Cambridge ရဲ့ဝိညာဉ် (၁)

Photo: Cambridge ရဲ့ဝိညာဉ် (၁)
________________

Cambridgeတက္ကသိုလ်ရဲ့တည်ထောင်ခြင်းက အရောင်အသွေးစုံလှတယ်။ ဒီတည်ထောင်ခြင်းက အမိန့်နာမခံသူတစ်စုရဲ့ ခိုလှုံရာကနေ စခဲ့တာလည်းဖြစ်တယ်။

ဘာကြောင့် တရုတ်ကဗျာဆရာ Xu Zhimoက Cambridgeတက္ကသိုလ်ကို "ထိုးဝါးရှည်တစ်ခုနဲ့ မြက်ခင်းစိမ်းထက် ပိုစိမ်းတဲ့အရပ်ဆီ ဆန်တက်မယ်" လို့ဖွဲ့ဆိုခဲ့မှန်း ဒီနေရာကိုရောက်မှ ကျွန်မသဘောပေါက်နားလည်တော့တယ်။ နှစ်ပေါင်း ၈ဝဝကျော်သမိုင်းရှိခဲ့တဲ့ ဒီတက္ကသိုလ်ဟောင်းကြီးကို Camမြစ်နားမှာ တည်ဆောက်ထားပါတယ်။ ဒီကျောင်းဖြစ်ပေါ်လာပုံက လူသတ်မှုတစ်ခုနဲ့ဆက်နွှယ်နေတယ်လို့ လှေသမားပြောပြမှ ကျွန်မတို့သိရပါတယ်။ ၁၂ဝ၉ခုနှစ်မှာ Oxfordတက္ကသိုလ် ကျောင်းသားတစ်ဦးဟာ အရပ်သားတစ်ဦးအပေါ် လက်လွန်ပြီး မတော်တဆသတ်ခဲ့မိတယ်။ ဒါကို အရပ်သားတွေက စိတ်တိုဒေါသထွက်ပြီး Oxford တက္ကသိုလ်ထဲဝင်ရောက်ပြီး ကျောင်းသား၃ဦးကို တရားလက်လွတ် သတ်ခဲ့မိတယ်။

ဒီပဋိပက္ခမှာ ကျောင်းသား၊ ဆရာ ၃ဦးဟာ Oxford ကနေထွက်ပြေးခဲ့ကြပြီး လူသူကင်းမဲ့တဲ့ နေရာတစ်ခုဆီရောက်လာခဲ့ကြတယ်။ အဲဒီနေရာမှာပဲ တက္ကသိုလ်တစ်ခု တည်ထောင်ဖွင့်လှစ်ခဲ့တယ်။ အဲဒီတက္ကသိုလ်က ဒီကနေ့မှာ နိုဘယ်လ်ဆုရှင်အယောက်(၈ဝ)ကျော် မွေးထုတ်ပေးခဲ့တဲ့ Cambridgeတက္ကသိုလ်ပဲဖြစ်ပါတယ်။

ပန်းသီးပင်တစ်ပင်

ဒီပန်းသီးပင်ဟာ ကမ္ဘာ့သမိုင်းမှာ အထင်ကရ ပန်းသီးပင်တစ်ပင်ပဲဖြစ်ပါလိမ့်မယ်။ ဒီပန်းသီးပင်ဟာ စစမှာ Kentမြို့မှာရှိတဲ့ နယူတန်ရဲ့အိမ်နောက်ဖေးပန်းခြံမှာ စိုက်ထားခဲ့တာဖြစ်တယ်။ အသက်၂ဝကျော်စ နယူတန်ရဲ့ခေါင်းပေါ် အဲဒီပန်းသီးပင်ကပန်းသီး ကြွေကျခဲ့တာဖြစ်ပြီး ဆွဲငင်အားအကြောင်းကို သူ စတွေးတောခဲ့တာဖြစ်တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆ဝက Cambridgeဟာ ဒီပန်းသီးပင်ကို ကျောင်းဝင်းထဲက Trinity College ရှေ့မှာ ပြောင်းရွေ့စိုက်ပျိုးခဲ့ပြီး တက္ကသိုလ်ရဲ့သမိုင်းမှာ အမြင့်မြတ်ဆုံးကျောင်းသားဖြစ်ခဲ့တဲ့ နယူတန်ကို အထိမ်းအမှတ်ပြုခဲ့တယ်။

ပန်းသီးပင်အောက်မှာ ကျွန်မတို့အကြာကြီးရပ်ခဲ့ကြတယ်။ တကယ်တော့ ပန်းသီးပင်တစ်ပင်ရဲ့သက်တမ်းက ဒီလောက်မရှည်ပါဘူး။ ဒီပန်းသီးပင်က နယူတန်ရဲ့ပန်းသီးပင်မျိုးဆက်ပဲဖြစ်လိမ့်မယ်။ Cambridgeက ဘာဖြစ်လို့ ပန်းသီးပင်ကို နေရာရွေ့ခဲ့တာလဲ။ လမ်းမှာတွေ့တဲ့ကျောင်းသားတချို့ကို ကျွန်မတို့မေးခဲ့ကြတယ်။ ကျောင်းသားတစ်ဦးက "ကျောင်းက ကျောင်းသားတွေကို သတိပေးချင်တာပါ။ ပန်းသီးဘယ်အချိန်ကြွေကျမယ်ဆိုတာကို သင်မသိနိုင်ဘူး။ သုတေသနလုပ်တာကလည်း လျှပ်တစ်ပြက်ဉာဏ်လိုပါတယ်။ ဒါပေမယ့် အချိန်တော်တော်များများမှာ နှစ်ပေါင်းတော်တော်ကြာ စောင့်ရတာမျိုးလည်းရှိခဲ့ပါတယ်"လို့ ပြောပါတယ်။ နိုဘယ်လ်ဆုကို လောလောလတ်လတ်ရထားခဲ့တဲ့ Father of IVF (In vitro fertilisation) လို့တင်စားခံခဲ့ရတဲ့ Cambridgeက ပါမောက္ခ Robert G. Edwardsဟာ သူမအောင်မြင်ခင် နှစ်ပေါင်း၁၄နှစ်လုံးလုံး ကြိုးစားသမျှ ဘာအကျိုးမှ မဖြစ်ထွန်းခဲ့ပါဘူး။

စာအုပ်တစ်အုပ်

"The Night Climbers of Cambridge" ဆိုတဲ့စာအုပ်ကို Cambridgeရဲ့စာအုပ်ဆိုင်တန်းမှာ ကျွန်မတို့ဝယ်ခဲ့ပါတယ်။ ဒီစာအုပ်ကို Cambridgeကျောင်းသားတော်တော်များများ ဖတ်ခဲ့ဖူးကြတယ်လို့ ဆိုတယ်။ ဒီစာအုပ်ထဲမှာ Cambridgeတက္ကသိုလ်ရဲ့ အဆောက်အဦးတစ်ခုစီကို ဘယ်လိုတွယ်တက်ရမယ့်အကြောင်း အသေးစိတ်ရေးထားသလို နှစ်ပေါင်းများစွာတည်းက ညအချိန်မှာ အဆောက်အဦးပေါ်တက်ခဲ့တဲ့ Cambridgeကျောင်းသားတွေရဲ့ ထူးဆန်းမှုတွေကိုလည်း မှတ်တမ်းတင်ထားပါတယ်။

Cambridgeတက္ကသိုလ်ရဲ့ ကောင်စီအစည်းအဝေးခန်းမ အဆောက်အဦးကို တင်းတင်းကြပ်ကြပ် စောင့်မတ်ထားပါတယ်။ ဒီအဆောက်အဦးကို Cambridgeရဲ့နှလုံးသားလို့ တင်စားကြပါတယ်။ နှစ်စဉ်နှစ်တိုင်းရဲ့ ဘွဲ့နှင်းသဘင်ကို ဒီနေရာမှာပဲ ကျင်းပပါတယ်။ Cambridgeတက္ကသိုလ်ရဲ့ တကယ့်မြင့်မြတ်တဲ့ နေရာတစ်ခုပါ။ ဒါပေမယ့် ၁၉၅၈ခုနှစ် မနက်ခင်းတစ်ခုမှာ လူတွေဒီအဆောက်အဦးရှေ့ ဖြတ်သန်းချိန် အဆောက်အဦးရဲ့ခေါင်မိုးထက်မှာ Austinတံဆိပ် ကားငယ်တစ်စီးကို ထူးထူးဆန်းဆန်းတွေ့ခဲ့ကြတယ်။ ခေါင်မိုးထက် ဒီကားဘယ်လိုရောက်နေကြောင်းကို ဘယ်သူမှမသိခဲ့ကြဘူး။ အဲဒီခေတ်က အလေးမကိရိယာ အနေအထားကလည်း ကားတစ်စီးကို မပျက်မယွင်းဘဲ မီတာ၂ဝကျော်အမြင့်ရှိတဲ့ ခေါင်မိုးပေါ်တင်ဖို့ရာလည်း မဖြစ်နိုင်ခဲ့ဘူး။ ကားကို ခေါင်မိုးထက်ကချဖို့တောင် တစ်စစီဖြုတ်ပြီးမှ ချခဲ့ရတယ်။

ခေါင်မိုးထက်က ကားက Cambridgeတက္ကသိုလ်ရဲ့ ထူးဆန်းအံ့သြမှုတစ်ရပ်ဖြစ်ခဲ့ပါတယ်။ ဒီထက်ပိုပြီး ကျွန်မကို အံ့သြစေတာက ဘယ်ကျောင်းသားတွေက ကားကို ဘယ်လိုနည်းနဲ့အသုံးပြုပြီး ခေါင်မိုးပေါ်တင်ခဲ့တယ်၊ အမိန့်အာဏာကို ဖီဆန်ခဲ့တယ်ဆိုတဲ့အကြောင်း မဟုတ်ပါဘူး... နောက်ပိုင်းမှာ ဒီကိစ္စကို ဘယ်ကျောင်းသားတွေလုပ်မှန်း သိရက်နဲ့ အဲဒီကျောင်းသားတွေကို ကျောင်းက မထုတ်ဖော်၊ မကြေညာခဲ့သလို ကျောင်းသားတွေကို ဒဏ်မပေးခဲ့တဲ့အကြောင်းပဲဖြစ်တယ်။ အဲဒီကျောင်းသားတွေကို ကျောင်းက ရှန်ပိုင်တစ်သေတ္တာတောင် တိတ်တိတ်လေးလက်ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

(** ဆက်ရေးဦးမယ်.. မပြီးသေးဘူး.. စာကရှည်တော့ ဖတ်ရတာ ပျင်းမှာစိုးလို့။ မနေ့ကငှားခဲ့တဲ့ Readers ဆိုတဲ့ တရုတ်မဂ္ဂဇင်းတစ်စောင်ထဲက စာတစ်ပုဒ်ပါ.. စိတ်ဝင်စားစရာကောင်းလို့ ဘာသာပြန်မျှဝေပါတယ်။)

ညစာစားပွဲတစ်ပွဲ

ည ၇နာရီခွဲမှာ Jesus collegeမှာကျင်းပတဲ့ ကျောင်းသား ဆရာမိတ်ဆုံစားပွဲကို ကျွန်မတို့တက်ရောက်ခဲ့ပါတယ်။ ဒါဟာ တကယ့်ခမ်းနားကြီးကျယ်တဲ့ အခါသမယပါ။ လူတိုင်း ဝတ်ရုံရှည်ဝတ်ရပါတယ်။

ညစာစားပွဲမှာ ကြက်သား၊ ရေလုံပြုတ်မုန်လာဥနီနဲ့ အရွက်စိမ်းတချို့ပါပါတယ်။ ခင်းကျင်းတဲ့နေရာက သိပ်မကျယ်ပါဘူး။ ဒါပေမယ့် ဒီညစာစားပွဲကိုကြည့်ပြီး ကျွန်မလိုပဲ "ဟယ်ရီပေါ်တာ"ထဲက Magic Schoolကို သင်သတိရမိပါလိမ့်မယ်။ ဒါဟာ နှစ်ပေါင်း ၈ဝဝကျော်သမိုင်းရှိခဲ့တဲ့ Cambridgeတက္ကသိုလ်ရဲ့ အစဉ်အလာဖြစ်ပါတယ်။ အချိန်အတိအကျ တက်ရောက်ရပါတယ်။

ဒီခမ်းနားကြီးကျယ်တဲ့ ညစာစားပွဲမှာ ပါမောက္ခနဲ့ပညာရှင်တွေက ခန်းမရဲ့အမြင့်ဆုံးနေရာမှာ နေရာယူကြပြီး ကျောင်းသားတွေက အောက်က စားပွဲခုံရှည်မှာ နေရာယူရပါတယ်။ ပါမောက္ခတွေ ခန်းမထဲဝင်လာချိန် အားလုံး ထရပ်ပြီး အရိုအသေပြုရပါတယ်။ တဆက်တည်း လက်တင်ဘာသာလို ဆုတောင်းစာ ရွတ်ဖတ်ပြီးမှ ညစာကို သုံးဆောင်ရပါတယ်။ ည၉နာရီထိုးလို့ ပါမောက္ခနဲ့ပညာရှင်တွေ ထွက်ခွာသွားမှ ကျွန်မတို့ဓာတ်ပုံရိုက်ကြရတယ်။ ပါမောက္ခတွေထွက်ခွာသွားမှ ကျောင်းသူကျောင်းသားတွေဟာ လက်ခုတ်သြဘာပေးပြီး ထရပ်အော်ဟစ်ကြတယ်။ သူတို့လွတ်လွတ်လပ်လပ်ဖြစ်သွားတဲ့ အထိမ်းအမှတ်ပါ။ ပါမောက္ခတွေ ထွက်ခွာဖို့ ကျောင်းသားတွေထရပ်ချိန်မှာ ထိုင်ခုံဆွဲသံတောင် မကြားရလောက်အောင် တိတ်ဆိတ်လှပါတယ်။ ဒါကိုကြည့်ပြီး Cambridgeက ပါမောက္ခတစ်ဦးပြောခဲ့တဲ့ "တစ်ခါတလေမှာ Cambridgeရဲ့တင်းမာတည်ကြည်မှုက လူငယ်အများစုရဲ့ ဆန့်ကျင်ပုန်ကန်လိုစိတ်ကို စက္ကန့်ပိုင်းအတွင်းမှာ သတ်ပစ်နိုင်တယ်"ဆိုတဲ့စကားကို ကျွန်မသွားသတိရမိပါတယ်။

လူမှတ်မှားမိတဲ့အကြိမ်

Camမြစ်ပေါ်မှာလှေစီးနေချိန် တံတားပေါ်မှာတွေ့ရတဲ့ ဘီးတပ်ကုလားထိုင်တစ်ခုပေါ် ထိုင်နေတဲ့ပုံရိပ်က ကျွန်မတို့ကို စိတ်လှုပ်ရှားစေခဲ့ပါတယ်။ လှေဦးကိုလှည့်ပြီး အနီးကပ် အပြေးအလွှားလိုက်ကြည့်မှ ကုလားထိုင်ပေါ်ထိုင်နေသူဟာ ကျွန်မတို့စိတ်ကူးထဲက လူမဟုတ်မှန်း သိတော့တယ်။ မြစ်ပေါ်က ကမ္ဘာ့လှည့်ခရီးသည်တချို့လည်း ကျွန်မတို့လိုပဲ အဲဒီကုလားထိုင်ပေါ်က လူကို Stephen Hawkingလို့ အမှတ်မှားကြပါလိမ့်မယ်။ လူတိုင်းက "အိုင်းစတိုင်း"ပြီးရင် ဒီထူးချွန်ထက်မြက်တဲ့ ဘီးတပ်ကုလားထိုင်ပေါ်က အယူအဆပိုင်းဆိုင်ရာ ရူပဗေဒပညာရှင်ဖြစ်တဲ့ Hawkingကို တွေ့လိုစိတ်ပြင်းပြကြပါတယ်။ Cambridgeကို မလာခင် ဒီပညာရှင်နဲ့တွေ့ဆုံနိုင်ဖို့ ကျွန်မတို့ အကြိမ်ကြိမ် ကြိုးစားဆက်သွယ်ခဲ့ပါသေးတယ်။ ဒါပေမယ့် သူဟာ ကျန်းမာရေးသိပ်မကောင်းတာကြောင့် အိမ်မှာပဲအနားယူနေပြီး ဧည့်သည်တွေကို သိပ်မထွက်တွေ့ဘူးလို့ဆိုပါတယ်။ ပါမောက္ခHawkingရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးက ကျွန်မတို့ပါမောက္ခနဲ့တွေ့ချင်တဲ့အကြောင်းကို သိတော့ သူက သူဒီမှာအလုပ်လုပ်တာ ၅နှစ်ရှိပြီ။ ပါမောက္ခHawkingကို နှစ်ကြိမ်ပဲတွေ့ခဲ့ဖူးတယ်လို့ ပြောပြပါတယ်။

Cambridgeတက္ကသိုလ်မှာ "အချိန်စားတဲ့ ပိုးကောင်"လို့ (Corpus Clock) တင်စားခေါ်ဝေါ်တဲ့ နာရီတစ်လုံးရှိပါတယ်။ အဲဒီလိုတင်စားရတဲ့အကြောင်းရင်းက နာရီရဲ့ထိပ်မှာ ရက်စက်ကြမ်းကြုတ်တဲ့ နှံကောင်တစ်ကောင်ရှိပြီး စက္ကန့်တိုင်း ပါးစပ်ကြီးဟလိုက် ပိတ်လိုက်နဲ့ အချိန်ကိုစားနေလို့ဖြစ်တယ်။ ဒီနာရီရဲ့ နာရီချိန်သီးက အနောက်တိုင်းက အခေါင်းပုံစံပါ။ တစ်နာရီထိုးတိုင်း အသံပြင်းပြင်းနဲ့ လူတွေကို သေမင်းနဲ့တစ်လှမ်းနီးလာပြီဆိုတဲ့အကြောင်း သတိပေးတတ်ပါတယ်။ ဒီရက်စက်တဲ့ အမှန်တရားနာရီသံကြားမှာ Cambridgeရဲ့ဆောင်ပုဒ်တစ်ခု ပါဝင်ပါတယ်။ အဲဒီဆောင်ပုဒ်က ဆိုကရေးတီးရဲ့ "လောကကြီးနဲ့ ငါတို့တွေ့ဆုံကြတယ်၊ လောကကြီးနဲ့ ငါတို့တိုက်စားကြတယ်၊ ငါတို့ဟာ မရှက်မရွံ့ခံယူထားတဲ့တာဝန်နဲ့ သက်ရှိအားလုံးနဲ့တွေ့ဆုံရတယ်"ဆိုတဲ့ စကားတစ်ခွန်းဖြစ်ပါတယ်။ လူဘဝတစ်သက်တာဟာ အင်မတန်တိုတောင်းပြီး၊ ကျိုးလွယ်ပျက်လွယ်ပါတယ်။ အချိန်ရဲ့တိုက်စားခြင်းကို အလွယ်တကူခံရပါတယ်။ ဒါပေမယ့် တက္ကသိုလ်ကျောင်းတစ်ကျောင်းက အဲဒီလူကို လောကကြီးအကြောင်းနားလည်ဖို့၊ သူ့ရဲ့လူ့ဘဝခရီးကို စူးစမ်းရှာဖွေဖို့ ကူညီပေးနိုင်ပါတယ်။

သစ်ပင်တစ်ပင်၊ စာအုပ်တစ်အုပ်၊ လူတစ်ယောက်၊ ညစာစားပွဲတစ်ခု..... ဒါတွေဟာ အပြည်ပြည်ဆိုင်ရာ ပညာရေးလောကမှာ Cambridgeတက္ကသိုလ်ရဲ့ လွှမ်းမိုးမှုတွေဖြစ်တယ်။ ထူးချွန်ထက်မြက်တဲ့ လူသားဦးနှောက်တွေကို ပိုင်ဆိုင်ထားပြီး နယူတန်၊ ဒါဝင် ကစ ဟော့ကင်းအထိ ဒီတက္ကသိုလ်ကျောင်းကြီးဟာ ကျောင်းသားတွေကို တန်ဖိုးထား၊ ချစ်ခင်နှစ်သက်ခဲ့တယ်။ အသိပညာကို လူတွေရှာဖွေဆည်းပူးကြတာဟာ တိုးတက်ဖို့ဖြစ်တယ်။ ဒီရည်ရွှယ်ချက်ထဲမှာ လူသားတွေကိုတိုးတက်စေနိုင်မယ့် နည်းလမ်း၊ အသိပညာနဲ့ ဥပဒေစည်းကမ်းအားလုံးကို လေးစားရမှာဖြစ်ပါတယ်။ ဒါဟာ Cambridgeရဲ့ဝိညာဉ်၊ Cambridgeရဲ့စိတ်ဓာတ်ပဲ ဖြစ်ပါတယ်။

*** တရုတ်ပြည်က သတင်းထောက်၊ အစီအစဉ်တင်ဆက်သူ Chai Jing က Cambridgeတက္ကသိုလ်ကို သွားရောက်မေးမြန်းခဲ့တဲ့ အင်တာဗျူးအစီအစဉ်တစ်ခုနဲ့ ဆောင်းပါးတစ်ပုဒ်ဖြစ်ပါတယ်။ ကျွန်မဘာသာပြန်တာက စာအုပ်ထဲမှာပါတဲ့ သူ့ဆောင်းပါးအတိုင်းပါ။ အင်တာဗျူးထဲက Cambridgeတက္ကသိုလ်ကျောင်းအုပ်ကြီးနဲ့ အပြန်အလှန်ပြောတဲ့ စကားတွေကို ဘာသာမပြန်ထားပါဘူး။ မူရင်းရေးသားသူ Chai Jing ရဲ့ဘလော့မှာ အင်တာဗျူးအစီအစဉ် ဗွီဒီယိုဖိုင်ကြည့်နိုင်ပါတယ်။ http://blog.sina.com.cn/s/blog_48b0d37b0102egcc.html

မူရင်းရေးသားသူ-- Chai Jing

နိုင်းနိုင်းစနေ (Friday, September 20, 2013)

.

0 comments: