ကမ္ဘာပြိုသီချင်း

လွမ်းသလား မေးရင်
ငါ လွမ်းပါတယ်...
ချစ်သလား မေးရင်တော့
ငါ ဖြေဖို့ ခက်တယ်!

မိုးသည်းညတွေတိုင်း
မိုးစက်အောက်တွေရပ်ပြီး
ကောင်းကင်ကို မော့ကြည့်ခဲ့တယ်...
မတော်တဆ
မင်းကိုလွမ်းနေတာများ
မိုးရေထဲ ပါသွားမလားပေါ့....

တစ်ခါတလေမှာ
မိုက်ရူးရဲဆန်ခြင်းဟာ
သိပ်ကို အရသာရှိတဲ့ ဟင်းတစ်ခွက်
ဖြစ်ကောင်းဖြစ်နိုင်ပါရဲ့...

အချစ်ဆိုတာ သိရဖို့အတွက်
မီးပုံထဲ လက်မနှိုက်ဖူးတဲ့
ကလေးတစ်ယောက်လို
ငါစွန့်စားကြည့်ချင်ရဲ့....

ကမ္ဘာပြားသလား မသိချင်တော့
နေအရှေ့ကထွက်သလား မသိချင်တော့
နိုင်ငံတော်သမ္မတကဘယ်သူ ငါမသိချင်တော့
ငါသိနေခဲ့တာက မင်းရယ်သံလေး...

အချစ်အတွက်နဲ့ စစ်ထိုးရကြေးဆို
ထိုတိုက်ပွဲကို ငါအရှုံးပေးတယ်...
မင်းနှလုံးသားကို တိုက်ပွဲတစ်ခုနဲ့
ငါတန်ကြေးမဖြတ်နိုင်ခဲ့...
ဘဝတိုက်ပွဲမှာ မင်းသာပါရင်တော့
ငါရှေ့ဆုံးကနေ ဖြတ်ကျော်မယ်....

လွမ်းသလားမေးရင်
ငါ လွမ်းပါတယ်...
ချစ်သလားမေးရင်တော့
......................


လင်းယံခ

0 comments: