မန္တလေး ခံစားချက် ၂ (Mandalay Feeling - 2)


ရွက်ဟောင်းတွေ ကြွေလို့ ရွက်သစ်ဝေလည်း ကျွန်တော် သတိမထားမိခဲ့။ ပြက္ခဒိန်ပေါ်က ရော်ရွက်ဝါတို့ နွေလေရူးနဲ့ တိုက်ကာလွင့်ခဲ့ပေမယ့် ကျွန်တော် သတိမထားမိခဲ့။ အိမ်ရှေ့က ပိတောက်ပင်ထက်ဝယ် ရွှေရည် ဝါလူး ပိတောက်ဖူးမှ တန်ခူးနီးမှန်း သိခဲ့ရသည်။ သြော်...ဘာလိုလိုနဲ့ သင်္ကြန်နီးလာပြီဘဲ ဆိုသော အတွေးနဲ့ ကျွန်တော် ကျုံးဘေးသို့ ဆိုင်ကယ်နဲ့ထွက်လာခဲ့သည်။

မန်းရွှေမြို့ ပတ်လည်တွင် မဏ္ဍပ်များ အစီအရီဆောက်နေကြသည်။ နာမည်တွေပေးထားသည်မှာလည်း အစုံအလင်။ သတိထားမိသည်မှာ မြန်မာဆန်သော နာမည်မတွေ့မိ။ ဘယ်လိုဘဲဆိုဆို သင်္ကြန်ဆိုသည်မှာ မြန်မာလူမျိုးတို့ရဲ့ ရိုးရာပွဲတော်ထဲတွင် အထင်ရှားဆုံးပွဲတော်တစ်ခုပင်။

သင်္ကြန်နှင့်ပတ်သက်၍ ထင်ရှားသော ဒဏ္ဍာရီပုံပြင်တစ်ပုဒ်ရှိခဲ့ဖူးသည်။ ပုဂံခေတ် နရသီဟပတေ့မင်းနှင့် မိဖုရားစောလုံတို့၏ ကြေကွဲဖွယ်ဇာတ်လမ်းလေးသည် ယခုတိုင်ထင်ရှားနေဆဲပင်။ သင်္ကြန်ဟူသော ဝေါဟာရသည် “သင်္ကန္တ”ဟူသော ပါဠိပုဒ်မှလာ၍ “ကူးပြောင်းခြင်း”ဟူ၍ အဓိပ္ပယ်ရသည်။ မြန်မာလများတွင် တပေါင်းလသည် နောက်ဆုံးလဖြစ်၍ တန်ခူးလသည် ပထမဆုံးလဖြစ်သည်။ မြန်မာနှစ်သစ်ကို ကူးပြောင်းသော ရာသီအချိန်ဖြစ်လည်း ဖြစ်သည်။

သင်္ကြန်နှင့်ပတ်သက်၍လည်း အခြားထင်ရှားသော အကြောင်းအရာလည်း ရှိခဲ့သေးသည်။ ထိုအကြောင်းအရာမှာ သိကြားမင်းနှင့် ဗြဟ္မာမင်းကြီးတို့ အငြင်းပွားပြဿနာတက်ကြရာ သိကြားမင်းက အနိုင်ရခဲ့သဖြင့် ဗြဟ္မာကြီး၏ ဦးခေါင်းကိုရခဲ့လေသည်။ ဗြဟ္မာမင်းသည်တန်ခိုးကြီးသူ ဖြစ်သောကြောင့် သူ၏ဦးခေါင်းကို ပင်လယ်ထဲ ပစ်ချလျှင် ရေခန်းကုန်မည်ဖြစ်ပြီး မြေကြီးပေါ်မှာထားလျှင် မီးလောင်မည် ဖြစ်သည်။ ထို့ကြောင့် သိကြားမင်းကြီးသည် မည်သည့်နေရာတွင်မှ မထားရဲဘဲ လက်ထဲတွင် ကိုင်ထားရ လေသည်။ ဤသို့ဖြင့် သိကြားမင်းတို့သည် တစ်နှစ်လျှင်တစ်ကြိမ် အလှည့်ကျ ဦးခေါင်းကို ထိန်းသိမ်းရန် မိန့်ဆိုကြလေသည်။ ထိုအလှည့်ကျ လက်လွှဲသည့်အချိန်ကို သင်္ကန္တအခါဟုဆိုကြသည်။

မည်သို့ပင်ဆိုစေကာမူ သင်္ကြန်ပွဲတော် ရောက်လျှင် လူတိုင်း ပျော်ရွှင်စွာ ရေကစားပက်ကြသည်။ နှစ်ဟောင်းက အညစ်အကြေးများကို အတာရေဖြင့် ဆေးကြောပေးကြသည်။ မြန်မာရာသီအရ ပူပြင်းသော နွေရာသီ ဖြစ်သော်ငြားလည်း အတာရေသည် ဘေးဥပါဒ်မဖြစ်ကုန်။ တစ်နှစ်ထက်တစ်နှစ် တိုးတက်လာသည်နှင့်အညီ မြန်မာတို့၏ ရိုးရာသင်္ကြန်သည်လည်း ပြောင်းလာခဲ့လေပြီ။
ဟိုးလွန်ခဲ့တဲ့ နှစ် ၂ဝလောက်က သင်္ကြန်ကို ပြန်လှမ်းကြည့်လိုက်မည်ဆိုလျှင် ထင်ရှားသည်မှာ သံချပ်များပင် ဖြစ်သည်။ သံချပ်ကားများပေါ်မှနေ၍ တစ်ဖွဲ့နှင့်တစ်ဖွဲ့ သံချပ်ထိုးကြသည်။ ယခုအချိန်တွင် ပျော်ကွယ်လုနီးပါး ရှိနေချေပြီ။ သံချပ်နှင့်ပတ်သက်၍ ယခုခေတ်လူငယ်များ အသိနည်းချေလေပြီ။ သို့သော် လူရွှင်တော်များ အငြိမ့်ပွဲများတွင် သုံးနှုန်းနေခြင်းကြောင့်သာ ကျန်ရစ်နေသည်ဟု ဆိုနိုင်သည်။ သံချပ်ဆိုသည်မှာ တိုင်ကာ ဖောက်ကာ သီဆိုရသော သီချင်းသံတို ဖြစ်သည်။

ဥပမာပြရမည်ဆိုလျှင်

ဘုန်းတော်ကြီးလို့ သက်တော်ရှည်
တို့တတွေ ရေချမ်းအိုးကြီး။

သံချပ်တွင် အတိုင်၊အဖောက် တစ်စုံစီရှိသည်။ အထက်ပါ စာကြောင်းနှစ်ကြောင်းတွင် ပထမစာကြောင်းသည် အတိုင်ဖြစ်၍ ဒုတိယစာကြောင်းသည် အဖောက်ဖြစ်သည်။ အတိုင်ပိုဒ်တွင် ခုနှစ်လုံးခံ၍ အဖောက်ပိုဒ်တွင် ခုနှစ်လုံး ဒါမှမဟုတ် ရှစ်လုံးဖြင့် အဆုံးသတ်ရသည်။ ကာရန်ယူပုံမှာ ၇-၃ သို့မဟုတ် ၇-၄ ယူရသည်။ ကာရန်ယူထားသော စာလုံးကို စာလုံးအမည်းဖြင့် ပြထားပါသည်။

ဘုန်းတော်ထွန်းလို့ လေးကျွန်းသာ
ရွှေမြို့အောင်ချာ နတ်ပြည်အလား။
ဖန်ပြာခွက်နဲ့ ကျောက်စက်ရေ
အမောပြေအောင် တိုက်ပါ့မမ။

တစ်ချိန်တစ်ခါက ကျွန်တော်တို့ မန်းရွှေမြို့ကြီးတွင် ထင်ရှားခဲ့သော သံချပ်အဖွဲ့များကို ဖော်ပြရမည်ဆိုလျှင် ညောင်ပင်သာရွာမှ “ဘိုသခင်ဆရာ” အဖွဲ့သည် “ထမင်းပေးပါ၊ဟင်းပေးပါ” သံချပ်သီချင်းဖြင့်လည်းကောင်း၊ ပတ်ကုန်းဝန်းကျင် ရွှေလှံရပ်မှ ထွက်သော “လျှာကဋေ” အဖွဲ့သည်လည်း “မပြုပြင်လျှင် ဘုထင်သွားမယ်” သံချပ်ဖြင့်လည်းကောင်း၊ ဆေးရုံလိုင်းတောင်ဘက်မှ “ယောမင်းကြီး” အဖွဲ့သည်လည်း “ ခါးတောင်းကျိုက် တစ်ခြား ဖင်တစ်ခြား” စသော သံချပ်များဖြင့် ထင်ရှားကျော်စောခဲ့ကြလေသည်။

အခြား မန်းလေးမြို့ပေါ် ရပ်ကွက်များဖြစ်သော ဟော်ကုန်းရပ်ကွက်မှ “ဂဃနဏ”၊ “ဂျာရစ်တို့ရဲ့ လက်ပန်နီ”၊ ပြည်ကြီးမျက်ရှင် မှလည်း “ပျိုးခင်း”၊ ကံကောက်ရပ်ကွက်မှလည်း “ရွှေစွန်ညို” ၊ဦးဖိုသားဝင်းရပ်ကွက်မှ “သူငယ်တော်” စသော သံချပ်အဖွဲ့များဖြင့် ရှေးယခင် မန်းလေးသင်္ကြန်သည် သံချပ်အဖွဲ့များဖြင့် စည်ကားခဲ့သလို လိစ်ဂစ်တာနှင့် သင်္ကြန်ဒိုးပေါင်းစပ်ကာ ဖျော်ဖြေမှုကိုလည်း “လျှာကဋေ”သံချပ်အဖွဲ့မှ ဦးဆုံး စတင်ဖျော်ဖြေခဲ့လေသည်။

သို့ပေမယ့် ယခုချိန်တွင် သံချပ်များ ပြန်လည်ပေါ်ထွန်းလာပေတော့မည်။ မနှစ်သင်္ကြန်တွင် လူရွှင်တော် ပါပါလေးတို့ရဲ့ ခွပ်လိုက်ကြစို့ သူငယ်ချင်း ပြောင်ပြောင်ဒဲ့ပြော အဖွဲ့မှစ၍ သံချပ်များ စတင်ဆန်းသစ်လာခဲ့ လေပြီ။ ဒီနှစ်တော့ သံချပ်တွေ မန်းလေးမြို့တွင် သံချပ်သံ ညံပေးလိမ့်မည်။ သံချပ်ဆိုသည်မှာ တိုင်းပြည်၌ ပြုပြင်သင့်သည်များကို ဟာသဥာဏ်ကွန့်ကာ အကျိုးပြုအသိပေး စပ်ဆိုကြခြင်းဖြစ်သည်။

မန်းလေးသင်္ကြန်ဟုဆိုလိုက်လျှင် ချန်ထား၍မရသောအရာ ရှိသေးသည်။ ထိုအရာကား မန်းလေးဂုဏ်ဆောင် မြို့မတူရိယာအသင်းကြီးဖြစ်ပေသည်။ သင်္ကြန်တေးသံ သယ်ဆောင်လာတတ်သော ငွေငန်းဖြူကြီးကတော့ နှစ်စဉ်နှစ်တိုင်း မန်းလေးသင်္ကြန်တွင် မပါမဖြစ်ပင်။ ၁၉၂၈ခုနှစ်က ဦးတော်လုံအမှူးပြုပြီး ဆရာမြို့မငြိမ်းတို့ တည်ထောင်ခဲ့ကြသော မြို့မ အပျော်တမ်း တူရိယာအသင်းကြီးသည် ယခုဆိုလျှင် နှစ်ပေါင်း ၈၅နှစ် ရှိခဲ့ပေမယ့် ရိုးရာ တူရိယာအမွေကို မြို့မအဖွဲ့သားတို့ လက်ဆင့်ကမ်းထိန်းသိမ်းလာခဲ့သည်မှာ ယခုတိုင်ပင်။

မန်းလေးသင်္ကြန်ကျင်းပပုံကို ပါဝင်ကြဖူးသူတိုင်းသိကြပေလိမ့်မည်။ သို့သော် မကြုံဖူးသေးသောသူတို့ကို ခံစားစေရမည်ဆိုလျှင် အကြိုနေ့ညနေခင်းအချိန်တွင် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ရုံးရှေ့ရှိ ဗဟိုမဏ္ဍပ် ခေါ် မြို့တော်ဝန်မဏ္ဍပ်တွင် ဖွင့်ပွဲကို စည်ကားကျင်းပသည်။ ကျောင်းအသီးသီးမှ သမီးပျိုလေးများ၏ သင်္ကြန်အကများနှင့်အတူ မြို့မ ငွေငန်းအလှပြယာဉ်ကြီးဆီကလည်း သင်္ကြန်တေးသံသာများကို တီးမှုတ်ကာ ပျော်ရွှင်စွာ မန်းလေးသင်္ကြန်ကို ဖွင့်လှစ်သည်။ပြီးလျှင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်အသီးသီးမှ အလှယာဉ်များသည် ဗဟိုမဏ္ဍပ်ရှေ့မှ ဖြတ်ကာ မန်းလေးကျုံးကို ပတ်၍ အလှပြကြသည်။ ထို့နောက် မန္တလေးမြို့ထဲသို့ လှည့်လည်ကာ အလှပြထွက်ကြသည်။ နောက်ဆုံးရက်တွင်မူ ထိုအလှပြယာဉ်များထဲမှ အလှဆုံး အလှပြယာဉ်ကို ဆုချီးမြှင့်လေ့ရှိသည်။

ကျွန်တော်တို့ မန္တလေးမြို့တော်သည် ယဉ်ကျေးမှုမြို့တော်ဖြစ်သည်။ ယဉ်ကျေးစွာဖြင့် သင်္ကြန်ပွဲတော်ကို နှစ်တိုင်း ဆင်နွှဲကြသည်။ ယခင်က မန်းလေးသင်္ကြန်သည် ယဉ်ကျေးသိမ်မွေ့သလောက် ယခုခေတ်တွင် ယဉ်ကျေးမှုအငွေ့အသက်သည် တဖြည်းဖြည်းလျော့နည်းလာသည်။ မန်းလေးသူ၊မန်းလေးသားတိုင်းသည် မိမိမြို့၏ ပျော်စရာကောင်းသော ဂုဏ်ယူစရာကောင်းသော ရိုးရာသင်္ကြန်အစဉ်အလာကို ထိန်းသိမ်းသင့်ပေသည်။ ယခုဆိုလျှင် ရှေးယခင်ခေတ်တုန်းကလို သံချပ်အဖွဲ့များ ပေါ်လာတော့ပေမည်။ လမ်းတိုင်းတွင်လည်း မဏ္ဍပ်များ ထိုးခွင့်ရလေပြီ။ ယခင်နှစ်များထက်တော့ ဒီနှစ်ပို၍ စည်ကားပေးတော့မည်။

ကျွန်တော့်အတွေးကို ခေတ္တရပ်ရပေမည်။ အဘယ်ကြောင့်ဆိုသော် လမ်းဘေးထီလှည်းမှ ဖွင့်ထားသော သင်္ကြန်သီချင်းလေးသည် ကျွန်တော့်နားမှတဆင့် နှလုံးသားထဲသို့ တိုးဝင်လာသောကြောင့်ဖြစ်သည်။

“ မြနန္ဒာ ရေညိုညိုရစ်ကာသန်းတော့ ရွှေမန်းတောင်ရိပ်တူတူခိုမယ် ပျိုဖြူတွေရယ်
ပျော်ခင်းလေးသာပါဘိတယ် နိမိတ်ကောင်းယူမယ် နှစ်ဦးသင်္ကြန်တော်ဝယ်....”

လင်းယံခ (မြန်မာစာ)

0 comments: