့ဆောင်ဆက်သွယ်ရေး စီမံကိန်းကို ဆွေးနွေးရန် ရှိသော်လည်း ဝန်ကြီး စောစံဘိုးသင်၏ အစိုးရသဘောင်္မှာ မအူပင်တွင် သောင်တင်နေ၍ အစည်းအဝေးသို့ ရောက်မလာခဲ့။ မကြာမီ ရောက်လာတော့မည့် ကံကြမ္မာဆိုးကြီးကိုမူ မည်သူမှ မမြင်နိုင်ချေ။
၁၃ဝ၉ ခု၊ ဝါခေင်လဆန်း ၂ရက်၊ စနေနေ့။
၁၉၄၇ခုနှစ်၊ ဇူလိုင်လ ၁၉ရက်၊ နံနက် ၁ဝနာရီ ၃၇မိနစ်။
ဝန်ကြီးရုံးအတွင်းသို့ ဂျစ်ကားတစ်စီး ဝင်ရောက်လာသည်။ ကားပေါ်မှ အမှတ် ၁၂တပ် ခြင်္သေ့ တံဆိပ်တပ်ဆင်ထားသော စစ်ယူနီဖောင်းဝတ် လူတစ်စု လက်နက်ကိုယ်စီဖြင့် ပြေးဆင်းလာကြသည်။ သို့သော် သူတို့သည် စစ်ဖိနပ်များ မစီးထားကြဘဲ ကင်းဘတ်ဖိနပ်အညိုများကို စီးထားသည်မှာ စစ်သားမဟုတ်ကြောင်း ပေါ်လွင်လှသည်။ သို့နှင့် မောင်စိုးနှင့်သက်နှင်းက ဦးဆောင်၍ အစည်းအဝေး ခန်းမတွင်းသို့ ဝင်မည်ပြုသော် ဗိုလ်ချုပ်၏ရုံးအကူက တားသည်။ ထိုကောင်လေးကိုတွန်းပစ်ပြီး မောင်စိုးက ဦးဆောင်ဝင်သွားသောအခါ ဗိုလ်ချုပ်အောင်ဆန်းက “ဟေ့…ဟေ့”ဟု ပြောရန်ပြုစဉ်မှာပင် မြန်မာပြည်၏ ကံကြမ္မာကြီးက ရုတ်ချည်း ပြောင်းလဲသွားတော့သည်။ မောင်စိုး၏ ဦးဆောင်ပစ်ခတ်မှု နှင့်အတူ သေနတ်သံများ ဆက်တိုက်ပေါ်ထွက်လာသည်။ ဦးစော၏တူတော်မောင်ဖြစ်သော ရန်ကြီးအောင်ကလည်း ပုန်းနေသူများကို ဒူးထောက်ပြီး ပစ်သည်။ နိုင်ငံတော်၏ အဓိကအာဇာနည် ဖြစ်သော ဗိုလ်ချုပ်ကျဆုံးသည်နှင့်အတူ ဗိုလ်ချုပ်ထိုင်နေသည့် ကုလားထိုင်နောက်မှ ကနေသော ဒေါင်းရုပ်လေးကိုလည်း ထိမှန်သွားခဲ့လေသည်။ ထိုသို့ ပစ်ခတ်သံများ ကြားသောအခါ ဦးရာဇတ်၏ သက်တော်စောင့်ဖြစ်သော ရဲဘော်ကိုထွေးလည်း ရောက်ရှိလာလေသည်။ သို့သော် ရန်ကြီးအောင် ပစ်လိုက်သော ကျည်ဆံကိုမူ ကိုထွေး မရှောင်နိုင်ခဲ့ချေ။ မမျှော်လင့်ချက်များစွာ၊ မထင်မှတ်ထားသော အချိန်ကာလလေးအတွင်းမှာဝယ် မြန်မာနိုင်ငံ၏ အခြေအနေသည် ရုတ်ချည်း ပြောင်းလဲသွား တော့သည်။
ထို ၁၉၄၇ခုနှစ်၊ ဇူလိုင်လ ၁၉ရက်နေ့တွင် ကျဆုံးသွားသော အာဇာနည်ခေါင်းဆောင်ကြီးများမှာ -
၁။ ဗိုလ်ချုပ်အောင်ဆန်း (ဝန်ကြီးချုပ်)
၂။ ဦးဘချို (ပြန်ကြားရေးဌာန ဝန်ကြီး)
၃။ မန်းဘခိုင် (အလုပ်သမားဌာန ဝန်ကြီး)
၎။ ဦးဘဝင်း (စီးပွားရေးနှင့် ထောက်ပံ့ရေးဌာန ဝန်ကြီး)
၅။ သခင်မြ (ပြည်ထဲရေးဌာန ဝန်ကြီး)
၆။ ဦးအဗ္ဗဒူရာဇတ် (ပညာရေးနှင့် အမျိုးသားစီမံကိန်းဌာန ဝန်ကြီး)
၇။ မိုင်းပွန်စော်ဘွား စဝ်စံထွန်း (နယ်ခြားဒေသများဆိုင်ရာဌာန ဝန်ကြီး)
၈။ ဦးအုန်းမောင် (သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဌာန ဒုဝန်ကြီး)
၉။ ရဲဘော်ကိုထွေး (ဦးရာဇတ်၏ သက်တော်စောင့်) တို့ဖြစ်သည်။
ထိုအာဇာနည် ၉ဦးအထဲတွင် ဦးဘချိုသည် မွန်းလွဲ ၁နာရီ ၄၅မိနစ်တွင်ကျဆုံးခဲ့သလို မိုင်းပွန် စော်ဘွားကြီး စဝ်စံထွန်းသည်လည်း ဇူလိုင်လ ၂ဝရက်နေ့ မွန်းတည့် ၁၂နာရီအချိန်တွင်မှ ကွယ်လွန်လေသည်။ ရဲဘော်ကိုထွေးသည် နောက်မှရောက်ရှိလာသောကြောင့် ၁ဝနာရီ ၄၅မိနစ်တွင် ကျဆုံးလေသည်။
ကျန်ဗိုလ်ချုပ်အပါအဝင် ကျန်အာဇာနည်များသည် ထို့နေ့၊ ထို့နေရာမှာပင် နိုင်ငံတော်အတွက် အသက်စွန့်သွားခဲ့ကြလေသည်။ ဘဏ္ဍာရေးဝန်ကြီး ဦးတင်ထွဋ်သည် ဒဏ်ရာ အပြင်အထန် ရခဲ့သော်လည်း အသက်ရှင် ကျန်ခဲ့သည်။ ဦးဘဂျမ်း၊ ပျော်ဘွယ် ဦးမြ၊ ဦးအောင်ဇံဝေနှင့် အတွင်းဝန် ဦးရွှေဘော်တို့သည်လည်း ကံကောင်းထောက်မစွာပင် လွတ်မြောက်သွားကြသည်။
ထို့နေ့ ညနေ ၃နာရီမှာပင် ဒုရဲချုပ် ဦးထွန်းလှအောင် ဦးဆောင်၍ ဦးစောအပါအဝင် နိုင်ငံတော် လုပ်ကြံမှု တရားခံများကို ဝိုင်းဝန်ဖမ်းဆီကြလေသည်။ ထို့နောက် ပြစ်မှုများကို စစ်ဆေးလေရာ ပြစ်မှုထင်ရှားကြောင်းကို တွေ့ရှိရသဖြင့် ဦးစောနှင့် အပေါင်းအပါများအား ၁၉၄၇၊ ဒီဇင်ဘာလ ၃ဝရက် နေ့တွင် သေဒဏ် ချမှတ်လိုက်သည်။ တရားခံတို့သည် နောက်ဆုံးအနေဖြင့် ၁၉၄၈ခု၊ ဧပြီလ ၂၇ရက် နေ့တွင် အယူခံဝင်ခဲ့ရာ တရားလွှတ်တော်ချုပ်မှ ပယ်ချလိုက်သည်။ ထို့နောက် သမ္မတထံ သနားခံလွှာ တင်သွင်းခဲ့ရာ သေဒဏ်ချမှတ်ခံထားရသော တရားခံများဖြစ်သည့် ခင်မောင်ရင်၊ သုခနှင့် မောင်နီ တို့ကို တစ်သက်တစ်ကျွန်းသို့ ပြောင်းလဲချမှတ်လိုက်သည်။ ကျန်တရားခံများဖြစ်သော ဂဠုန်ဦးစော၊ သက်နှင်း၊ မောင်စိုး၊ မှုန်ကြီးတို့ကို အင်းစိန်အကျဉ်းထောင်တွင် လည်းကောင်း၊ စိန်ကြီးနှင့် ရန်ကြီးအောင်တို့အား ရန်ကုန်အကျဉ်းထောင် (ယခု ရန်ကုန်အထွေထွေရောဂါကု ဆေးရုံနေရာ)တွင် လည်းကောင်း၊ ၁၉၄၈ခု မေလ (၈)တွင် တစ်ချိန်တည်း ကြိုးပေး စီရင်ခဲ့လေသည်။
၁၉၄၇ခုနှစ်၊ ဇူလိုင်လ (၂၁)ရက်နေ့တွင် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဈာပန ကျင်းပရေး ကော်မတီအဖွဲ့သည် ရုပ်ကလပ်များကို ရန်ကုန်မြို့၊ ဂျူဗလီဟောအတွင်းသို့ ယူဆောင်လာကြသည်။ စင်မြင့်၏ ရှေ့ဆုံးအလယ်တည့်တည့်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ကလပ်ကို ရွှေချထားသော မှန်အခေါင်းဖြင့် ရွှေချထားသော သလွန်ထက်ဝယ်တင်ထားပြီး ထီးဖြူနှစ်လက်မိုးထားသည်။ စင်မြင့်၏ လက်ယာဘက်တွင် အတွင်းဝန် အိုင်စီအက်စ် ဦးအုန်းမောင် နှင့် သက်တော်စောင့် ရဲဘော်ကိုထွေး တို့ကိုလည်းကောင်း၊ လက်ဝဲဘက်တွင်မူ မိုင်းပွန်စော်ဘွားကြီး၏ ရုပ်ကလပ်ကို စော်ဘွား အဆောင်အယောင်များဖြင့် သလွန်ထက်တင်ထားကာ ထီးဖြူ တစ်လက်စီ မိုးပေးထားသည်။ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ရုပ်ကလပ်များကို ၆လတိုင် ပြည်သူများ၏ ဂါရဝပြုမှုကို ခံယူရန် ဂျူဗလီဟောတွင်ခန်းမကြီးတွင် ထားရှိပြီး ၁၉၄၈ခုနှစ် ဧပြီလ (၁၁)ရက်နေ့မှသာ အာဇာနည်ကုန်းသို့ ပို့ဆောင် ဂူသွင်းခဲ့သည်။
ဤသို့ဖြင့် မြန်မာနိုင်ငံအတွက် အသက်ပေးလှူခဲ့ကြသော အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂုဏ်ကျေးဇူးကို အောက်မေ့လျက် ဇူလိုင်လ (၁၉)ရက်နေ့ကို ပြန်တမ်းဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ကာ ထိုနေ့တွင် အလံတစ်ဝက်စီ လွှင့်ထူလျက် အာဇာနည်နေ့ကို ဂုဏ်ပြုလျက် ရှိပေသည်။
လင်းယံခ (မြန်မာစာ)
0 comments: