အချစ်ကံခေလွန်းသူများအတွက် စန်းပွင့်စေသောနည်းတစ်ခု

တစ်နေ့သ၌ ကွန်ုပ်၏ အခန်းတွင်းသို့  ကိုထွန်းဟု အမည်ရသောသူသည် ကျွန်ုပ်၏ တပည့်တစ်ဦးနှင့်အတူ အလည်ရောက်ရှိလာလေ၏။ ကျွန်ုပ်၏ တပည့်ကလေးမှ သူ၏ သူငယ်ချင်း ကိုထွန်းနှင့် ကျွန်ုပ်အား မိတ်ဆက်ပေးလေ၏။ သူသည် စကားပြောလျှင် လွန်စွာပွင့်လင်းဖော်ရွေစွာ ပြောဆိုတတ်သော အညာသားတစ်ဦးလည်း ဖြစ်လေ၏။
သူ့ကို ကြည့်ရသည်မှာလည်း လွန်စွာ ရိုးသားပုံရလေ၏။ အသောက်အစားလည်း ကင်းပုံရ၏။ အလုပ်ကိုလည်း သူများထက်ပို၍ ရိုးရိုးသားသား ကြိုးစားပုံရလေ၏။ သူသည် ကျွန်ုပ်ထံသို့ ရောက်ရှိခိုက်တွင် ဗေဒင်မေးသွားမည်ဟုဆိုကာ ကျွန်ုပ်ဗေဒင်ဟောပြောသော ခုံရှေ့တွင် ၀င်ရောက်ထိုင်လေ၏။

ကျွန်ုပ်ကလည်း ၎င်း၏အမည် ၊ မွေးနေ့ ၊ မွေးသက္ကရာဇ်များကို အရင်ဆုံး မေးမြန်းလိုက်၏။ ၎င်းကလည်း သူ၏အမည်နှင့် မွေးသက္ကရာဇ်ကို ပြောပြ၏။ အိမ်ထောင်ရှိလား မရှိဘူးလားဟု ကျွန်ုပ်က မေးလိုက်၏။ ထိုအခါ ကိုထွန်းက အခုဆရာ့ဆီမှာ ဗေဒင်မေးချင်တာလဲ အဲဒီကိစ္စပဲဆရာ၊ ကျွန်တော့်မှာ အိမ်ထောင်မရှိပါဘူး။ လူပျိုကြီးပဲ ဆိုပါတော့ဆရာရယ်။ အခု ကျွန်တော့်ကို ဗေဒင်တွက်ပေးရင်လည်း တခြားထွေထွေ ထူးထူးတွေလည်း တွက်ပေးမနေပါနဲ့။ တစ်ခုပဲ သိချင်တာပါ။ အဲဒါကတော့ ကျွန်တော် မိန်းမလိုချင်တယ် ဆရာရယ်။ အဲဒါ အိမ်ထောင်ကျကိန်းလေး ဘာလေး ရှိလား မရှိဘူးလား တွက်ပေးပါဟု စကားကို အနည်းငယ်မျှ သွယ်ဝိုက်ခြင်းမရှိဘဲ ဒဲ့တိုးကြီး ပြောလေတော့၏။ ထိုအခါ ကျွန်ုပ်က

ကောင်းပြီ ကိုထွန်း၊ ခင်ဗျားကို အိမ်ထောင်ရေး အကြောင်း ကျွန်တော် ဟောပေးပါ့မယ်။ ခင်ဗျား ရည်ရွယ်ထားတဲ့ ချစ်သူက ဘာနေ့သမီးလဲ၊ သူ့ မွေးနေ့ မွေးသက္ကရာဇ်ကရော ဘယ်လောက်လဲ ပြောဟု ကျွန်ုပ်က ပြန်မေးလိုက်လေလျှင် ကိုထွန်းက ကျွန်တော့်မှာ ရည်းစားလဲ မရှိပါဘူး၊ ချစ်သူလည်း မရသေးပါဘူးဟု ပြုံးဖြီးဖြီးနှင့် ပြန်ပြောလေ၏။ ထိုအခါ ကျွန်ုပ်မှ ဟာ... ကိုထွန်းကလဲဗျာ၊ ခင်ဗျားမှာ ရီးစားလည်းမရှိ ချစ်သူလဲမရှိဘဲနဲ့ ကျွန်တော်  ခင်ဗျားကို ဘယ်လိုအိမ်ထောင်ရေး ဟောပေးရမှာလဲဗျ။ အိမ်ထောင်ပြုချင်တယ်ဆိုရင် မိန်းမ လိုချင်တယ်ဆိုရင်တော့ အရင်ဆုံး ချစ်သူ ရီးစားတစ်ယောက်လောက် ရအောင် အရင်ရှာလိုက်ဗျာ။ ဟုတ်ပြီလား။ ခင်ဗျားမှာ ချစ်သူတစ်ယောက်လောက် ရပြီဆိုရင် ကျွန်တော့်ဆီ ပြန်လာခဲ့။ အဲဒီအခါကျမှ ကျွန်တော်က ခင်ဗျားတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေး ကံဇာတာ ကောင်းမကောင်း သေသေချာချာ တွက်ပေးမယ် ဟုတ်ပြီလားဟု ကျွန်ုပ်က ပြန်ပြောလိုက်လေလျှင် ကိုထွန်းက...

အဲဒါပေါ့ ဆရာရဲ့။ ရှင်းရှင်းပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင်တော့ ကျွန်တော်က မိန်းမလိုချင်တယ် ဆရာရယ်။ ဒါပေမယ့် ကျွန်တော့်ကို ဘယ်သူမှ ပြန်မကြိုက်ဘူး ဆရာ။ အဲဒါကြောင့် မိန်းကလေးတွေက ကျွန်တော့်ကို ၀ိုင်းပြီးကြည်အောင် ကြိုက်အောင် ချစ်အောင် ဘယ်လို လုပ်ရမလဲဆရာရယ်။ ကူညီပေးပါဟု ကိုထွန်းက ကျွန်ုပ်အား အားကိုတကြီး လှမ်းကြည့်ပြီး ပြောလေ၏။ ထိုအခါ ကျွန်ုပ်က မိန်းမ ကြိုက်အောင် လုပ်တဲ့နည်းတော့ မရှိဘူးဗျ။ မိန်းမတွေ မုန်းတဲ့နည်းတော့ ရှိတယ်ဟု ကျွန်ုပ်က ပြန်ပြောလိုက်လေလျှင် ကိုထွန်းက ဟာ... ဆရာကလည်းလေ ကျွန်တော်က မိန်းမ ကြိုက်တဲ့နည်းကို လိုချင်တာပါဆို၊ ဆရာက မိန်းမမုန်းတဲ့နည်း ပေးမယ်ဆိုတော့ ဆရာ့ကို ဘယ်လို နားလည်ရမှန်းတောင် မသိတော့ဘူးဟု ပြန်ပြောလေ၏။ ထိုအခါ ကျွန်ုပ်က

အော် .... ကိုထွန်းရယ်။ ခင်ဗျားကလည်း တော်တော်ပိန်းတာပါပဲ။ ဒါကြောင့် ခင်ဗျား မိန်းမ မရတာနေမှာ၊ ကျွန်တော် တကယ်ပြောတာပါဗျာ။ ကျွန်တော့်ဆီမှာ ရှိတာက မိန်းမတွေ မချစ်ပဲ မုန်းအောင် ရွံအောင် လုပ်တဲ့နည်းတော့ တကယ်ရှိပါတယ်ဗျာ။ အဲဒါသာ ယူသွားပေတော့။ မုန်းတဲ့၊ ရွံတဲ့နည်းတွေကို ပြောင်းပြန်လုပ်လိုက်၊ အဲဒါဆိုရင် မိန်းမ ချစ်တဲ့နည်းပေါ့ဗျဟု ကျွန်ုပ်က ပြန်ပြောလိုက်လေ၏။ ထိုအခါ ကိုထွန်းက ကဲပါဗျာ။ မရရတဲ့နည်းပဲ ယူသွားတော့မယ် ပြောပြပေတော့ဟု ကျွန်ုပ်အား ပြန်ပြောလေ၏။ ထို့ကြောင့် ကျွန်ုပ်လည်း အင်တာနက်စာမျက်နှာများတွင် ဖတ်ရသော မိန်းမများ မုန်းသောနည်း၊ ရွံသောနည်းများကို အောက်ပါအတိုင်း ပြောပြလိုက်လေတော့၏။

 - ကိုယ့်အောင်မြင်မှုကို ပါးစပ်ဖျားက မချတမ်းပြောရင် မိန်းမတွေက မုန်းတတ်တယ်ဗျ။
 -  ခေါင်းလိမ်းဆီကို ရွဲနစ်နေအောင် လိမ်းတတ်ရင်လည်း မိန်းမတွေက မုန်းတတ်တယ်ဗျ။
 -  ဆီများရွဲနစ်နေသော ဆံပင်တွင် ဘောက်များကပ်နေရင်လည်း မိန်းမတွေက မုန်းတတ်တယ်ဗျ။
 -  ရေမချိုးဘဲ အနံ့ပြင်းပြင်းထွက်နေရင်လည်း မိန်းမတွေက မုန်းတတ်တယ်ဗျ။
 -  နှာခေါင်းထဲက အမွေးများ နှာခေါင်းပေါက်အပြင်ထိ ရှည်ထွက်နေရင်လည်း မိန်းမတွေက မုန်းတတ်တယ်ဗျ။
 -  လေကြီးပြီး ကြွားဝါတတ်ရင်လည်း မိန်းမတွေက မုန်းတတ်တယ်ဗျ။
 -  မိန်းကလေးများကြားတွင် မျက်နှာပန်းလှသည်ဟု ကိုယ်ကိုကို ထင်နေရင်လည်း မိန်းမတွေက မုန်းတတ်တယ်ဗျ။
 -  အရာရာတွင် တွန့်တိုတတ်ပြီး အထူးသဖြင့် မိန်းကလေးနှင့်အပြိုင် တွန့်တိုတတ်ရင်လည်း မိန်းမတွေက မုန်းတတ်တယ်ဗျ။
 -  အာပုပ်စော်နံရင်လည်း မိန်းမတွေက မုန်းတတ်တယ်ဗျ။
 -  ငွေကြေးအားကိုးပြီး မြက်နုကြိုက်သော နွားအို...အဲလေ..ယောက်ျားမျိုးတွေကိုလည်း  မိန်းမတွေက မုန်းတတ်တယ်ဗျ။
 -  လက်ရဲ ဇက်ရဲ တဏှာယောက်ျားမျိုးဆိုရင်လည်း မိန်းမတွေက မုန်းတတ်တယ်ဗျ။
 -  မိန်းကလေးနှင့် တခါချိန်းတွေ့ပြီး ဟိုလိုလို ဒီလိုလို ထင်အောင် ပြောတတ်ရင်လည်း မိန်းမတွေက မုန်းတတ်တယ်ဗျ။
 -  ချက်အောက်ပိုင်း အရာများဖြင့် အမြဲဟာသ လုပ်ပြောတတ်ရင်လည်း မိန်းမတွေက မုန်းတတ်တယ်ဗျ။
 -  မိန်းကလေးအထာ ငါနှပ်တယ်ဟု အမြဲပြောတတ်ရင်လဲ မိန်းမတွေက မုန်းတတ်တယ်ဗျ။
 -  ကြမ်းတမ်းသော ယောက်ျား။ အထူးသဖြင့် ပါးစပ်ပြောရင် လက်ပါ ပါတတ်သော ယောက်ျားမျိုးတွေကိုလည်း မိန်းမတွေက မုန်းတတ်တယ်ဗျ။
 -  ရုပ်ကိုချစ်တာ မဟုတ်ဘူး.. စိတ်ထားကို ချစ်တာဟု မိန်းကလေးတိုင်းကို ပြောတတ်သော ယောက်ျားတွေကိုလည်း မိန်းမတွေက မုန်းတတ်တယ်ဗျ။
 -  အိုင်တွေ့တိုင်း ခြေဆေးတတ်သော ယောက်ျားတွေကိုလည်း မိန်းမတွေက မုန်းတတ်တယ်ဗျ။
 -  ဘာမဆို ငါသိတယ် တတ်တယ်ဟု ထင်နေသော ယောက်ျားတွေကိုလည်း မိန်းမတွေက မုန်းတတ်တယ်ဗျ။
 -  စကားပြောပြီးနောက် နုတ်ခမ်းဘေးတွင် တံထွေးမြုပ်များ ကပ်ကျန်ခဲ့တတ်သော ယောက်ျားတွေဆိုရင်လည်း မိန်းမတွေက မုန်းတတ်တယ်ဗျ။
 -  ဆေးလိပ်သောက် ကွမ်းစားပြီး သွားများ မည်းညစ်နေသော ယောက်ျားတွေကိုလည်း မိန်းမတွေက မုန်းတတ်တယ်ဗျ။
 -  မိန်းမ၏ စေညွှန်ရာတွင် ကနေရသော ယောက်ျားမျိုးဆိုရင်လည်း မိန်းမတွေက မုန်းတတ်တယ်ဗျ။
 -  စကားတစ်ခွန်းကို ကွေ့ကောက်လိမ်ပတ်ပြီး သုံးခွန်းဖြစ်အောင် ပြောတတ်သော ယောက်ျားမျိုးကိုလည်း မိန်းမတွေက မုန်းတတ်တယ်ဗျ။
 -  ပိုက်ဆံရှိသော မိန်းကလေးများကိုသာ ရွေးချစ်တတ်သော ယောက်ျားမျိုးကိုလည်း မိန်းမတွေက မုန်းတတ်တယ်ဗျ။
 -  မိန်းမဆန်ဆန် ၀တ်စားတတ်သော ယောက်ျားမျိုးကိုလည်း မိန်းမတွေက မုန်းတတ်တယ်ဗျ။
 -  အ၀တ်အစားကို တင်းကျပ်နေအောင် ၀တ်တတ်သော ယောက်ျားမျိုးကိုလည်း မိန်းမတွေက မုန်းတတ်တယ်ဗျ။
 -  ရှိသမျှလက်ချောင်းတွင် ရွေလက်စွပ်များ စွပ်ထားတတ်သော ယောက်ျားမျိုးကိုလည်း မိန်းမတွေက မုန်းတတ်တယ်ဗျ။
 -  အင်္ကျီကြယ်သီး သုံးလုံးအထက်ကို မတပ်ဘဲ ကိုယ့်ကို ဆက်စီလုပ်ချင်သော ယောက်ျားမျိုးကိုလည်း မိန်းမတွေက မုန်းတတ်တယ်ဗျ။
 -  ချိန်းတွေ့တိုင်း မိန်းကလေးများကို အကုန်အကျခံစေသော ယောက်ျားမျိုးကိုလည်း မိန်းမတွေက မုန်းတတ်တယ်ဗျ။

ကျွန်ုပ်သည် အထက်ပါအတိုင်း အင်တာနက်တွင် ဖတ်ရဘူးသော စာများကို ကိုထွန်းအား စီကာပတ်ကုံး ပြောဆိုပြလိုက်လေလျှင် ကိုထွန်းက အမလေးဆရာရယ် ဘာမျှလဲ မကျန်တော့ပါလား။ ဒါဆို ကျွန်တော်က မိန်းကလေးတွေ ကြိုက်အောင် ဘယ်လိုနေရပါတော့မလဲဟု ပြန်ပြောလေ၏။

ထို့နောက် ကိုထွန်းက ဒီလိုပါ ဆရာရယ်။ ကျွန်တော်က ဆရာ့ဆီက အကူအညီတောင်းချင်တာပါ။ ကျွန်တော့်ကို မိန်းကလေးတွေ အများကြီးက ၀ိုင်းကြိုက်အောင်လဲ မလိုချင်ပါဘူး။ အဲဒီလောက်ထိ စန်းမပွင့်ရင်လည်း နေပါစေ။ ကျွန်တော် လိုချင်တာက ကောင်းကောင်းမွန်မွန် ရိုးရိုးသားသား မိန်းကလေး တစ်ဦးလောက်နဲ့ ရေစက်ဆုံချင်တာပါပဲ။ အဲဒီ မိန်းကလေး တစ်ဦးနဲ့ပဲ ရေစက်ဆုံ၊ ပြီးတော့ အဲဒီမိန်းကလေးကိုပဲ လက်ထပ်ချင်တာပါ။

အဲဒီလို ကျွန်တော်က ပြောတော့ ဆရာက ကျွန်တော့်ကို ခင်ဗျားက မကြိုးစားလို့လို့ အပြစ်တင်ချင်လည်း တင်ချင်နေမယ်။ ကျွန်တော်လည်း ကျွန်တော် တတ်နိုင်သလောက် ကြိုးစားတာပါပဲ ဆရာရဲ့။ ဘယ်လိုကြောင့်များလည်း မသိပါဘူး။ မိန်းကလေးတွေက ကျွန်တော့်ကိုဆို ရှောင်ပြီးတော့ကို ပြေးကြတာ ဆရာရေ။ ဒါကြောင့် ဆရာတို့ပညာမှာ စန်းပွင့်အောင်လုပ်တဲ့ ယတြာနည်းရှိတယ်ဆိုတာ ကျွန်တော်ကြားဖူးပါတယ်။ အဲဒီလို နည်းလေးနဲ့ ကျွန်တော့်ကို စန်းပွင့်အောင် ကူညီပေး စေချင်တာပါ ဆရာရယ်။ အဲဒါ ကျွန်တော်လိုချင်တဲ့ အကူအညီပါပဲဟု ကိုထွန်းက ပြန်ပြောလေ၏။ ထိုအခါ ကျွန်ုပ်က...

အော် အဲဒီလိုလား၊ အဲဒီလို ဆိုရင်လည်း ပြောပြောက စောရောပေါ့ဗျာ။ အခုတော့ ခင်ဗျားက ကျွန်တော့်ကို မိန်းမကြိုက်အောင် ဘယ်လိုလုပ်ရလဲဆိုပြီး မေးခွန်းထုပ်တော့ ကျွန်တော်ကလည်း ကြားဖူးနားဝနဲ့ ရမ်းတုတ်ရတာပေါ့။ ယတြာတောင်းတာဆိုရင်လည်း စောစောကတည်းက ယတြာပေးပါလို့ ပြောပေါ့၊ အဆောင်တောင်းတာ ဆိုရင်လည်း အဆောင်ပေးပါလို့ ပြောရောပေါ့ ကိုထွန်းရယ်ဟု ကျွန်ုပ်က ပြန်ပြောလိုက်ပြီးလျှင် အောက်ဖော်ပြပါ ပီယစန်းပွင့်စေသော ယတြာနည်းကို ကိုထွန်းအား ပြည့်စုံစွာ ပြောပြလိုက်လေတော့၏။

အောက်ဖက်တွင် ဖော်ပြသောနည်းသည် အချစ်ကံ ခေလွန်းသူများအတွက် နည်းတစ်ခု ဖြစ်ပါသည်။ များသောအားဖြင့် အိမ်ထောင်ပြုချင်ပါလျှက်နှင့် ဖူးစာရှင်မတွေ့၊ ကြိုက်မည့်သူ ခိုက်မည့်သူမရှိပဲလျှက် အချစ်ရေးတွင် ကြံစည်တိုင်း လွဲချော်နေသော အပျိုကြီးလူပျိုကြီးများအတွက် ဖြစ်ပါသည်။ တမင်သက်သက် အပူမရှာချင်သောကြောင့် အိမ်ထောင်မပြုချင်သောကြောင့် အဖော်မရှာ သူများကို မဆိုလိုပါ။ အချစ်ရေး ကံခေလွန်းပြီး မည့်သည့်မိန်းကလေး မည့်သည့်ယောက်ျားလေးကိုပဲ ရည်ရွယ်ရည်ရွယ် ရည်ရွယ်တိုင်း အဆင်မပြေဖြစ်၊ နောက်ဆုံးကျန်ရစ်ဖြစ် ဂေါ်မစွံသော အမျိုးကောင်းသား အမျိုးကောင်းသမီးများအတွက် ရည်ရွယ်ပြီး ဖော်ပြပေးလိုက်ပါတယ်။

အချစ်ကံခေလွန်းနေသူများ အထူးသတိပြုဖွယ်...

မိတ်ဆွေ.... အရင်ဆုံး သင်နေသော အခန်းထဲမှာ အနောက်တောင်ထောင် အရပ်ဘက်မှာ ရှုပ်ပွနေတယ်၊ နံစော်နေတယ်၊ မသန့်မရှင်း ဖြစ်နေတယ်ဆိုရင် သင်၏ အချစ်ရေး မေတ္တာရေး မကောင်းဘူးလို့ ဆိုထားတယ်။ နောက်ပြီး အဲဒီထောင့်က နံရံမှာ နိမိတ်မကောင်းတဲ့ ပန်းချီ ၊ဓာတ်ပုံတွေ ချိတ်ဆွဲထားရင်လည်း မကောင်းဘူးဗျ။ ဒါကြောင့် အရင်ဆုံး အဲဒီထောင့်ကို ကောင်းကောင်းလေး ပြင်ဆင်ရမယ်။ နိမိတ်ကောင်းတဲ့ လှပတင့်တယ်ပြီး ရှု့ချင်စဖွယ်ရှိတဲ့ ဓာတ်ပုံတွေ ပန်ချီတွေ ပိုစတာတွေ ကပ်ရမယ်။ ဖြစ်နိုင်ရင် လင်းလက်တဲ့ မီးလုံးမီးအိမ် တစ်ခုခု ထွန်းထားလိုက်ပါ။

အချစ်ကံခေလွန်းနေသူများအတွက် ယတြာနည်း

သင်နေသောအခန်းထဲက အနောက်တောင်ထောင်တွင် ထောင့်ကပ်စာပွဲငယ်တစ်လုံး ထိုအပေါ်တွင် လည်တံရှည်ပန်းအိုး တစ်လုံးတင်ပါ။ အဖြူရောင် ကြွေပန်းအိုးလေး ဖြစ်ရမယ်။ အခြားသော မြေပန်းအိုး ကြေးပန်းအိုး စတီးပန်းအိုး သတ္တုပန်းအိုးများ မရပါ။ ကြွေပန်းအိုးဖြစ်ရမယ်။ အဲဒီပန်းအိုးလေးထဲမှာ နှင်းဆီပန်းအနီ ရိုးတံရှည် အရွက်အနည်းငယ်ပါ တစ်ပွင့် ထိုးစိုက်ထားရမယ်။  နှင်းဆီပန်း အစစ်ဆိုရင် ပိုကောင်းတယ်။ နောက်ဆုံး ပန်းအစစ်မရမှ အတုကို သုံးနိုင်ပါသည်။ ပန်းအတု သုံးတယ်ဆိုရင်တော့ အဲဒီနှင်းဆီပန်းကို ရေမွှေးဆွတ်ဖြန်ပေးရမည်။ အစစ်က ပိုကောင်းသည်။  နှင်းဆီပန်းက ပွင့်အာနေရမည်။ နှင်းဆီပန်းညှိုးနွမ်းပါက အသစ်လဲပေးရမည်။ ဟောင်းသွားပါက အသစ်လဲပေးရမည်။ အဲဒီလို ဆောင်ရွက်ထားခြင်းဖြင့်  အချစ်ရေး အဆင်မပြေသူများ အချစ်ရေး အဆင်ပြေမည်။ အချစ်ကံကောင်းခြင်းများ ဖြစ်မည်။ စန်းအားနည်းနေသူများ စန်းပွင့်မည်။

ကျွန်ုပ်သည် အထက်ပါယတြာကို ဂေါ်မစွံ လူပျိုကြီးကိုထွန်းအား လွန်ခဲ့သော ခြောက်လခန့်က ပြောပြခဲ့ခြင်း ဖြစ်ပါသည်။ ယနေ့တွင် ကိုထွန်းသည် ကျွန်ုပ်ထံသို့ ဖိတ်စာတစ်ဆောင်ကို လာပြီး ပေးပို့ခဲ့၏။ သူသည် အိမ်ထောင်ကျပြီ ဖြစ်၏။ မင်္ဂလာဆောင်သည် လာမည့် (၃၀)ရက်နေ့တွင် ဖြစ်သည်။ ကျွန်ုပ်အား လာဖြစ်အောင်လာပါဟု ကိုထွန်းကဖိတ်၏။ ထို့နောက်ကျွန်ုပ်၏ အခန်းထောင့် အနောက်တောင် ထောင့်ဘက်ကို လှမ်းကြည့်လိုက်ရင်း ဆရာ့အခန်း အနောက်တောင်ထောင့်မှာလဲ ခုံကလေးတစ်လုံးချပြီး နှင်းဆီပန်းအိုးလေး တစ်လုံးလောက် ထိုးထားရင် ကောင်းမယ်ထင်တယ် ဆရာဟိန်းရေဟု ကျွန်ုပ်အား မထိတထိ ကလိလိုက်ကာ သူ၏မင်္ဂလာဆောင်ကို ဆက်ဆက် လာဖြစ်အောင် လာပါဟု ထပ်ကာထပ်ကာ ဆိုရင်း မော်ကြွားသော အပြုံးများဖြင့် ပြန်သွား လေတော့သတည်း။



ဆရာဟိန်းတင့်ဇော်

0 comments: