မိုးစက်ဒိုင်ယာရီ ၂


မိုး
စကားလုံးက တစ်လုံးတည်းပါ။
တစ်ခါတစ်လေ ရုတ်တရက် ရောက်လာတတ်တယ်။
တစ်ခါတစ်လေ သူ့ရဲ့ ရှေ့တော်ပြေး လေညင်းတို့နဲ့အတူ ရောက်လာတတ်တယ်။
တစ်ခါတစ်ခါကျရင်တော့ မထင်ထားသလို စိတ်ဆိုးမာန်ဆိုးနဲ့ ရောက်လာပြန်ရော။

ဘယ်လိုပဲ ဆိုဆို....
မိုးကို လူတိုင်းက ချစ်ကြတယ်။
မိုးကို လူတိုင်းက မျှော်ကြတယ်။
မိုးက လူတိုင်းကို အေးမြမှုပေးတယ်။
မိုးက လူတိုင်းကို စိတ်အပန်းဖြေမှု ပေးတယ်။
သူကျလာတဲ့ မညီညာတဲ့ မိုးစက်ကျသံ လေးတွေက ကာရန်ညီနေတဲ့ တေးသွား တစ်ပုဒ်လိုပါပဲ။

ကျွန်တော် မိုးကို ချစ်တာ တစ်ခုရှိတယ်။
မိုးစကျချိန် ရှူရှိုက်ရတဲ့ မြေသင်းရနံ့...
တစ်ချို့က မိုးနံ့လို့လည်း ခေါ်ကြတယ်။
မြေသင်းရနံ့လေးရရင် သူလာတော့မယ် ...
တစ်ဖြည်းဖြည်းချင်း သူဆင်းလာတယ်....
တစ်စက်... ဟော နောက်တစ်စက်....
ဒီလိုနဲ့ သူဟာ ရောက်လာလေ့ရှိတယ်....

မိုးဟာ ကျွန်တော်တို့နဲ့ တူတယ်။
မိုးဟာ ကျွန်တော်တို့ကို ပညာပေးတယ်။
မိုးစက်ကလေးတွေဟာ တစ်စက်ပြီး တစ်စက် ကျလာရင်းနဲ့ မိုးရေတွေဆိုပြီး များလာတယ်။
ကျလာပုံချင်းလည်း မတူသလို အရွယ်အစားချင်းလည်း မတူကြဘူး။
ဒါပေမယ့်....
စုစည်းလိုက်တော့ တူညီတဲ့ ပမာဏတစ်ခု ရရှိတယ်။

ဒီလိုပါပဲ...
ကျွန်တော်တို့ ငယ်စဉ်ကတည်းက ပညာတွေ သင်ကြားခဲ့ရတယ်။ ကျောင်းပညာရော၊ ဗဟုသုတပညာရော၊ လောကီပညာရော၊ လောကုတ္တရာ ပညာရော၊ ပညာများစွာ စုံလို့....
ပညာအမျိုးအစား မတူကြဘူး။ ရရှိနိုင်တဲ့ နေရာချင်းလည်း မတူကြဘူး။
ဒါပေမယ့်.... တူညီတာတစ်ခုက မိမိဘဝ တိုးတက်ရေးမှာ အထောက်အကူ ပြုတဲ့ အချက်ပဲ။

မိုးလည်း ရွာလာရော ငယ်ငယ်က ဆိုခဲ့ဖူးတဲ့ ကဗျာလေး တစ်ပုဒ် နှုတ်က အလိုလို ရေရွတ်မိတယ်။

မိုးရွာရင် မိုးရေချိုးမယ်
မေမေလာရင် နို့စို့မယ်
ဖေဖေလာရင် အုန်းသီးခွဲစားမယ်....

ဒီညမိုးရွာတဲ့အချိန် ခံစားမိတဲ့ မိုးစက်ဒိုင်ယာရီရဲ့ ခံစားချက်တစ်ခုပါပဲလေ....

လင်းယံခ မြန်မာစာ
(မိုးစက်ဒိုင်ယာရီ ၂)

0 comments: