Rain Man
နာမည်ကြီးတော်တော်များများကို ကျွန်တော်တွေ့ဖူးပါတယ်။ သူတို့က သိပ်စိတ်ဝင်စားဖို့ကောင်းတယ်။ ဥပမာ Rain Manရုပ်ရှင်ရဲ့ဇာတ်ညွန်းရေးဆရာ Barry Morrow။ ဒီရုပ်ရှင်ကားနဲ့ပဲ အော်စကာဆု အကောင်းဆုံးဇာတ်ညွှန်းဆုကို သူရခဲ့တယ်။ သူတရုတ်ပြည်ရောက်တော့ ပီကင်းမြို့က ဟိုတယ်တစ်ခုမှာ သူ့အတွက် ကျွန်တော်တို့စီစဉ်ပေးထားတယ်။ သူ အားအားမနေနိုင်ဘူး။ သူ ဗီဒီယိုထွက်ရိုက်တယ်။ လမ်းတစ်နေရာမှာ Rolls-Royce ကားတစ်စီးတွေ့တော့ သူရိုက်တယ်။
ဒါပေမယ့် သူ့ဘေးက ကားသမားတစ်ဦးက သုံးဘီးကားတစ်စီးကို စူးစိုက်ကြည့်နေတာကိုသူတွေ့လိုက်လို့
ရုတ်တရက် သူရိုက်ကွင်းပြောင်းသွားတယ်။ သုံးဘီးကားပေါ်မှာ ပစ္စည်းတွေအများကြီးတင်ထားတယ်။ ပစ္စည်းတစ်ခုက လမ်းပေါ်ကျနေတယ်။ နောက်ကားတွေက ဟွန်းတီးကုန်ကြပြီ။ ဒါပေမယ့် ဘယ်သူမှဆင်းလာပြီး အဲဒီပစ္စည်းကို ကောက်မပေးကြဘူး။
Barry Morrowကို ရုပ်ရှင်ဆိုတာဘာလဲလို့ ကျွန်တော်မေးတယ်။ ဒါဟာ ရုပ်ရှင်ပဲလို့ သူကပြန်ဖြေတယ်။ ရုပ်ရှင်အများစုက သာမန်လူတွေရဲ့အကြောင်းကို ပြောနေတာ... သူတို့မှာ အတွေးအခေါ်ရှိ၊ လိုက်လံဖမ်းဆုပ်မှုတွေရှိပေမယ့် အကောင်အထည် မဖော်နိုင်ဘူး။ နောက်တစ်ကြိမ်ထပ်ကြိုးစားတယ်.. မဖြစ်မြောက်ဘူး။ တစ်ကြိမ်ပြီးတစ်ကြိမ် ကြိုးစားလည်း အကောင်အထည်မပေါ်ဘူး။ နောက်ဆုံးရောက်မှ မျှော်လင့်ချက်မဲ့ခါနီးပြီးဆိုမှ အကောင်အထည်ပေါ်တော့တယ်။
Barry Morrowဇာတ်ညွှန်းရေးသားတဲ့ Rain Manရုပ်ရှင်က အထီးကျန်ရောဂါခံစားသူတစ်ယောက်ရဲ့ အဖြစ်မှန်ကို ရိုက်ကူးထားတဲ့ရုပ်ရှင်ဖြစ်တယ်။ အဲဒီဝေဒနာရှင်ကို သူတွေ့တော့ ဝေဒနာရှင်ဟာ ရုပ်ရှင်ထဲမှာ Dustin Hoffman သရုပ်ဆောင်ထားတာထက်တောင် ထူးဆန်းနေတာကို သူတွေ့ခဲ့ရတယ်။
အဲဒီတုန်းက စာကြည့်တိုက်မှာ Barryစာအုပ်ဖတ်နေတယ်။ တိုက်တိုက်ဆိုင်ဆိုင် "Rain Man"က သူနောက်တစ်တန်းမှာ စာထိုင်ဖတ်နေတယ်။ "ဖျပ်ဖျပ်"နဲ့ စာရွက်လှန်သံကို မနားတမ်းကြားတော့ သူနောက်လှည့်ကြည့်တယ်။ အလိုက်မသိတဲ့လူလို့လည်း စိတ်ထဲမှာထင်လိုက်တယ်။ သူနောက်လှည့်ကြည့်တော့ "Rain Man"က သူ့ကိုယဉ်ယဉ်ကျေးကျေးနဲ့ ခေါင်းညိတ်ဟန်ပြပြီး စာဆက်ဖတ်နေတယ်။ Barry စိတ်ဝင်စားသွားတာနဲ့ အဲဒီလူကိုမေးလိုက်တယ်။
"မစ္စတာ... ခင်ဗျားဘာလုပ်နေတာလဲ"
"စာဖတ်နေတယ်" Rain Man ပြန်ဖြေတယ်။
"ခင်ဗျား စာဖတ်တဲ့အရှိန် ဒီလောက်မြန်သလား"
"ဟုတ်တယ်.. ဒါ ဒီညနေ ကျွန်တော်ဖတ်တဲ့စာအုပ်တွေပဲ။ တောင်ပုံရာပုံ ပုံနေပြီ"
Barryက ဒီလူတော်တော်အမြင်ကပ်ဖို့ ကောင်းပါလား။ စာရွက်တဖျပ်ဖျပ်လှန်ပြီး ဆူညံအောင်လုပ်သလို ဒီလိုစကားကြီးစကားကျယ်လည်း ပြောလိုက်သေးတယ်။ ဒီလိုနဲ့ Rain Manကို သူစမ်းကြည့်ချင်တာနဲ့ စာအုပ်တစ်အုပ်ကို ကောက်ယူပြီး စာမျက်နှာတစ်ခုပေါ်က စာကြောင်းတစ်ကြောင်းကို ရွတ်လိုက်တယ်။ ကျန်တဲ့စာကြောင်းတွေကို Rain Manက အလွတ်ရွတ်ပြသွားတယ်။
အဲဒီနောက် သူတို့မိတ်ဆွေတွေဖြစ်သွားကြတယ်။ Barryက Rain Manရဲ့စာဖတ်ကျင့်ကို နားလည်သွားတယ်။ (၈)စက္ကန့်နဲ့ စာမျက်နှာတစ်မျက်နှာ သူဖတ်နိုင်တယ်.. ပြီးရင် အဲဒီစာကို တစ်သက်မမေ့တော့ဘူး။ Rain Manမကြိုက်ဆုံးက စာကြည့်တိုက်ဝန်ထမ်းတွေပြောတဲ့ "စာကြည့်တိုက်ပိတ်ခါနီးပြီ"ဆိုတာကိုပဲ။ ဒီလိုအချိန်မျိုးမှာ Rain Manဟာ မျက်လုံးနှစ်ဘက်နဲ့ စာမျက်နှာနှစ်မျက်နှာကို တပြိုင်တည်းဖတ်ရတော့တယ်။
Rain Manရဲ့တွက်ချက်နှုန်းကလည်း ထူးဆန်းအံ့သြဖို့ကောင်းတယ်။ Las Vegasမှာ လှည့်စားပွဲလောင်းကစား သွားကစားတော့ Rain Manက ကစားဝိုင်းမှာသုံးတဲ့ တိုကင်ပြားတွေကို တစ်နေရာမှာအော့လိုက်တယ်။ လှည့်စားပွဲကို ဘယ်နှကြိမ်လှည့်လှည့် သူအော့ထားတဲ့နေရာမှာ ရပ်တယ်။ ဒါ သူတွက်ချက်ထားတာဖြစ်တယ်။ နောက်တော့ ကစားဝိုင်းက သူ့ကိုပေးမကစားတော့ဘူး။ သူသွားကစားပြီဆိုရင် လူတချို့ခေါ်ပြီး သူ့ကိုအဖော်လုပ်ရတယ်။ ဘယ်ကစားနည်းကစားချင်သလဲ ကြိုက်တာကစား။ လိုသလောက်ပိုက်ဆံ ထုတ်ပေးလိုက်တာပဲ။
"Rain Man"ဇာတ်ကားက အော်စကာဆု အကောင်းဆုံးဇာတ်ကားဆုနဲ့ အကောင်းဆုံးဇာတ်ညွှန်းဆုရခဲ့တယ်။ ဒီဆုက Rain Manအတွက်ဖြစ်သင့်တယ်လို့ Barryထင်ပြီး အော်စကာရုပ်တု သူ့ကိုပေးလိုက်တယ်။ နှစ်ဝက်ကြာလို့ Rain Manကို Barryသွားကြည့်ချိန် အော်စကာရုပ်တုမှာ ရွှေရောင်တွေမရှိတော့ဘူး။ ဒီရုပ်တုက ကလေးကစားစရာဖြစ်သွားလို့... Rain Manက ကလေးတွေကို ဒီရုပ်တုနဲ့ပေးကစားခဲ့လို့ ရွှေရောင်တွေကျွတ်ပြီး အဖြူရောင်ဖြစ်သွားတာဖြစ်တယ်။ ဒါဟာလည်း အော်စကာဆုသမိုင်းမှာ ပထမဆုံးအကြိမ် ရွှေရောင်ကနေ အဖြူရောင်ဖြစ်သွားတဲ့ ရုပ်တုပဲဖြစ်ပါလိမ့်မယ်။
မူရင်းရေးသားသူ-- တရုတ်ရုပ်သံ CCTV အစီအစဉ်တင်ဆက်သူ Cui Yong Yuan (崔永元)
နိုင်းနိုင်းစနေ (Monday, September 30, 2013)
0 comments: