Cambridge ရဲ့ဝိညာဉ် (၂)

Photo: Cambridge ရဲ့ဝိညာဉ် (၂)
________________

ညစာစားပွဲတစ်ပွဲ

ည ၇နာရီခွဲမှာ Jesus collegeမှာကျင်းပတဲ့ ကျောင်းသား ဆရာမိတ်ဆုံစားပွဲကို ကျွန်မတို့တက်ရောက်ခဲ့ပါတယ်။ ဒါဟာ တကယ့်ခမ်းနားကြီးကျယ်တဲ့ အခါသမယပါ။ လူတိုင်း ဝတ်ရုံရှည်ဝတ်ရပါတယ်။

ညစာစားပွဲမှာ ကြက်သား၊ ရေလုံပြုတ်မုန်လာဥနီနဲ့ အရွက်စိမ်းတချို့ပါပါတယ်။ ခင်းကျင်းတဲ့နေရာက သိပ်မကျယ်ပါဘူး။ ဒါပေမယ့် ဒီညစာစားပွဲကိုကြည့်ပြီး ကျွန်မလိုပဲ "ဟယ်ရီပေါ်တာ"ထဲက Magic Schoolကို သင်သတိရမိပါလိမ့်မယ်။ ဒါဟာ နှစ်ပေါင်း ၈ဝဝကျော်သမိုင်းရှိခဲ့တဲ့  Cambridgeတက္ကသိုလ်ရဲ့ အစဉ်အလာဖြစ်ပါတယ်။ အချိန်အတိအကျ တက်ရောက်ရပါတယ်။

ဒီခမ်းနားကြီးကျယ်တဲ့ ညစာစားပွဲမှာ ပါမောက္ခနဲ့ပညာရှင်တွေက ခန်းမရဲ့အမြင့်ဆုံးနေရာမှာ နေရာယူကြပြီး ကျောင်းသားတွေက အောက်က စားပွဲခုံရှည်မှာ နေရာယူရပါတယ်။ ပါမောက္ခတွေ ခန်းမထဲဝင်လာချိန် အားလုံး ထရပ်ပြီး အရိုအသေပြုရပါတယ်။ တဆက်တည်း လက်တင်ဘာသာလို ဆုတောင်းစာ ရွတ်ဖတ်ပြီးမှ ညစာကို သုံးဆောင်ရပါတယ်။ ည၉နာရီထိုးလို့ ပါမောက္ခနဲ့ပညာရှင်တွေ ထွက်ခွာသွားမှ ကျွန်မတို့ဓာတ်ပုံရိုက်ကြရတယ်။ ပါမောက္ခတွေထွက်ခွာသွားမှ ကျောင်းသူကျောင်းသားတွေဟာ လက်ခုတ်သြဘာပေးပြီး ထရပ်အော်ဟစ်ကြတယ်။ သူတို့လွတ်လွတ်လပ်လပ်ဖြစ်သွားတဲ့ အထိမ်းအမှတ်ပါ။ ပါမောက္ခတွေ ထွက်ခွာဖို့ ကျောင်းသားတွေထရပ်ချိန်မှာ ထိုင်ခုံဆွဲသံတောင် မကြားရလောက်အောင် တိတ်ဆိတ်လှပါတယ်။ ဒါကိုကြည့်ပြီး Cambridgeက ပါမောက္ခတစ်ဦးပြောခဲ့တဲ့ "တစ်ခါတလေမှာ Cambridgeရဲ့တင်းမာတည်ကြည်မှုက လူငယ်အများစုရဲ့ ဆန့်ကျင်ပုန်ကန်လိုစိတ်ကို စက္ကန့်ပိုင်းအတွင်းမှာ သတ်ပစ်နိုင်တယ်"ဆိုတဲ့စကားကို ကျွန်မသွားသတိရမိပါတယ်။

လူမှတ်မှားမိတဲ့အကြိမ်

Camမြစ်ပေါ်မှာလှေစီးနေချိန် တံတားပေါ်မှာတွေ့ရတဲ့ ဘီးတပ်ကုလားထိုင်တစ်ခုပေါ် ထိုင်နေတဲ့ပုံရိပ်က ကျွန်မတို့ကို စိတ်လှုပ်ရှားစေခဲ့ပါတယ်။ လှေဦးကိုလှည့်ပြီး အနီးကပ် အပြေးအလွှားလိုက်ကြည့်မှ ကုလားထိုင်ပေါ်ထိုင်နေသူဟာ ကျွန်မတို့စိတ်ကူးထဲက လူမဟုတ်မှန်း သိတော့တယ်။ မြစ်ပေါ်က ကမ္ဘာ့လှည့်ခရီးသည်တချို့လည်း ကျွန်မတို့လိုပဲ အဲဒီကုလားထိုင်ပေါ်က လူကို Stephen Hawkingလို့ အမှတ်မှားကြပါလိမ့်မယ်။ လူတိုင်းက "အိုင်းစတိုင်း"ပြီးရင် ဒီထူးချွန်ထက်မြက်တဲ့ ဘီးတပ်ကုလားထိုင်ပေါ်က အယူအဆပိုင်းဆိုင်ရာ ရူပဗေဒပညာရှင်ဖြစ်တဲ့ Hawkingကို တွေ့လိုစိတ်ပြင်းပြကြပါတယ်။ Cambridgeကို မလာခင် ဒီပညာရှင်နဲ့တွေ့ဆုံနိုင်ဖို့ ကျွန်မတို့ အကြိမ်ကြိမ် ကြိုးစားဆက်သွယ်ခဲ့ပါသေးတယ်။ ဒါပေမယ့် သူဟာ ကျန်းမာရေးသိပ်မကောင်းတာကြောင့် အိမ်မှာပဲအနားယူနေပြီး ဧည့်သည်တွေကို သိပ်မထွက်တွေ့ဘူးလို့ဆိုပါတယ်။ ပါမောက္ခHawkingရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးက ကျွန်မတို့ပါမောက္ခနဲ့တွေ့ချင်တဲ့အကြောင်းကို သိတော့ သူက သူဒီမှာအလုပ်လုပ်တာ ၅နှစ်ရှိပြီ။ ပါမောက္ခHawkingကို နှစ်ကြိမ်ပဲတွေ့ခဲ့ဖူးတယ်လို့ ပြောပြပါတယ်။

Cambridgeတက္ကသိုလ်မှာ "အချိန်စားတဲ့ ပိုးကောင်"လို့ (Corpus Clock) တင်စားခေါ်ဝေါ်တဲ့ နာရီတစ်လုံးရှိပါတယ်။ အဲဒီလိုတင်စားရတဲ့အကြောင်းရင်းက နာရီရဲ့ထိပ်မှာ ရက်စက်ကြမ်းကြုတ်တဲ့ နှံကောင်တစ်ကောင်ရှိပြီး စက္ကန့်တိုင်း ပါးစပ်ကြီးဟလိုက် ပိတ်လိုက်နဲ့ အချိန်ကိုစားနေလို့ဖြစ်တယ်။ ဒီနာရီရဲ့ နာရီချိန်သီးက အနောက်တိုင်းက အခေါင်းပုံစံပါ။ တစ်နာရီထိုးတိုင်း အသံပြင်းပြင်းနဲ့ လူတွေကို သေမင်းနဲ့တစ်လှမ်းနီးလာပြီဆိုတဲ့အကြောင်း သတိပေးတတ်ပါတယ်။ ဒီရက်စက်တဲ့ အမှန်တရားနာရီသံကြားမှာ Cambridgeရဲ့ဆောင်ပုဒ်တစ်ခု ပါဝင်ပါတယ်။ အဲဒီဆောင်ပုဒ်က ဆိုကရေးတီးရဲ့ "လောကကြီးနဲ့ ငါတို့တွေ့ဆုံကြတယ်၊ လောကကြီးနဲ့ ငါတို့တိုက်စားကြတယ်၊ ငါတို့ဟာ မရှက်မရွံ့ခံယူထားတဲ့တာဝန်နဲ့ သက်ရှိအားလုံးနဲ့တွေ့ဆုံရတယ်"ဆိုတဲ့ စကားတစ်ခွန်းဖြစ်ပါတယ်။ လူဘဝတစ်သက်တာဟာ အင်မတန်တိုတောင်းပြီး၊ ကျိုးလွယ်ပျက်လွယ်ပါတယ်။ အချိန်ရဲ့တိုက်စားခြင်းကို အလွယ်တကူခံရပါတယ်။ ဒါပေမယ့် တက္ကသိုလ်ကျောင်းတစ်ကျောင်းက အဲဒီလူကို လောကကြီးအကြောင်းနားလည်ဖို့၊ သူ့ရဲ့လူ့ဘဝခရီးကို စူးစမ်းရှာဖွေဖို့ ကူညီပေးနိုင်ပါတယ်။

သစ်ပင်တစ်ပင်၊ စာအုပ်တစ်အုပ်၊ လူတစ်ယောက်၊ ညစာစားပွဲတစ်ခု..... ဒါတွေဟာ အပြည်ပြည်ဆိုင်ရာ ပညာရေးလောကမှာ Cambridgeတက္ကသိုလ်ရဲ့ လွှမ်းမိုးမှုတွေဖြစ်တယ်။ ထူးချွန်ထက်မြက်တဲ့ လူသားဦးနှောက်တွေကို ပိုင်ဆိုင်ထားပြီး နယူတန်၊ ဒါဝင် ကစ ဟော့ကင်းအထိ ဒီတက္ကသိုလ်ကျောင်းကြီးဟာ ကျောင်းသားတွေကို တန်ဖိုးထား၊ ချစ်ခင်နှစ်သက်ခဲ့တယ်။  အသိပညာကို လူတွေရှာဖွေဆည်းပူးကြတာဟာ တိုးတက်ဖို့ဖြစ်တယ်။ ဒီရည်ရွှယ်ချက်ထဲမှာ လူသားတွေကိုတိုးတက်စေနိုင်မယ့် နည်းလမ်း၊ အသိပညာနဲ့ ဥပဒေစည်းကမ်းအားလုံးကို လေးစားရမှာဖြစ်ပါတယ်။ ဒါဟာ Cambridgeရဲ့ဝိညာဉ်၊ 	Cambridgeရဲ့စိတ်ဓာတ်ပဲ ဖြစ်ပါတယ်။

*** တရုတ်ပြည်က သတင်းထောက်၊ အစီအစဉ်တင်ဆက်သူ Chai Jing က Cambridgeတက္ကသိုလ်ကို သွားရောက်မေးမြန်းခဲ့တဲ့ အင်တာဗျူးအစီအစဉ်တစ်ခုနဲ့ ဆောင်းပါးတစ်ပုဒ်ဖြစ်ပါတယ်။ ကျွန်မဘာသာပြန်တာက စာအုပ်ထဲမှာပါတဲ့ သူ့ဆောင်းပါးအတိုင်းပါ။ အင်တာဗျူးထဲက Cambridgeတက္ကသိုလ်ကျောင်းအုပ်ကြီးနဲ့ အပြန်အလှန်ပြောတဲ့ စကားတွေကို ဘာသာမပြန်ထားပါဘူး။ မူရင်းရေးသားသူ Chai Jing ရဲ့ဘလော့မှာ အင်တာဗျူးအစီအစဉ် ဗွီဒီယိုဖိုင်ကြည့်နိုင်ပါတယ်။ http://blog.sina.com.cn/s/blog_48b0d37b0102egcc.html

မူရင်းရေးသားသူ-- Chai Jing

နိုင်းနိုင်းစနေ (Friday, September 20, 2013)

.

0 comments: