“ဝါလကင်းလွတ် သီတင်းကျွတ်”


    မကြာခင် သီတင်းကျွတ်ရောက်တော့မည် ဆိုသည်ကို ညတိုင်း မီးရှူးမီးပန်း ဖောက်သံ များက အသိပေးနေသလို ရှိနေသည်။ သီတင်းကျွတ်သည် မြန်မာပြက္ခဒိန်အရ ခုနှစ်လမြောက် ဖြစ်ပြီး ကမ္ဘာသုံးပြက္ခဒိန်အရ စက်တင်ဘာလ - အောက်တိုဘာလတွင် ကျရောက်သည်။ ထင်ရှား သော ပွဲတော်တစ်ခုမှာ မီးထွန်းပွဲတော်ပင် ဖြစ်သည်။ သီတင်းကျွတ်လ၏ အထိမ်းအမှတ်ပန်းမှာ ကြာမျိုးငါးပါး ဖြစ်သည်။
ထို့ကြောင့် မဟာဂီတ ဦးပြုံးချို ရေးသားခဲ့သော ရာသီဘွဲ့လေးချိုးများတွင် သီတင်းကျွတ်လ အချိန်အခါကို -
        ဆီမီးငယ်တဲ့ ထိန်ထိန်
        အိုင်မင်းရေကြည်က
        ကြာငါးမည် ငုံအာစွင့်တယ်
        ဖူးပွင့်ခါချိန်။
        အသဝနီ ယှဉ်ကာချဉ်းပါလို့
        လင်းလာတဲ့ ငွေတာရီရယ်
        ပြာမှိန်လျက် မြူခြေဆိုင်း။
        ဂါရဝေ
        သက္ကစ္စံ ပဏာမေဖြင့်
        သဒ္ဓါခြွေ ကန်တော့ပွဲကိုလ
        မစဲပေါင် ကုသိုလ်ကို နှိုးကြတယ်
        မျိုးမြန်မာ့တိုင်း - ဟူ၍ ဖွဲ့ဆိုပြထားပါသည်။

    သီတင်းကျွတ်လကို ရှေးအခါက သန်တူလ ဟုခေါ်ကြသည်။ ‘သန်’ ဆိုသည်မှာ စပါးပင်ကို ရည်ညွှန်းကာ ‘တူ’ဆိုသည်မှာ ‘ထူ’ ဖြစ်ပြီး “စပါးပင်များ ထူထူထောင်ထောင်ပေါက်ရောက်လျက် ရှိပြီ” ဟု ဆိုလိုပါသည်။ ထို့ကြောင့် အပင်များ အောင်မြင်သည့်အနေဖြင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပကြသည်။ ပုဂံခေတ်တွင် ရေးထိုးသော ကျောက်စာများတွင် သီတင်းကျွတ် ဟူသော အသုံးအနှုန်းကို အလျှင်း မတွေ့ရပေမယ့်လည်း သက္ကရာဇ်၅၇၄ခုနှစ် တုရွင်းတောင် စောရဟန်းသိမ် ကျောက်စာ တစ်နေရာ၌ ‘သတင်းချွတ်’ဟူသော အသုံးကို ရှေးဦး တွေ့ရှိရလေသည်။ ထို့ကြောင့် ‘သတင်းချွတ်’ဟူသော အသုံးသည် သီတင်းသီလ စောင့်ထိန်း သူတို့ ချွတ်လွှတ်ကုန်ဆုံးအောင် ပြုသည်ဟု တွေးထင်ဖွယ် ရှိသည်။ ဝါဆိုလပြည့်နေ့မှ ရက်ပေါင်း ၉ဝတိုင် ရဟန်းတော်တို့သည် မိမိတို့ ကျောင်းသင်္ခန်းတွင် သီတင်းသုံးကြ ရပြီး သီတင်းကျွတ် လပြည့်ကျော်မှ အရပ်တစ်ပါးသို့ ကြွချီမြဲ ရကြသည်ကို ဆိုလိုခြင်း ဖြစ်သည်။

    သီတင်းကျွတ်လသည် ရာသီခွင်အရ တူရာသီ လက်တင်အခေါ် Libra ဖြစ်သည်။ တူရာသီ၏ ရာသီခွင်ပုံသည် ချိန်ခွင်ပုံ ဖြစ်သည်။ သီတင်းကျွတ်လ၏ စန်းယှဉ်နက္ခတ်များမှာ ရေဝတီ၊ အသဝနီနှင့် ဘရဏီ နက္ခတ်တို့ ဖြစ်ကြသည်။ သီတင်းကျွတ်လရာသီတွင် နံနက် ၅နာရီ ၅၅မိနစ်ခန့်တွင် နေထွက်၍ ညနေ ၅နာရီ ၃၇မိနစ်ခန့်တွင် နေဝင်သည်။ သီတင်းကျွတ်လတွင် ပြဿဒါးရက်များမှာ တနင်္ဂနွေနေ့နှင့် တနင်္လာနေ့တို့ ဖြစ်ကြပြီး အင်္ဂါနှင့် ကြာသပတေးနေ့တို့မှာ ရက်ရာဇာနေ့များ ဖြစ်ကြသည်။ ထို့အပြင် ရက်မစုံဘဲ လကွယ်သောကြောင့် သီတင်းကျွတ်လတွင် ရက်ပေါင်း ၂၉ရက်သာ ရှိလေသည်။

    ဝါလကင်းလွတ် သီတင်းကျွတ်ရောက်တိုင်း မြန်မာလူမျိုးတို့သည် မိမိထက် သက်ကြီးဝါကြီးသူ တို့ကို ငယ်သူတို့က ရှိခိုးဦးနှိမ် ကန်တော့ကြသည်မှာလည်း မွန်မြတ်သော ရိုးရာထုံးထမ်း အစဉ်အလာ တစ်ခုပင် ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်တို့သည် ဆရာတော်ကြီးများ သီတင်းသုံးရာ ကျောင်းသင်္ခန်းများကို သွားရောက်ကြ၍ ပန်း၊ ဆီမီး၊ လှူဖွယ်ဝတ္ထု အမျိုးမျိုးတို့ကို ပူဇော် ကန်တော့ကြသည်။

    ရှေးအခါ မြန်မာမင်းများလက်ထက်၌ ဘုရင်နှင့်မိဖုရားတို့၏ ကန်တော့ပွဲများကို နန်းတွင်း၊ နန်းပြင်တို့၌ ကျင်းပလေ့ရှိသည်။ ဘုရင်နှင့် မိဖုရားတို့သည် သီတင်းကျွတ်လပြည့်နေ့တွင် ရှစ်ပါးသီလ ဆောက်တည်ကြပြီး သီတင်းကျွတ်လပြည့်ကျော် တစ်ရက်နေ့တွင် မင်းညီမင်းသား မင်းဆွေမင်းမျိုးများ၏ ကန်တော့ခြင်းကို ရှေးဦးစွာ နန်းတွင်း၌ ခံယူကြသည်။ ထို့နောက် မင်းဝတ်မင်းစား တန်ဆာများကို အသစ်လဲလှယ် ဝတ်ဆင်ကာ ပြည်သူတို့၏ ကန်တော့ခြင်းကို မြို့တော်တွင်း လှည့်လည်ခံယူသည်။ ထို့နောက် နန်းတွင်းသို့ ပြန်ရောက်သောအခါတွင်မူ ဘမယာသန ပလ္လင်ထက်သို့ ကြွချီတော်မူသောအခါ တစ်ရာ့တစ်ပါးသော ထီးဆောင်းမင်းတို့က ရတနာ ရွှေငွေတို့၏ ပူဇော်ကန်တော့ကြလေသည်။

    ညရောက်သော အခါတွင်လည်း မြို့ရွာတစ်ဝန်းလုံးတွင် ဆီမီးပူဇော်ပွဲကြီးကို ကျင်းပသည်။ ထိုမီးပူဇော်ပွဲကို မြင်းမိုရ်ပွဲ ဟူ၍ လည်းကောင်း၊ တာဝတိံသာပွဲ ဟူ၍ လည်းကောင်း ခေါ်ကြသည်။ ထိုမီးပူဇော်ပွဲ ဖြစ်ပေါ်လာရခြင်းမှာ မြတ်စွာဘုရားရှင်သည် ဝါတွင်း သုံးလပတ်လုံး တာဝတိံသာ နတ်ပြည်၌ သီတင်းသုံး၍ မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿီတနတ်သားအား အဘိဓမ္မာတရား ဒေသနာတော်ကို ဟောကြားတော်မူပြီးလျှင် သင်္ကဿနဂိုရ်ပြည် (လူ့ပြည်)သို့ ပြန်လည် သက်ဆင်းခြင်းကို အကြောင်းပြု၍ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ မြတ်စွာဘုရားရှင် လူ့ပြည်သို့ သက်ဆင်းခြင်းကို ရည်စူး၍ မင်းရင်ပြင်တွင် မြင့်မားသော ပြဿဒ်ကြီးကို ဆောက်လုပ်၍ လှေကား သုံးသွယ် ဆင်ယင်ပြီးလျှင် ဆီမီးထွန်း၍ ပူဇော်ကြသည်။ ထိုသို့ ဆီမီးထွန်း ပူဇော်ခြင်း ကြောင့်လည်း ကုသိုလ်ကောင်းမှု ပြုကြရခြင်းဖြင့် အပြစ်ကင်းစင်သော ပျော်ရွင်မှုကို ရရှိနိုင် ကြလေသည်။

    ထိုသီတင်းကျွတ် လပြည့်နေ့တွင် ရဟန်းသံဃာတို့၏ ပဝါရဏာပြုခြင်းကိစ္စနှင့် မြတ်စွာ ဘုရား ဟောကြားခဲ့သော အဘိဓမ္မာ တရားဒေသနာခေါ် ဓမ္မစကြာ ရွတ်ဖတ်ပူဇော်ခြင်းများကို ကျင်းပခြင်းကြောင့်လည်း အဘိဓမ္မာနေ့ ဟုလည်း ခေါ်ကြသည်။ သီတင်းကျွတ် လပြည့်ပြီး သော်လည်း ရဟန်းသံဃာတို့သည် ပဝါရဏာပြုပြီးမှ ဝါကျွတ်လေသည်။ ပရဝါဏာပြုခြင်း ဆိုသည်မှာ ရှေးဦးစွာ ဝါကြီးသောရဟန်းသည် လက်ဝဲပုခုံးပေါ်၌ ဧကသီကို စံပယ်တင်၍ ဆောင့်ကြောင့် ထိုင်ပြီးလျှင် လက်အုပ်ချီလျက် ‘အရှင်တို့၊ သံဃာကို ဖိတ်ကြားပါ၏။ အရှင်တို့သည် အကျွန်ုပ်အပေါ်၌ အပြစ်ကိုမြင်လျှင် ဖြစ်စေ၊ ကြားလျှင်ဖြစ်စေ၊ အပြစ်ရှိလိမ့်မည်ဟု ယုံမှားသံသယ ရှိလျှင်ဖြစ်စေ အကျွန်ုပ်တို့အား အစဉ်သနားသည်ကို အကြောင်းပြု၍ ပြောဆိုကြကုန်လော့၊ အပြစ်မြင်သည်ရှိသော် ထိုအပြစ်ကို အကျွန်ုပ်ကုစား ပါအံ့’ ဟု သုံးကြိမ်တိုင်တိုင် ဖိတ်ကြားရသည်။

    ထို့နောက် အစဉ်အတိုင်း သီတင်းငယ်သော ရဟန်းတို့ကလည်း အထက်ပါအတိုင်း လက်အုပ်ချီကာ ‘အရှင်ဘုရားတို့၊ သံဃာကို ဖိတ်ကြားပါ၏’ ဟု သုံးကြိမ်ရွတ်ဆို၍ ‘အပြစ်ရှိလျှင် ပြောကြပါ’ ဟု အချင်းချင်း အပြန်အလှန် ဖိတ်ကြားရသည်။ ဤ ပဝါရဏာ ပြုခြင်းသည် ဘုရားရှင် လက်ထက်ကပင် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေစဉ် ရဟန်းတစ်စု အချင်းချင်း မခေါ်မပြော နေထိုင်သည်မှ အစပြုခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ပဝါရဏာ ပြုခြင်း သဘောမှာ သံဃောတော်များ အချင်းချင်း အပြစ်မမြင်ကြဘဲ ညီညွတ်စွာ နေထိုင်ခြင်း သုပ္ပဋိပန္နောဂုဏ်ကို လက်တွေ့ကျင့်သုံးကြခြင်းပင် ဖြစ်လေသည်။

    ထို မြင့်မြတ်သော ရဟန်းသံဃာတို့အချင်းချင်း ပူဇော်ခြင်းမှ အစပြု၍ ငယ်သူမှ ကြီးသူကို လည်းကောင်း၊ တပည့်က ဆရာကို လည်းကောင်း၊ သားသမီးက မိဘကို လည်းကောင်း ပူဇော် ကန်တော့ခြင်းများသည် သီတင်းကျွတ်လ၏ မွန်မြတ်သော ပုံရိပ်တစ်ခု ဖြစ်ကြောင်းကို စာဆိုကျော် ဖိုးသူတော် ဦးမင်း၏ ဆယ့်နှစ်ရာသီဘွဲ့ သဖြန်၌

        ကြာငါးမည်ကြိုင်သင်းလို့
        လျှံဝင်းတဲ့ ပြောင်ထိန်။
        ရွှေနန်းတောင် တော်ဦးမှာလ
        ကွန့်မြူးမြင့်မို မီးညီးတဲ့ခါချိန်။
        ရှိခိုးငယ်ဦးနှိမ်၊ သုံးကြိမ်ရိုပြောင်း
        သက္ကစ္စဂါရဝါနှင့် စဉ်အလာပူဇော်ပွဲကို၊ ခဲ့ကြပေတောင်း။ ဟူ၍ ဖွဲ့ဆိုခဲ့လေသည်။

    ရဟန်းသံဃာတို့သည် ဝါတွင်းသုံးလပတ်လုံး ကျောင်းသင်္ခန်းမှ မခွာဘဲ ရဟန်းကျင့်ဝတ် သီလကို တည်ဆောက်သည်။ ထိုအစဉ်အလာကိုအကြောင်းပြု၍ သာမန်လူတို့ကလည်း ထိုဝါတွင်း သုံးလတွင်း၌ ထိမ်းမြားမင်္ဂလာ ပြုခြင်းကို ရှောင်ကြဉ်ကြပြီး ဥပုဒ်သီတင်းသီလ ဆောက်တည်ကြ လေသည်။ ဝါလကင်းလွတ် သီတင်းကျွတ်သော အခါမှသာ လူတို့၏ ဓလေ့အတိုင်း အိမ်ရာ တည်ထောင်ခြင်းကို ပြုကြသဖြင့် သီတင်းကျွတ်ပြီးလျှင် ထိမ်းမြားမင်္ဂလာပွဲများကို ကျင်းပလေ့ ရှိသည်။

    ထို့ကြောင့် ဝါလကင်းလွတ် သီတင်းကျွတ်အချိန်အခါတွင် မိမိထက်အသက်ကြီးသူများ၊ ဆရာ၊ မိဘ၊ ဘိုးဘွားများကို ပူဇော်ကန်တော့ခြင်းများပြုကာ ဆီမီးထွန်းပူဇော်ပွဲများကိုလည်း ရှေးယခင်ကထက် ပိုမိုစည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ကြပြီး မြန်မာ့ရိုးရာ ဆယ်နှစ့်ရာသီ ပွဲတော်များထဲမှ သီတင်းကျွတ်ပွဲတော်ကို ပျော်ရွင်စွာ ကျင်းပနိုင်ကြပါစေဟု မေတ္တာဆုမွန် ပို့သအပ်ပါသည်။

လင်းယံခ (မြန်မာစာ)

0 comments: