မန္တလေး ခံစားချက် (Mandalay Feeling)

 

ကျလိ...ကျလိ…ကျလိ
ချွင်…ချလင်…ချွင်
လေပြေတို့ တိုးဝှေ့လိုက်တိုင်း မန္တလေးတောင်ထက် စေတီမှ ပျံ့လွင့်လာသော သံစဉ်လေးများသည် စီးချက်ညီညီ ကျွန်တော့်နားထဲသို့ တိုးဝင်လာသည်။ ထိုနေ့က ကျွန်တော့်သူငယ်ချင်းမွေးနေ့။ မန်းလေးတောင်တက်ချင်သည်ဆိုလို့ မနက်စောစော နှစ်ယောက်သား ဆိုင်ကယ်နှင့် တက်လာကြသည်။ တပေါင်းနွေမနက်ရောက်သော်ငြားလည်း လေပြေညင်းတို့အထဲဝယ် အအေးဓါတ်က မကုန်သေးကုန်။

ဟော… အရှေ့ ရှမ်းတောင်တန်းဆီမှ ရောင်နီတို့ သန်းချေပြီ။ မင်းတုန်းမင်းကြီးသည် ရည်ရွယ်ချက်ကြီးစွာဖြင့် မန္တလေးတောင်၏ အနောက်တောင်ထောင့်လောက်မှစ၍ မန္တလေးမြို့ကို စတည်ခဲ့သည်။ မျှော်စင်သဖွယ် အသုံးပြုထားသော မန္တလေးတောင်ကို “ဘီလူးမတောင်” ဟူ၍ တစ်မျိုး “မင်းရှင်စောတောင်” ဟူ၍ တစ်ဖုံ “မင်းကလေးတောင်” ဟူ၍ အမည်နာမ အမျိုးမျိုး ပြောင်းလဲခေါ်ဝေါ် ကြစေကာမူ သဘာဝကပေးသောမျှော်စင်ကြီးလို့သာ ကျွန်တော်မြင်မိသည်။ ထိုမျှော်စင်ကြီးပေါ်သို့ ကျွန်တော်ခဏခဏ ရောက်မိသည်။ ခဏခဏလည်း မန္တလေးမြို့ အနှံ့ ခံစားဖူးသည်။ တစ်ခေါက်နှင့်တစ်ခေါက် ပြောင်းလဲလာသည်ကို သတိပြုမိသည်။ ယခုတစ်ခေါက်တွင်လည်း မန္တလေးအလှကို ကျွန်တော် ခံစားကြည့်သည်။

မန်းတောင်ထက်စီက အရှေ့စူးစူးဆီသို့ လှမ်းမျှော်ကြည့်လိုက်စဉ် စပါးခင်းများက နေရောင်၏ ရောင်ပြန်ဟပ်မှုကြောင့် ဟိုတစ်ကွက် ဒီတစ်ကွက် မြင်နေရသည်။ ထိုမှတစ်ဖန် တောင်ဘက်သို့ ၃ဝ ဒီဂရီ စောင်းကြည့်လိုက်သော် အောင်ပင်လယ်။စိမ်းလျှံအောင်ခြယ်တဲ့ အောင်ပင်လယ်က ငြိမ်သက်လျက် ရှိနေသယောင်။ သို့သော် နံနက်တိုင်း စက်ဘီးကိုယ်စီ ဆိုင်ကယ်ကိုယ်စီဖြင့် မန္တလေးဆီသို့ ချီတက်နေကြသည်မှာ အစဉ်အလာ။ တောင်ဘက် တည့်တည့်ဆီကတော့ ဘယ်တော့မှ မပြောင်းလဲသေးတဲ့ ကျုံးအရှေ့ခြမ်း။ ကျုံးအရှေ့ဘက် အနားသတ်မှာတော့ ဆီဒိုးနားဟိုတယ်ကြီးက မန်းလေးတောင်နှင့် ထိပ်တိုက် တည်နေသယောင်။

ဤနေရာတွင် မန္တလေးရဲ့ ခေတ်အငွေ့အသက်က စလေတော့သည်။ မန္တလေးတောင်ထက်မှ ကြည့်မည်ဆိုလျှင် တောင်ဘက်တည့်တည့်မှ အနောက်ဘက်သို့တိုင်အောင် တိုက်တာများက နေရာယူထားသည်။ ယခင်က မန်းလေးတောင်ထက်မှကြည့်လျှင် ဘူတာကြီးကို မြင်ရသည်။ ယခုတော့ ဘေးဘီဝဲယာမှ တိုက်တာတို့သည် မြေမှထိုးထွက်လာသည့်အလား တန်းတူ ရှိချေလေပြီ။ ဒါပေမယ့် လက်ရှိ မားမားကြီး ထိုးထွက်လျက် ရှိနေသည်မှာ ဈေးချိုအသစ်ကြီးပင်။ ဘယ်အချိန်သူ့ကို ဘေးက အဆောက်အအုံတို့က ကျော်တက်မည်မသိ။ လက်ရှိအချိန်ထိတော့ မားမားကြီးပင်။

အနောက်မြောက်ဘက်အခြမ်းသို့ လှမ်းမျှော်ကြည့်မည်ဆိုလျှင် ဟိုးအဝေး အနောက်ဘက်တောင်တန်းသွယ်က စစ်ကိုင်းတောင်တန်း၊ မင်းကွန်းမြေ။ နည်းနည်းလေး ရှေ့တိုးကြည့်လိုက်သော် တိုက်တာများနဲ့ စေတီတစ်ချို့ကို ကွက်ကနဲ မြင်ရသည်။ မန်းလေးတောင်၏ အနောက်မြောက်ယွန်းယွန်းတွင် မြင်ရသည်မှာ  အဆောက်အအုံများကို စက်ဝိုင်းသဏ္ဍာန် ဆောက်ထားကာ အလယ်တွင် စေတီလေးတစ်ဆူ။ ထိုနေရာကား နာမည်ကြီး အိုးဘိုထောင်ကြီးပင်။ တိုင်းရင်းဆေးတက္ကသိုလ်ကြီးကိုလည်း ထီးထီကြီး မြင်နေရသည်။ တောင်ခြေကတော့ ဂေါက်ကွင်းကြီးပေါ့။

မြောက်ဘက် တည့်တည့်ကြည့်လိုက်လျှင်တော့ တစ်မျှော်တစ်ခေါ် သစ်ပင်တန်း စောင်းစောင်းကြီး အဲဒါ မတ္တရာသွားသည့်လမ်းပေတည်း။ မန္တလေးတောင် မြောက်ဘက် အနည်းငယ်ဝေးသော နေရာတွင် တောင်အချို့ကို မြင်ရသည်။ သခင်မတောင်၊ ကြာနီကန်တောင်တို့ ဖြစ်ပေသည်။ ဒီလိုနဲ့ တောင်ပေါ်မှ တစ်ပတ်အပြည့် ရှုမျှော်ပြီးသည့်အခါဝယ် “မန္တလေး”ဟူသော အမည်နာမကို ဆက်ပြီး ကျွန်တော်တွေးမိသည်။

ရန်ကုန်မြို့တော်ကြီးကို ပါဠိလို “ဝေရိက္ခယ” ဟုခေါ်ဆိုသကဲ့သို ကျွန်တော်တို့ မန္တလေးမြို့ကြီးကိုလည်း ပါဠိလို “မဏ္ဍလ”ဟု ခေါ်ဆိုကြလေသည်။ သက္ကရာဇ် ၁၂၂၁ခု ကဆုန် လပြည့်ကျော် ၆ရက်နေ့ ညည့် ၃ချက်တီးကျော် ၇ရက် တနင်းလာနေ့ ၄နာရီ ၂ပါဒ်အချိန်တည်ခဲ့သော ရတနာပုံမ်ရွှေမြို့တော်ကြီးသည် ယခုဆိုလျှင် နှစ် ၁၅၀ ကျော်ခဲ့လေပြီ။ နှစ် ၁၅၀ ကျော်ခဲ့ပေမယ့် မန္တလေးသည် နုပျိုနေဆဲ။ လန်းဆန်းနေဆဲ။ သွက်လက်နေဆဲ။ ဘာကြောင့် မန်းလေးမြို့ကြီးယခုချိန်ထိ သာယာနေသလဲ? ကျွန်တော် စဉ်းစားကြည့်သည်။ မန်းလေးမြို့တွင် နေထိုင်ခဲ့သောသူများကြောင့်ဖြစ်သည်။

လူတိုင်းလူတိုင်း မြို့ရွာကျေးလက် ဇနပုဒ် နေရာတိုင်းမဆို နေထိုင်ကြသည်။ မန်းလေးမြို့တွင်လည်း လူတွေ နေထိုင်ကြသည်။ ဒါပေမယ့် မန်းလေးမြို့ကြီး သာယာနေတာ လူတွေနဲ့ဆိုင်သလားဟု ကျွန်တော့်ကို မေးကောင်းမေးပေလိမ့်မည်။ ဆိုင်ပါသည်။ လက်ရှိအနီးဆုံးကို ဆွဲပြရလျှင် သင်္ကြန်နီးနေပြီ။ ယခုအချိန်ထိ နားဝင်ချိုနေဆဲဖြစ်သော မန်းတောင်ရိပ်ခိုသီချင်းသည် ဆရာမြို့မငြိမ်း၏ လက်ရာဖြစ်သည်။

မန်းတောင်ရိပ်ခိုသီချင်းအပါအဝင် ဂန္တဝင်မြောက် သီချင်းများစွာဖြင့် ထင်ပေါ်ကျော်ကြားသော ဆရာမြို့မငြိမ်းသည် မန်းလေးသားစစ်စစ်ဖြစ်သည်။ မြန်မာသက္ကရာဇ် ၁၂၇၀ပြည့်နှစ်၊ တပေါင်းလဆန်း ၅ ရက် တနင်္လာနေ့တွင် ပန်းယွန်းကုန်သည် ဦးညီ၊ဒေါ်ချစ်ဦး တို့မှ ဖွားမြင်ခဲ့သည်။ နာမည်အရင်းမှာ ဦးကျော်ငြိမ်း ဖြစ်သည်။ ၁၉၅၅ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက် မနက်ဝေလီဝေလင်းအချိန်တွင် မော်တော်ကားတိုက်၍ သေခဲ့ရသော်လည်း ယခုချိန်အထိ ဂုဏ်သတင်း ကျော်စောနေဆဲဖြစ်သည်။ မြို့မငြိမ်းရဲ့ အောင်မြင်မှုဟာ သူ့ရဲ့ပတ်ဝန်းကျင်ကို ဂုဏ်တက်စေတယ်။ နောက်သူနေထိုင်ရာ မြို့၊နိုင်ငံကို ဂုဏ်တက်စေတယ်။
ဒါကြောင့်လည်း ကျွန်တော်တို့ နေထိုင်တဲ့ မန္တလေးမြို့ကြီးဟာလည်း ဒီလိုလူတော်တွေရှိနေတာမို့ သာယာနုပျိုနေတာပေါ့ဗျာ…
ရောင်နီလည်း တက်ခဲ့ပြီ။ မန္တလေးရဲ့ မနက်ခင်းဟာလည်း ပိုပြီး အသက်ဝင်လာလေပြီ။ ကျွန်တော်လည်း အတွေးကို ခေတ္တရပ်ကာ တောင်ပေါ်မှ ဆင်းလာခဲ့သည်။ တောင်ခြေရောက်တော့ မန္တလေးဆီ ဦးတည်နေတဲ့ စက်ဘီးတန်းကြီးကို မြင်နေရသည်။

ဆိုင်ကယ်တွေ ပေါလာပေမယ့် “စက်ဘီးမြို့တော်” ဆိုတဲ့ ဂုဏ်ကို ထိန်းသိမ်းနေဆဲပါလား!
ကျွန်တော် ထို စက်ဘီးတန်းကြီးကို လှမ်းမေးလိုက်သည်။ စက်ဘီးတန်းကြီးက တစ်ညီတည်း  ပြန်ဖြေလိုက်သည်မှာ-
“မန္တလေးကို သွားမလို့”

လင်းယံခ (မြန်မာစာ)

0 comments: